လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီက ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ ယနေ့တွင် ပုဒ်မ တခုမှ ပြင်ဆင်နိုင်ခြင်း မရှိသည့် ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ အမြင်တွင် တပ်မတော် ပုံရိပ် ကျဆင်းမည်ကို စိုးရိမ်ကြောင်း အတိုက်အခံ ကြံ့ခိုင်ရေးပါတီ အမတ်က ပြောသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ကို ဒုတိယနေ့ ဆက်လက် မဲပေးကြစဉ် ပုဒ်မ တခုမှ မပြင်ဆင်နိုင်ခဲ့သည့်အပေါ် ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးသောင်းအေးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဦးသောင်းအေး က “ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို လက်ရှိ အာဏာရပါတီက ပြင်ဖို့ ကြိုးစားတယ်။ တပ်မတော်က ပူပေါင်းပါဝင်မှု မရှိတဲ့ အတွက် မအောင်မြင်ဘူးဆိုတဲ့ Image ကတော့ အထိုက်အလျောက်တော့ တက်လာမှာ ပေါ့လေ။ ပြည်တွင်းတင် မဟုတ်ဘဲနဲ့ ပြည်ပပါ ရောက်သွားမှာကို အန်ကယ်က စိတ်ပူတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “တယောက်နဲ့တယောက် အမြင်မတူတာလေးတွေကို ညှိနှိုင်းသွားတော့မှပဲ လုပ်ဖို့ လိုပါတယ်။ ဒီတိုင်း သွားလို့ ကတော့ ဒီတိုင်းပဲ ဖြစ်နေမှာပဲ။ ဒီတိုင်းပဲ ပြီးသွားရင် ပြဿနာ မဟုတ်ဘူး။ ဒီ Image ကို ကြည့်ပြီးတော့မှ မြန်မာနိုင်ငံမှာ တပ်မတော်က လွှမ်းမိုးထားတဲ့အတွက် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတောင် မပြင်နိုင်ပါဘူးဆိုတာကို နိုင်ငံတကာကို Message ပေးချင်သလား” ဟု ပြောသည်။
အာဏာရပါတီ အနေဖြင့် အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းထက် နိုင်ငံသူ၊ နိုင်ငံသားများ၏ ဘဝ အခြေအေ နကို သေချာသိရှိအောင် ဆောင်ရွက်ပြီး လူနေမှု ဘဝများ တိုးတက်အောင် အရင် ကြိုးစားသင့်ကြောင်း၊ ထိုသို့ ကြိုး စားဆောင်ရွက်သည့်နေရာတွင် အခြေခံ ဥပဒေကြောင့် သက်ရောက်မှုများ ရှိပါက အားလုံး ညှိနှိုင်းတိုင်ပင် ၍ ဆောင်ရွက်သင့်ကြောင်း ယင်းကြံ့ခိုင်ရေးပါတီအမတ်က ပြောသည်။
လက်ရှိ အခြေအနေ အခင်းအကျင်းကို ကြိုတင်မှန်းဆထားပြီး ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ပြင်သင့်ပြင်ထိုက်သည့် အချိန်တွင် ပြင်သင့်ပြင်ထိုက်သည်ဟု ယုံကြည်သဖြင့် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြောသည်။
ဦးအောင်ကြည်ညွန့် က “ဒီနေ့ ပြင်လို့ မရဘူးဆိုတဲ့ အဖြေဟာ အင်မတန် လေးနက်တဲ့ အဖြေတခုကို ရပြီဆိုတာ ကတော့ အဖြေထွက်လာ တာပေါ့။ တခုမှ ပြင်ဆင်လို့ မရဘူးဆိုတဲ့ အခြေအနေဟာ အင်မတန် လေးနက်တဲ့ အဖြေတခုကို ရရှိလိုက်တယ်လို့ပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ စိတ်ဓါတ်မကျပါဘူး။ အန်ကယ်တို့က လက်ရှိ ရှိနေတဲ့ အခြေအနေမျိုးမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို တကယ် သွားမယ်ဆိုရင် ပြင်သင့်ပြင်ထိုက်တဲ့ အခြေအနေတွေဟာ တဆင့်ချင်း တဆင့်ချင်း ပြင်သွားနိုင်မယ်ဆိုရင် ပြင်သွားတာကို လက်ခံမယ်ဆိုရင် အလားအလာ ကောင်းတာပေါ့။ အခုလို အခြေ အနေမျိုး မှာတောင် တဆင့်ချင်း ပြင်လိုတဲ့ ဆန္ဒမရှိဘူးဆိုတဲ့ အဖြေမျိုး ထွက်လာတာပေါ့” ဟု ပြောသည်။
ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ပုဒ်မပေါင်း ၁၆ ခုကို ပြင်ဆင်ရာ ကြံ့ခိုင်ရေးပါတီက တင်သွင်းသည့် ပုဒ်မ ၄ ခု၊ NLD ပါတီက တင်သွင်းသည့် ပုဒ်မ ၁၂ ခု တို့ကို ပြင်ဆင်ရန် ကြိုးစားရာ ပုဒ်မအားလုံးသည် မဲပေးသူစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်း မရရှိသဖြင့် ပုဒ်မ တခုမှ ပြင်ဆင်နိုင်ခြင်း မရှိပါ။
NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် က “တပ်မတော်ရော၊ USDP ရော တခြား တိုင်းရင်းသား ပါတီ တွေကရော သူတို့ ရပ်တည်ချက်အတိုင်းပဲ ဆက်ပြီး ရပ် တည်မှာ ဖြစ်လို့ နောက်လာမယ့် နောက်ရက်တွေမှာလည်း လိုအပ်တဲ့ ၇၅ ရာခိုင်နှုန်းကျော် ရရှိဖို့ဆိုတာကတော့ တော်တော်လေးကို အခွင့်အလမ်း နည်းသွားတယ်လို့ ကျနော် မြင်ပါတယ်” ဟု ပြောသည်။
အခြား NLD ပါတီမှ ကိုယ်စားလှယ်တဦး ဖြစ်သူ ဒေါက်တာ လှမိုးကလည်း “ဒီနေ့ မဲခွဲဆုံးဖြတ်တဲ့ ရလဒ်ကို ကြည့်မယ် ဆိုလို့ရှိရင် ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ ၈၅ ရာခိုင်နှုန်းအထက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်တဲ့ ပြင်ဆင်လိုတဲ့၊ ပယ်ဖျက်လိုတဲ့ ဥပဒေပုဒ်မတွေကို ရွေးကောက်ခံ ကိုယ်စားလှယ်ရဲ့ ၈၅ ရာခိုင်နှုန်း အထက် က ထောက်ခံမဲ ပေးခဲ့ပေမယ့် ဒီနေ့ ပြင်ဆင်လို့ မရခဲ့ဘူးပေါ့။ ဒါ အင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်ပေါ့” ဟု သတင်းထောက်များကို ပြောသည်။
ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ ကိုယ်စားလှယ် ၆၃၅ ဦး တက်ရောက်ခဲ့သည်။
You may also like these stories:
အခြေခံ ဥပဒေ ပြင်ဆင်ရန် ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးအဆို မဲခွဲ အတည်ပြုလိုက်ပြီ
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှ ကြံ့ခိုင်ရေး ပါတီဝင်၂ ဦး ထပ်မံနုတ်ထွက်