သတင်း

နိုင်ငံ့အရေးကို စိတ်ဝင်စားကြရန် လူထုကို နိုင်ငံတော်၏ အတိုင်ပင်ခံ တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

ပြည်သူ လူထုအနေဖြင့် နိုင်ငံ့အရေးကို ပိုမိုစိတ်ဝင်စားစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့၌ မတ်လ ၁၀ ရက်က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် လူထုကို တိုက်တွန်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် က “နိုင်ငံအတွက် အရေးကြီးတာဟာ ပြည်သူလူထုဟာ နိုင်ငံရေးမှာစိတ်ဝင်စားဖို့ပါပဲ။ နိုင်ငံရေး ဆိုတာ ကျမ တို့က ပါတီနိုင်ငံရေးကို ပြောတာမဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးကို ပြောတာပါ။ နိုင်ငံနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ၊ အဲဒီအထဲမှာ ပါတီနိုင်ငံရေး လည်းပါတယ်။ အစိုးရအရေးလည်း ပါတယ်။ အများကြီးပါပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။

မိမိတယောက်တည်း၊ မိမိ၏ မိသားစုအသိုက်အဝန်းသာမက တနိုင်ငံလုံးနှင့် သက်ဆိုင်သည့် ကိစ္စများကိုလည်း စိတ်ဝင်စားမှသာလျှင် ပြည်သူများသည် ရင့်ကျက်သည့် နိုင်ငံကြီးသားများ ဖြစ်သည်ဟု ဆိုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

နိုင်ငံကြီးသားဆိုသည်မှာ ပြည်သူ၊ ပြည်သားများ၏ အတွေးအခေါ် မည်မျှမြင့်မားပြီး မည်မျှ ရင့်ကျက်သည် ဆိုသည့်အပေါ်တွင် မူတည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းပြသည်။

၎င်းက “ဆက်ပြီးတော့လည်း စိတ်ပါဝင်စားမှုရှိပါ။ ဆက်ပြီးတော့လည်း ကိုယ့်နိုင်ငံရဲ့ အရေး တွေကို နားလည်အောင်၊ ကျွမ်းကျင်အောင် ကြိုးစားကြပါ” ဟု ဆိုသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်ဇေယျကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောဆိုချက်သည် မှန်ကန်ကြောင်း ပြောဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးအပေါ် လူထု၏ စိတ်ဝင်စားမှုသည် မြင့်တက်ခဲ့သော်လည်း ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ၂ ကြိမ်တွင် မဲပေးမှုမျာလည်း လျော့ကျခဲ့သဖြင့် လူထု၏ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုသည် နည်းပါးလာသည်ဟု ယူဆကြောင်း ဦးကျော်ဇေယျ က ပြောသည်။

ဦးကျော်ဇေယျ က “အန်ကယ်သိသလောက်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကျတော့ လူထုက နဲနဲစိတ်ဝင်စားလာတဲ့ သဘောရှိတယ်။ အန်ကယ့်အမြင်ပေါ့။ နိုင်ငံတော်အတိုင်ပင်ခံ ပြောတာ မှန်တာပေါ့။ ဒါက သူကြားသိတဲ့ ရလဒ်အပေါ် အခြေခံပြီး ပြောတာလို့ ထင်ပါတယ်” ဟု မှတ်ချက်ပေးသည်။

ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့် ကမူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောဆိုချက်သည် သဘောတရားအရ မှန်ကန်သော်လည်း နိုင်ငံရေးတွင် လူထု စိတ်ဝင်စားမှု မြင့်တက်လာရန် အစိုးရက ဦးဆောင်ကာ မူဘောင်များ၊ ပြည်သူလူထု ပါဝင်နိုင်သည့် နိုင်ငံရေး အခင်းအကျင်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း ပြောဆိုသည်။

ပြည်သူလူထု နိုင်ငံရေးတွင် စိတ်ဝင်စားမှု မြင့်တက်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အားကောင်းရန် လိုအပ်သည်ဟုလည်း ဆိုသည်။

လက်ရှိအချိန်တွင် ၂၀၁၀ ခုနှစ်ကထက် ကန့်သတ်ချက် အများအပြားမရှိသော်လည်း ကန့်သတ်ချက်အချို့ ရှိနေဆဲ ဖြစ်ကြောင်း ကိုစိုင်းရဲကျော်စွာမြင့်က မှတ်ချက်ပေးသည်။

၎င်းက “ပြည်သူလူထုက နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရဖို့ ဆိုရင် သတင်းအချက်အလက်လိုတာကိုး။ သတင်း အချက်အလက်တွေသိဖို့လိုတယ်။ Analysis တွေ နားထောင်ဖို့လိုတယ်။ မီဒီယာတွေက လွတ်လွတ်လပ်လပ် ပြောခွင့်မရရင် ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်မှုက အဟောသိကံ ဖြစ်မှာပဲ” ဟု ပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေဖြင့် ပြည်သူကို နိုင်ငံရေး အသိအမြင် ရှိရန် ယင်းသို့ တိုက်တွန်း နေသော်လည်း ၎င်းပါတီ၌တွင်မူ မီဒီယာ နှင့် ဆက်သွယ်ရန်ထားရှိသည် ပြောခွင့်ရပုဂ္ဂိုလ် စီမံမှုအပေါ် ဝေဖန်ခံနေရသည်။

ယခင်က NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် အဖြစ် ပါတီ၏ ဒုဥက္ကဋ္ဌလည်းဖြစ် မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း ဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါက်တာ မျိုးညွန့်တို့ ထားရှိထားသော်လည်း ယခုအခါ မီဒီယာနှင့် အချိန်ပြည့် ထိတွေ့ဆက်ဆံနိုင်သည့် ဒေါက်တာမျိုးညွန့်ကို တာဝန်မှ ရပ်စဲလိုက်ပြီး အလုပ်တာဝန်များ များပြီး ကျန်းမာရေးချို့ယွင်းနေသည့် ဒေါက်တာဇော်မြင့်မောင် တဦးတည်းကိုသာထားရှိသည်။

ထို့ကြောင့် NLD ၏ ဆောင်ရွက်မှုများကို လူထုက အချိန်နှင့် တပြေးညီ သိရှိခွင့်နှင့် ပတ်သက်ပြီး မေးခွန်းထုတ် နေကြခြင်း ဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ထားသော ၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက် စစ်တမ်းတွင် စစ်တမ်းဖြေဆိုသူ၏ ၃၄ ရာခိုင်နှုန်းသာ နိုင်ငံရေးကို စိတ်ဝင်စားသည်ဟု ဖြေဆိုခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါစစ်တမ်းသည် တွေ့ဆုံမေးမြန်းမှုပေါင်း ၂၉၇၈ ခုကို အခြေခံကာ ရေးသားထားခြင်းလည်း ဖြစ်သည်။

စစ်တမ်းအရ ၃၄ ရာခိုင်နှုန်းသာ နိုင်ငံရေးတွင် စိတ်ဝင်စားသည်ဟု ဖော်ပြနေခြင်းမှာ လူထုက နိုင်ငံရေးတွင် စိတ်ဝင်စားမှု နည်းနေသည်ကို ဖော်ပြနေခြင်းဖြစ်ပြီး ပြည်သူ့ရှေ့ဆောင် ပါတီအနေနှင့် လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမပေးဘဲမနေကြရန် တိုက်တွန်းနေကြောင်း ဦးကျော်ဇေယျက ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် လူဦးရေ ၃၇ သန်းကျော် ရှိပြီး ယင်းတို့အနက် ၄ သန်းကျော်မှာ ပထမဆုံးအကြိမ် မဲပေးမည့် လူငယ်မဲပေးသူများ ဖြစ်ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

You may also like these stories:

ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး ရှုံးနိမ့်၊ ယနေ့ ပြင်ချက် ပုဒ်မ ၁၅ ခုလုံး ပြင်ခွင့်မရ

ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရေးနှင့် ကာ/လုံ ပြင်ဖွဲ့ဖို့ မနက်ဖြန် မဲခွဲမည်

ခြေ/ဥ ပြင်နေစဉ် အမျိုးသားရေး လှုပ်ရှားသူများ နေပြည်တော်၌ အင်အားပြ

Did you find apk for android? You can find new Free Android Games and apps.
Loading