ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း စားနပ်ရိက္ခာ ပြတ်တောက်လုနီးပါး ဖြစ်နေသဖြင့် ဒေသခံ အရပ် သားများ စုပေါင်းကာ ကော်မတီတရပ်ဖွဲ့ပြီး ဆန်သယ်နိုင်ရန် ညှိနှိုင်းနေကြသည်ဟု သတင်း ရရှိသည်။
ဆန် သယ်ယူနိုင်ရေး အတွက် ဖွဲ့စည်းလိုက်သည့် ပလက်ဝမြို့နယ် စားနပ်ရိက္ခာသယ်ယူရေး ကော်မတီ ဥက္ကဌ ဦးစိန်ထွန်းလှက“ကျနော်တို့က အရပ်သားတွေချည်းပဲ အရပ်သား စက်လှေတွေနဲ့ သယ်ယူဖို့ ညှိနှိုင်းနေတာပါ။ မနက်ဖြန်ကျရင် ပလက်ဝမြို့ စက်လှေအသင်း ဥက္ကဌနဲ့လည်း အစည်းအဝေး လုပ်ပါမယ်။ ဘယ်လို သယ်ယူလို့ ရမလဲဆိုတာကို ညှိနှိုင်းကြမှာပါ။ ဆန်မရရင် အကုန်ရိက္ခာတွေ ပြတ်ကုန်ကြတော့မှာ”ဟု ပြောသည်။
အဆိုပါ ကော်မတီတွင် ပလက်ဝမြို့ ရပ်ကွက် ၄ ခုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေး ဆရာများ၊ သာသနာရေး ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။
ဦးစိန်ထွန်းလှက“သယ်ခွင့်ရရင် လှူထားတဲ့ ဆန်တွေကို ကျနော်တို့က ပလက်ဝထဲ အရင်သယ်မယ်။ ပလက်ဝအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့နဲ့ WFP က လှူထားတဲ့ ဆန်အိတ်တွေကလည်း ရခိုင်မှာ ရှိနေတယ်”ဟုလည်း ပြောသည်။
ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်မှ ထွက်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည့် အခြေခံ စားသောက် ကုန်များနှင့် ဓာတ်ဆီ၊ ဒီဇယ်ဆီများကို ကျောက်တော်မြို့မှ ဝယ်ယူသုံးစွဲ နေရသည့်မြို့ ဖြစ်သည်။
ကျောက်တော်နှင့် ပလက်ဝသို့ ဆက်သွယ်ထားသည့် လမ်းများမှာ တိုက်ပွဲများကြောင့် ပိတ်ဆို့နေပြီး ကုန်ပစ္စည်းများ အဓိက သယ်ယူသည့် ကုလားတန်မြစ်ကြောင်းမှာလည်း တိုက်ပွဲများကြောင့် သွားလာ၍ မရပါ။
ရိက္ခာသယ်ယူသည့် လမ်းများမှာ ဖေဖော်ဝါရီ ၆ ရက်မှစ၍ ပြတ်တောက်နေပြီး ပလက်ဝမြို့နယ်အတွင်း အခြေခံ စားသောက်ကုန်များလည်း သာမာန်ဈေးထက် သုံးဆခန့် မြင့်တက်သွားသည်။
ဖေဖော်ဝါရီ တတိယပတ်ကတည်းက ငွေကြေးတတ်နိုင်သူများက ဆန်ဝယ်နိုင်သော်လည်း ငွေကြေးမတတ်နိုင်သူများက ဆန်ကွဲများ ဝယ်ယူ စားသုံးနေရသည်ဟု ဆိုသည်။
ပလက်ဝမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ ခု၊ ကျေးရွာ ၃၈၀ ကျော်ရှိပြီး လူဦးရေ ၁ သိန်းကျော် နေထိုင်ကြောင်း သိရ သည်။
လူဦးရေ ၁ သိန်းကျော်အနက် ၆ သောင်းခန့်မှာ စစ်ဘေးဒဏ်သင့်နေသည်ဟုလည်း ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောဆို ထားသည်။
စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀ ကျော်ခိုလှုံနေသည့် မီးဇာကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဟွေးလော့က“ကျနော်တို့မှာ လည်း ရွာခံရော စစ်ဘေးရှောင်ရော ဆန်ခက်ခဲနေပြီ။ တချို့က စားစရာရှိတယ်။ တချို့က မရှိတော့ဘူး။ မနေ့က ရှိသမျှ ပိုက်ဆံစုဆောင်းပြီး ရှင်းလက်ဝကနေ ဆန်သွားဝယ်ကြတာ တအိတ်ကို ၁ သိန်း ၁ သောင်း ၅ ထောင် ပေးရ တယ်”ဟု ပြောပြသည်။
မတ်လကုန်အထိ ဆန်သယ်ယူမည့် လမ်းကြောင်း ပြတ်တောက်နေပါက ရိက္ခာလုံးဝ ပြတ်တောက် သွားတော့မည်ဟု လည်း ဦးဟွေးလော့က ပြောသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပလက်ဝမြို့နယ်သို့ ပို့ရန် ချင်းပြည်နယ် အစိုးရနှင့် ချင်း အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းကာ ဆန်အိတ် ၆၀၀ ပို့ထား သော်လည်း ဆမီးမြို့တွင် သောင်တင်နေသည်မှာ တလခန့်ရှိပြီဟု ပြောသည်။
ဆမီးမြို့သည် ပလက်ဝမြို့နယ်အတွင်းရှိ မြို့တမြို့ဖြစ်ပြီး ပလက်ဝမြို့နှင့် မိုင် ၄၀ ခန့် ကွာဝေးသည်။
ပလက်ဝမြို့နှင့် ဆမီးမြို့သို့သွားသည့် လမ်းတလျှောက်တွင်လည်း AAတပ်ဖွဲ့ဝင်များ ရှိသဖြင့် ဆန် မပို့နိုင်ခြင်း ဖြစ်သည်ဟု ဦးစိုးထက်က ဆိုသည်။
ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ ပလက်ဝ စစ်ဘေးရှောင်ဒုက္ခသည်များ အတွက် လှူဒါန်းထားသည့် ဆန်အိတ် ၂၀၀၀ မှာလည်း ကျောက်တော်မြို့တွင် ရှိနေပြီး ချင်းပြည်နယ် အစိုးရအဖွဲ့မှ ပလက်ဝသို့ ဝယ်ယူ ပို့ပေးမည့် ဆန်အိတ် ၄၀၀၀ ကျော်မှာလည်း စစ်တွေမြို့တွင် ရှိနေသည်ဟု ဦးစိုးထက်က ပြောဆိုသည်။
ချင်းပြည်နယ်အစိုးရကလည်း အစိုးရ၏ အစီအစဉ် ဆန်များ ကုလားတန်မြစ်အတိုင်း သယ်ယူရန်နှင့် တပ်မတော်က လုံခြုံရေး ယူပေးရန် ပြည်ထောင်စု အစိုးရထံ စာတင်ထားသည်ဟု သိရသည်။
ဦးစိုးထက်က“အရပ်သားတွေ သယ်လို့ မရဘူး။ လမ်းမှာ AA က စောင့်ကြပ်နေတာရှိတယ်။ အသေးစိတ်တော့ ကျနော် ပြောလို့ မဖြစ်ပါဘူး။ လုံလောက်တဲ့ အစောင့်အရှောက်နဲ့ သွားမှကို ရမှာပါ။ မဟုတ်ရင် ဆန်သယ်သမျှအားလုံးက တဖက် ကို ရောက်သွားမယ့် အခြေအနေကြောင့် လုံခြုံရေးအခြေအနေကို အများကြီးချိန်ဆ စဉ်းစားနေရတာပါ”ဟု ပြောသည်။
ပလက်ဝမြို့နယ်မှ ခူမီးမျိုးနွယ်စုများ စုဖွဲ့ထားသည့် ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) ဥက္ကဌ ဦးကျော်ငြိမ်းက ကုလားတန်မြစ်အတိုင်း ဆန်သယ်ရန် AA က ခွင့်ပြုသော်လည်း အစိုးရဘက်မှ အကြောင်းမပြန်သေးခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
ဦးစိုးထက်က AA က ဆန်သယ်ယူခွင့် ပြုသည်ဟူသည့် အချက်မှာ တရားဝင်ညှိနှိုင်း ထားခြင်း မဟုတ်ဘဲ မြေပြင် အခြေအနေတွင်လည်း ဖြစ်နိုင်ခြေ မရှိသဖြင့် တပ်မတော်လုံခြုံရေးများဖြင့်သာ ဆန်သယ်ယူနိုင်မည်ဟု ပြောသည်။
ဆမီး၊ စစ်တွေနှင့် ကျောက်တော်မြို့များတွင် သောင်တင်နေသည့် ဆန်များ ပလက်ဝသို့ သယ်ယူနိုင်ပါက စစ်ဘေး ရှောင် ဒုက္ခသည်များကို ဦးစားပေး အခမဲ့ ဝေပေးသွားမည်ဖြစ်ပြီး စစ်ဘေးဒဏ် မသင့်သည့် အရပ်သားများကို ပုံမှန် ဈေး အတိုင်း ရောင်းချပေးသွားရန် ချင်းပြည်နယ် အစိုးရအဖွဲ့က စီစဉ်ထားသည်ဟုလည်း သိရသည်။
AA ဘက်မှ အရပ်သားများ ကုလားတန်မြစ်အတိုင်း ဆန်သယ်ယူမည်ဆိုပါက သွားလာခွင့်ပြုပြီး ကူညီပေးမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်များ ထုတ်ထားသည်။
သို့သော် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲကြား သွားလာသည့် စက်လှေများ နှစ်ဖက်တပ်ကြား ပစ်ခတ်ခံရခြင်းများ ဖြစ်ပွား ထားသဖြင့် ဆန်အိတ်များကို အရပ်သားများက အာမခံချက် တစုံတရာ မပါရှိဘဲ သွားမယူရဲကြခြင်း ဖြစ်သည်ဟု သိရ သည်။
AA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ကုလားတန်မြစ်အတိုင်း သယ်ယူမည့် ဆန်များမှာ အရပ်သား စစ်စစ်များအတွက် သယ်ယူမည့် ရိက္ခာဖြစ်ပါက အရပ်ဘက် အဖွဲ့အစည်းများက လာညှိနှိုင်းနိုင်ပြီး AA စစ်ဦးရုံးချုပ်သို့ တင်ပြကာ သယ်ယူရန် ဆောင်ရွက်ပေးမည်ဟု ပြောသည်။
ဦးခိုင်သုခက“မြန်မာစစ်တပ်ရဲ့ လုံခြုံရေးနဲ့လာရင်တော့ ပစ်ခတ်မှုတွေက သေချာပေါက် ဖြစ်နိုင်တယ်။ စစ်ဖြစ်နေတဲ့ နေရာမှာ ကျနော်တို့နဲ့ တိုက်နေတဲ့ ရန်သူတွေ ပါလာရင်တော့ ကျနော်တို့က ပစ်မှာပဲ”ဟုလည်း ပြောဆိုသည်။
ကြက်ခြေနီ သို့မဟုတ် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) နှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့ အစည်းများက ကြားခံပို့ပေးမည် ဆိုပါကလည်း ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ဦးခိုင်သုခက ဆိုသည်။
ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်သို့ ဆက်သွယ်ထားသည့် ကုလားတန်မြစ်ကြောင်းပေါ်ရှိ မီးချောင်းဝ ဗျူဟာ ကုန်း တဝိုက်တွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တလခန့်ရှိပြီ ဖြစ်သည်။
မီးချောင်းဝ ဗျူဟာကုန်းသည် တပ်မတော်စခန်း ထိုင်ထားသည့် နေရာဖြစ်ပြီး ကျောက်တော် မြို့နယ်နှင့် ပလက်ဝ မြို့နယ်ကို ဆက်သွယ်ထားသည့် ရေကြောင်းကို စိုးမိုးနိုင်မည့် နေရာဖြစ်သဖြင့် AA ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက် နေခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
လစာ မပေးဘဲ အလုပ်ရှင် ထွက်ပြေးမှုများ စိုးရိမ်ဖွယ်ဟု အလုပ်သမား အဖွဲ့များ ပြော
တရုတ်ပြည်ဘက်ကူးပြီး အလုပ်သွားလုပ်ကြပြီဆို
လက်ပံတောင်း စီမံကိန်း မြေယာ လျော်ကြေး တိုးပေးရန် မရှိဟု ကာကွယ်ရေး ဒု ဝန်ကြီးပြော