မန္တလေးတိုင်း ဒေသကြီးတွင် လာမည့် နွေရာသီ၌ သောက်သုံးရေ ပြတ်လပ်နိုင်သည့် ကျေးရွာ ၅၀ ကျော်အတွက် ကျပ် ၂၄ သန်းကျော် သုံးစွဲ၍ ရေဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
သောက်သုံးရေ ပြတ်လပ်နိုင်သည့် မြို့နယ် ၉ မြို့နယ် ရှိရာ တောင်သာ၊ တံတားဦး၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ မြင်း ခြံ၊ ညောင်ဦး၊ ငါန်းဇွန်၊ မတ္တရာ၊ ရမည်းသင်းမြို့နယ်များမှ ကျေးရွာပေါင်း ၅၆ ရွာထိ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။
၎င်းက “ကြိုတင် ခန့်မှန်းထားချက် အရတော့ ကျေးရွာ ၅၀ ကျော် ရှိတာပေါ့နော်။ ပြီးခဲ့တဲ့ မိုးနှောင်းကလည်း မိုးရေရရှိမှု နည်းခဲ့တာကို။ အဲဒီလိုနည်းတော့ မိုးရေလှောင်ကန်တွေ တော်တော်များများ ခမ်းကုန်တယ်။ အဓိက သောက်ရေပြတ်လပ် မှု ဖြစ်တာပေါ့” ဟု ဆိုသည်။
နွေရာသီတွင် သောက်သုံးရေ ပြတ်နိုင်သည့် မြို့နယ် ၉ မြို့နယ်မှ ကျေးရွာ ၅၆ ရွာတွင် အိမ်ခြေ ၉၆၇၅ ၊ လူဦးရေ ၄၃၉၄၆ ဦးထိရှိပြီး ရေဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျပ်သန်း၂၄ ဒသမ ၉၉၀၁ သုံးစွဲသွားမည် ဖြစ်ကြောင်း သိရ သည်။
ဦးစိုးသန်းက “အဓိကတော့ သောက်ရေပေါ့။ သုံးရေက လုံလောက်အောင်တော့ ရနေပါတယ်။ ကျနော်တို့အနေနဲ့ ရေရဖို့ အတွက်ကို မြေအောက်ရေကိုပဲ အဓိက လုပ်ပေးရတာပေါ့” ဟု ဆက်လက် ပြောသည်။
အဆိုပါ မြို့နယ်များမှ တောင်သာ၊ တံတားဦး၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး စသည့် မြို့နယ်များသည် သောက်သုံးရေ ပြတ်လပ်မှု နှစ်စဉ်ကြုံတွေ့နေရပြီး ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များရှိ ကျေးရွာများမှာ အများဆုံး ဖြစ်ကြောင်း ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။
ယခင်နှစ်က နွေရာသီ သောက်သုံးရေ ပြတ်လပ်နိုင်သည့် ကျေးရွာ ၄၉ ရွာ ရှိနိုင်ကြောင်း ခန့်မှန်းခဲ့သော်လည်း အမှန် တကယ် ကူညီပေးခဲ့ရသည့် ရွာ ၆၆ ရွာ ရှိပြီး ယခုနှစ်တွင်လည်း ခန့်မှန်းထားချက်များထက် ပို၍ များနိုင်ကြောင်း သိရ သည်။
လက်ရှိ အချိန်တွင်လည်း ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း သောက်သုံးရေ ရှားပါးလျက် ရှိနေသဖြင့် ပုပ္ပားတောင်ကလပ်မှ တဆင့် ပေးဝေသောရေကို အလှည့်ကျ တန်းစီစနစ်ဖြင့် နေ့စဉ် သယ်ယူနေကြရသည် ဟု ဒေသခံများက ပြောသည်။
ကျောက်ပန်းတောင်း မြို့နယ် ဂွေးချို ရွာမှ ဒေသခံ ဦးကျော်နိုင်က “အခု ရွာက သောက်သုံးရေ ရှားလာလို့ ပုပ္ပားတောင် က လပ်ကနေ ပိုက်နဲ့သွယ်ပြီး ပေးတဲ့ရေကို တနေကုန် အလှည့်ကျ တန်းစီပြီး သယ်ယူနေရပြီ။ ရာသီဥတုက အရမ်းပူလာ တော့ မိုးရေကန်တွေမှာလည်း ရေခမ်းလာသလို အဝီစိတွင်း ရေတွေကလည်းက မထွက်တော့ သောက်သုံးရေ ရအောင်လို့ လူတယောက် သီးသန့်ထားပြီးကို တန်းစီနေရတယ်။ ဒါမှ သောက်သုံးရေရမှာ ဆိုတော့လည်း အိမ်က တယောက် အလုပ် ပျက်ခံရတာပေါ့ဗျာ” ဟု ပြောဆိုသည်။
မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၄ သန်းခေါင်စာရင်း အရ လူဦးရေ ၆၁ သိန်းကျော် နေထိုင်ပြီး ကျေးရွာပေါင်း ၄၇၈၀ ရှိ ကာ အပူပိုင်းဒေသ ဖြစ်သောကြောင့် အချို့ ကျေးရွာများတွင် မတ်လဆန်းပိုင်းမှ စတင်၍ သောက်သုံးရေ ရှားပါးမှုများ ကြုံ တွေ့နေရကြောင်း သိရသည်။
You may also like these stories:
စည်းကမ်းနဲ့ အရှက်မဲ့သူတွေကို ပညာလည်းပေး အရေးလည်းယူပါ
သိမ်ဖြူဈေးရှေ့ ရေနုတ်မြောင်းအတွင်း အမှိုက်ပစ်ပါက မြန်မာ့မီးရထား အရေးယူမည်