သတင်း

တက္ကသိုလ်ဝင်တန်း ဖြေမည့် ကျောင်းသားများအတွက် ပလက်ဝ၌ လျှပ်စစ်မီး ၂နာရီပိုပေး

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ် AAတို့ တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်ရှိ အထက်တန်းစာမေးပွဲ ဖြေဆိုရမည့် ကျောင်းသားများအတွက် လျှပ်စစ်မီး အချိန်၂နာရီပိုပေးထားကြောင်း ချင်းပြည်နယ် စည်ပင်သာ ယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ဧရာဝတီသို့ ပြောကြားသည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသည့် အချိန်မှ စ၍ အစိုးရက ပေးသည့် မီးစက်ဖြင့် တနေ့ လျှင် ၃ နာရီသာ လျှပ်စစ်မီး သုံးစွဲခွင့်ရကြရာမှာ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလမှစ၍ မီးပေးချိန် ၂နာရီထပ်တိုးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဦးစိုးထက်က “လျှပ်စစ်မီးကတော့ အခု ဒီဇယ်ဆီက ပလက်ဝမြို့ပေါ်ရောက်သွားပြီ အခု၁၀တန်းစာမေးပွဲ ဖြေတဲ့ ကာလလေးမှာ ပြည်ထောင်စုက ခွင့်ပြုချက်နဲ့ နောက်ထပ် တနာရီ မတ်လ ၅ရက်နေ့ကနေ ၁၉ရက်နေ့ အထိ တနေ့ကို ၅နာရီပေးပါမယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် အထက်တန်းဖြေဆိုမည့် ကျောင်းသားပေါင်း ၂၆၈၈ဦးရှိပြီး မြို့ပေါ်စာစစ်ဌာန ၄ခုနှင့် ဆမီးမြို့နယ်ရှိ စာစစ်ဌာန ၁ခုတို့တွင် ဖြေဆိုကြမည်ဖြစ်သည်။

တိုက်ပွဲဖြစ်နေသည့် ပလက်ဝအောက်ပိုင်းရှိ ကျေးရွာများမှ အထက်တန်းဖြေဆိုကြမည့် ကျောင်းသားများသည် လုံခြုံရေးအရ ပလက်ဝမြို့ပေါ်ရှိ ဆွေမျိုးမိတ်ဆွေများအိမ်၊ ဘုန်းကြီးကျောင်းများတွင် ယာယီနေထိုင်ကာ စာမေးပွဲ ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဦးစိုးထက်က “လုံခြုံရေးကိစ္စကတော့ တော်တော်ကို ခက်ခဲတဲ့အနေအထားရောက်နေပါတယ်။ အားလုံး က ကျီးလန့်စာ စားနေရတယ်။ စားဝတ်နေရေးမပြေလည်ဘူး။ အားလုံးခက်ခဲနေတယ်။ တိုက်ပွဲကလည်း ကြို့ ကြား ပစ်တာခတ်တာတော့ ရှိနေသေးတယ်” ဟု ဆိုသည်။

ပလက်ဝမြို့နယ်၌ ယခင်နှစ်(၂၀၁၈ခုနစ်)က အထက်တန်းအောင်မြင်မှုနှုန်း အနည်းငယ်တိုးတက်လာခဲ့သော် လည်း ယခုနှစ်တွင် တိုက်ပွဲများကြောင့် တက်လာနိုင်သည့်အခြေအနေ မရှိပါဟု ပလက်ဝ မြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက သုံးသပ်သည်။

၎င်းက“တိုက်ပွဲကြောင့်လေ သင်ကြားရေးကအစ အစအဆုံးအထိ မတက်နိုင်ကြဘူး။ စာမေးပွဲခန်းစောင့်မယ့် ဆရာ၊ ဆရာမတွေအတွက်လည်း အခက်အခဲတွေရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဒါတွေကို အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ထားတာရှိပါတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း ၃၈၄ ကျောင်းရှိသော်လည်း ဆရာ၊ ဆရာမများ မရှိသည့်အတွက် ၂၀၁၉ ခုနှစ် စာသင်နှစ်တွင် ကျောင်းပေါင်း ၂၁၂ ကျောင်း ပိတ်ထားရ ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ထရွန်အိုင်ကျေးရွာမှ စာမေးပွဲလာဖြေသည့် ကျောင်းသားတဦးက “စာလည်းကောင်းကောင်းမရသေးပါဘူး။ အရင်က ကျက်ထားတာတွေပဲ ပြန်ဖြေရမှာပဲ။ အသံတွေကြားလို့ ပြေးလိုက် ကျောင်းပျက်လိုက်၊ ကျောင်းတက် လိုက်ဆိုတော့ စာလည်း ဘာမှ မသိတော့ဘူး” ဟု ဆိုသည်။

ထို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၏ နယ်မြေ လုံခြုံရေးပိုဆိုးလာသောကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မတ်လ ၉ ရက်နေ့မှ စပြီး သက်တမ်း ၂ လ ထပ်တိုးကြောင်း ပလက်ဝမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ပလက်ဝမြို့နယ်တွင် ညမထွက်ရ အမိန့်ကို ပထမအကြိမ်အဖြစ် ၂၀၁၉ခုနစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် လည်း ကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ခုနှစ်၊ဇန်နဝါရီလ ၉ ရက်နေ့တွင်လည်းကောင်း ထုတ်ပြန်ခဲ့ပြီး ယခု မတ်လ ၉ရက်နေ့တွင် တတိယအကြိမ် ထပ်မံသက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

ရခိုင်ပြည် လွတ်လပ်ရေး ရရင် တောင်ယာတွေ မလုပ်ခိုင်းတော့ဘူးတဲ့

Loading