ရန်ကုန်တိုင်းရှိ အထည်ချုပ် လုပ်ငန်းများတွင် အလုပ်သမားများကို လုပ်ခလစာ မပေးဘဲ နိုင်ငံခြားသား လုပ်ငန်းရှင် ထွက်ပြေးမှုသည် စက်ရုံ ၂ ရုံအထိ ရှိလာခြင်းက စိုးရိမ်ဖွယ်ရာ ဖြစ်လာဟု အလုပ်သမားရေးရာ ဆောင်ရွက်ပေးနေသော အဖွဲ့များက ပြောသည်။
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ Su Xing အထည်ချုပ်စက်ရုံနှင့် ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၂ မှ Myanmar Royal Apollo အထည်ချုပ် စက်ရုံ လုပ်ငန်းရှင်များသည် မတ်လ ၅ ရက်နေ့ လစာပေးရက် မတိုင်ခင် စက်ရုံ ကို ပစ်ထားကာ နိုင်ငံခြားသို့ ထွက်ပြေး တိမ်းရှောင်မှုများ ဖြစ်ပွားခဲ့သည်။
ယခုဖြစ်စဉ်မျိုးသည် အစဉ်အလာတခု ဖြစ်မလာသေးသော်လည်း သက်ဆိုင်ရာ အလုပ်သမား ဦးစီးဌာနမှ တာဝန်ရှိသူ များ အနေဖြင့် သေချာစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း လွှတ်တော် လူမှုရေးနှင့် စီမံ ခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဖြစ်သူ ဦးညီညီက ပြောဆိုသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမည့် ပုဂ္ဂိုလ်များကို တွေ့သည်အခါတွင် မြန်မာနိုင်ငံအတွင်းရှိ အလုပ်ရှင်၊ အလုပ်သမား စည်းမျဉ်း စည်းကမ်းများကို သေချာစွာရှင်းပြပြီး ယခုဖြစ်စဉ်မျိုးလို မဖြစ်ပေါ်စေရေး အတွက် အသိပေးရန် လိုအပ်ကြောင်း၊ ထိုသို့ မဟုတ်လျှင် အနည်းနှင့်အများ ဖြစ်ပေါ်လာနိုင်မည် ဖြစ်ကြောင်း၊ ဖြစ်လာသည့်အခါ အလုပ်သမားများမှာ များစွာ နစ်နာ ရပြီး အစိုးရက မဖြေရှင်းပေးနိုင်လျှင် ဆန္ဒဖော်ထုတ်မှုများအထိ ဖြစ်ပေါ်စေနိုင်ကြောင်း သူက ပြောသည်။
တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည့် ဦးညီညီက“မဖြစ်ခင် ကြိုတင်တွေ့ဆုံ ပြီး မြို့နယ်အဆင့် တာဝန်ရှိသူတွေကအစ ဆွေးနွေးထားဖို့ လိုတယ်။ ဥပဒေဆိုတာ ဖြစ်ပြီးမှ စည်းမျဉ်းစည်းကမ်းအရ သွားရတာ။ မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ လိုတယ်။ နိုင်ငံခြားသား အလုပ်သမားပဲဖြစ်ဖြစ်၊ အလုပ်ရှင်ပဲဖြစ်ဖြစ် သက်ဆိုင်ရာ မြို့နယ် အလုပ်သမား ဦးစီးဌာနဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့က ဝန်ကြီးတွေဖြစ်စေ တွေ့ဆုံ၊ ဆွေးနွေးပြီး အပြန် အလှန် ကတိကဝတ်တွေ ယူထားဖို့လိုတယ်”ဟုလည်း ပြောဆိုသည်။
ထိုကဲ့သို့ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် အလုပ်ရှင်က အလုပ်သမားများကို လုပ်ခလစာမပေးဘဲ ထွက်ပြေး ခြင်းမျိုး ဖြစ်ပေါ်လာလျှင် အဆိုပါ နိုင်ငံခြားသား၏ သက်ဆိုင်ရာ သံရုံးများတွင်လည်း တာဝန်ရှိကြောင်း၊ တာဝန်ခံပေး ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။
ယခင်နှစ်ပိုင်းများတွင် အလုပ်သမားများက လုပ်ငန်းရှင် ထွက်ပြေးနိုင်ခြေကိုသိရှိပြီး အစိုးရ အာဏာပိုင်များကို တိုင်ကြား ခဲ့သဖြင့် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်းကာ ထိုအလုပ်ရှင် ပြည်ပသို့ ထွက်မပြေးနိုင်ရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ အလုပ်သမားများအနေဖြင့်လည်း မိမိတို့ လုပ်ငန်းခွင်နှင့် လုပ်ငန်းရှင်၏ အနေအထားများကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း သူက ပြောဆိုသည်။
ထို့ပြင် လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ တခုတည်းဖြင့် ဆောင်ရွက်၍ မရသည့် ကိစ္စဖြစ်လာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) နှင့် အစိုးရအဖွဲ့၏ တာဝန်ယူမှု၊ တာဝန်ခံမှုများလည်း ပါဝင်လာပြီ ဖြစ်ကြောင်း ဒေါ်ဖြိုးစန္ဒာစိုးက ဆက်ပြောသည်။
ဒေါ်ဖြိုးစန္ဒာစိုးက“ကျမတို့အဖွဲ့အနေနဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များအသင်းနဲ့ တွေ့ဖို့ ချိန်းထားတယ်။ အဲ့ဒီအခါ ဒီကိစ္စ ထည့်ပြောမယ်။ နောက် တရုတ်သံရုံးကိုလည်း တွေ့ဖို့ ကြိုးစားမယ်။ တနိုင်ငံနဲ့ တနိုင်ငံ စီးပွားရေး လုပ်သော် ငြားလည်း ဒါကိုတော့ သူတို့(တရုတ်သံရုံး)လည်း တာဝန်ခံဖို့ လိုတယ်။ အလုပ်သမားတွေကို လုပ်ငန်းရှုံးလို့ ဆိုပြီး ပြီးစလွယ် ထားခဲ့ဖို့ မသင့်ဘူး”ဟု ဆိုသည်။
၎င်းကဆက်လက်၍“အရင်က လုပ်ငန်းရှင် ထွက်ပြေးတယ်ဆိုတာ စားပွဲပေါ် ရောက်လာလောက်တဲ့အထိ ဆွေးနွေး ရအောင် ကိန်းဂဏန်း မရှိခဲ့ဘူး။ ဒီတခေါက်ကတော့ လာမယ့် မတ်လ ၁၃ ရက်နေ့မှာ နေပြည်တော်မှာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ဆိုပြီး ၃ ပွင့်ဆိုင်အဖွဲ့တွေ ဆွေးနွေးပွဲရှိတယ်။ အဲ့ဒီမှာ ဒီလိုဖြစ်တဲ့ဟာနဲ့ ဆွေးနွေးဖို့ ကျမတို့မှာ ရှိတယ်။ ဒါကို ဘယ်လို ကာကွယ်မလဲ။ တားဆီးမလဲပေါ့”ဟုလည်း ပြောဆိုသည်။
သို့ရာတွင် ရွှေပြည်သာမြို့နယ် အလုပ်ရှင်နှင့် အလုပ်သမား စစ်ဆေးရေး ဦးစီးဌာနက ဦးစီးအရာရှိ ဦးဇော်ဇော်လတ် ကမူ အလုပ်ခွင်အတွင်းရှိ လူ့စွမ်းအား အရင်းအမြစ်ဌာန မန်နေဂျာနှင့်တကွ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများသည် အလုပ်ရှင် ၏ ဝန်ထမ်းများဟု ဆိုသော်လည်း လက်တွေ့တွင် မိမိတို့ ဌာနဆိုင်ရာများနှင့် လက်တွဲပူးပေါင်းရန် လိုအပ် သည်ဟု ပြောသည်။
အထူးသဖြင့် ယခုလို အလုပ်ရှင်၏ စီမံခန့်ခွဲမှု မူမမှန်ခြင်း၊ ထွက်ပြေးတိမ်းရှောင်ရန် အခြေအနေများ ရှိလာပါက ၎င်းတို့ သည် အနီးကပ်နေရသူများ ဖြစ်သည့်အတွက် လုပ်ငန်းရှင်၏ အခြေအနေအပေါ် အကဲခတ်ပြီး မိမိတို့ ဌာနဆိုင်ရာနှင့် ပူးပေါင်း ဆောင်ရွက်သင့်သည်ဟု ဦးဇော်ဇော်လတ်က ဆက်လက် ပြောဆိုသည်။
ဦးဇော်ဇော်လတ်က“အခု ရွှေပြည်သာက စက်ရုံဆိုဗျာ။ သူတို့လာပြောတာ လစာထုတ်ရက် နေ့လယ်ပိုင်းမှ။ ကျနော်တို့ လူဝင်မှု ကြီးကြပ်ရေးဌာနဲ့ စိစစ်လိုက်တော့ မနေ့ (မတ်လ ၄) ညကတည်းက ဘန်ကောက်ကို ထွက်သွားတာ။ အဲ့ဒီ တော့ ကျနော်တို့ ဘယ်လိုမှ မတားဆီးနိုင်တော့ဘူး။ အောက်က အလုပ်သမားတွေအနေနဲ့ သူဌေး(အလုပ်ရှင်) မရှိလဲ သူတို့မှာ (HR- မန်နေဂျာ)မှာ တာဝန်ရှိတယ်လို့ ယူဆရော။ သူတို့လည်း အမှန်က လခစား ဝန်ထမ်းပဲလေ။ ကိုယ့် အလုပ်ရှင် အခြေအနေ သူတို့က အနီးကပ်နေရတာ။ သူတို့ အချိန်မီ ကျနော်တို့နဲ့ ပူးပေါင်းဖို့လိုတယ်”ဟုလည်း ပြော ဆိုသည်။
ရွှေပြည်သာစက်မှုဇုန် ရှိ တရုတ်နိုင်ငံသားပိုင်ရှင် ထွက်ပြေးသည့် Myanmar Royal Apollo စက်ရုံ၏ မြေပိုင်ရှင်သည် မြန်မာနိုင်ငံသား တဦး၊ စက်ရုံပိုင်ရှင်အဖြစ် အလုပ်သမား ဦးစီးဌာနသို့ ပေးပို့ထားသူသည် မြန်မာနိုင်ငံသား ဦးအောင် ကျော်မင်း ဆိုသူဖြစ်ပြီး အမှန်တကယ် လုပ်ကိုင်နေသူသည် တရုတ်နိုင်ငံသား မစ္စတာ လီလီ ဆိုသူဖြစ်ကြောင်း ဦးဇော်ဇော်လတ်က ပြောသည်။
၎င်းတို့ထံသို့ ပေးပို့ထားသည် စက်ရုံပိုင်ရှင် ဦးအောင်ကျော်မင်း ဆိုသူ၏ လိပ်စာနှင့် ဖုန်းနံပါတ်များထံသို့ ဆက်သွယ် သော်လည်း အဆိုပါ လိပ်စာတွင် မရှိတော့ကြောင်း၊ သို့ရာတွင် စက်ရုံပိုင်ရှင် အမည်ပေါက်သူကလည်း တာဝန်ရှိသည့် အတွက် အလုပ်သမား ဦးစီးဌာနအနေဖြင့် အဆိုပါ အမည်ပေါက်သူကို တရားစွဲဆိုသွားမည်ဟု သူက ဆက်ပြောသည်။
ရန်ကုန်တိုင်း အတွင်း၌ အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမားဦးရေ ၅ သိန်းကျော် အထိ ရှိပြီး တရုတ် အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယား အထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ် စက်ရုံ ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက သိရသည်။
You may also like these stories:
မြန်မာအတွက် လိုအပ်နေဆဲ EU ကုန်သွယ်မှု အထူးအခွင့်အရေး
Great Well ဖိနပ်စက်ရုံ အငြင်းပွားမှု ကြားဝင်ဖြေရှင်းပေးရန် ရန်ကုန်တိုင်းအစိုးရထံ တောင်းဆို
ကုန်ကြမ်းပြတ်မှု ကြာရှည်ပါက အထည်ချုပ်စက်ရုံများ ပိတ်သိမ်းသည်အထိ ရှိလာနိုင်