ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှုများကြောင့် စိုးရိမ်ပူပန်မှုများ မြင့်မားနေချိန်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲများကို ကျန်းမာရေးအန္တရာယ်အဖြစ် ဝေဖန်နေကြသည်။
နိုင်ငံတော်အတိုင်ပင်ခံသည် စစ်ကိုင်းတိုင်းဒီပဲယင်းသို့ မကြာသေးမီက သွားရောက်ခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒီပဲယင်းသို့ သွားရောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒီပဲယင်းသို့ ဗုဒ္ဓဟူးနေ့က သွားရောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်က ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းမှာ တိုက်ခိုက်ခံရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်နှင့် ထောက်ခံသူအများအပြား သေဆုံးရသည်။
ဒီပဲယင်းတွင် လူထုနှင့်တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဘိုသို့ ဆက်လက်သွားရောက်သည်။
အာဏာပိုင်များသည် အစည်းအဝေးကျင်းပရာ နေရာများတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်သော်လည်း ရာပေါင်းများစွာသော လူအုပ်ကြီးများက ထို အခမ်းအနားများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပိုမိုလွယ်ကူစေမည်ကို စိုးရိမ်နေကြသည်။
“ကျန်းမာရေးအနေနဲ့ကြည့်ရင် လူထု အစည်းအဝေးတွေကို ဒီလိုအချိန်မှာ မကျင်းပသင့်ဘူး။ လူထုအတွက်ကော၊ ဒေါ်အောင်ဆန်းစုကြည်အတွက်ပါ စိုးရိမ်စရာကောင်းတယ်” ဟု ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောသည်။
ကမ္ဘာတဝန်း ရောဂါကူးစက်မှု မြင့်မားနေသောကြောင့် အများပြည်သူစုဝေးပွဲများကို ကန့်သတ် သို့မဟုတ် ဖျက်သိမ်းသင့်ကြောင်း သူက ထောက်ပြသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှု မတွေ့ရသေးသော်လည်း ရုတ်တရက်ကူးစက်မှုကို တားဆီးရန်အတွက် လူများသောနေရာများကို ရှောင်ရှားရန်နှင့် အများပြည်သူ စုဝေးပွဲများကို ကန့်သတ်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအစိုးရအဖွဲ့အစည်းများကိုသာမက အများပြည်သူကိုလည်း အကြံပေးထားသည်။
ဝန်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံတွင် လူ ၈၅ ဦးကို စောင့်ကြည့်နေပြီး ၇၈ ဦးသည် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းမရှိကြောင်း သိရပြီး ကျန်သူများမှာ စစ်ဆေးမှုရလဒ်ကို စောင့်နေရဆဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ အနေဖြင့် ဇန်နဝါရီလမှစတင်ပြီး တိုင်းရင်းသားဒေသများ အပါအဝင် နိုင်ငံအနှံ့အပြားသို့ သွားရောက်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါနေ့က ရှမ်းပြည်မြောက်ပိုင်း လားရှိုးနှင့် မန္တလေးတိုင်း ပြင်ဦးလွင်တို့သို့ သွားရောက်ခဲ့သည်။ ထိုနှစ်နေရာစလုံးမှ ဒေသခံပြည်သူများကို တွေ့ဆုံပြီး ပြင်ဦးလွင်မှ မြေယာသိမ်းယူမှု များနှင့် ပတ်သက်သော တိုင်စာအများအပြားကို လက်ခံရရှိခဲ့သည်။
ဇန်နဝါရီလအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကယားပြည်နယ် လွိုင်ကော်တို့သို့ သွားရောက်ခဲ့သည်။
လွန်ခဲ့သောလတွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကိုင်းတိုင်းနှင့် နာဂတောင်တန်းမှ တမူး၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ နန်းယွန်းနှင့် လေရှီး၊ ချင်းပြည်နယ်မှ ထန်တလန်နှင့် တွန်းဇံ၊ ကရင်ပြည်နယ်မှ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ကော့ကရိတ်နှင့် မြဝတီနှင့် ရှမ်းပြည်တောင်ပိုင်းမှ တောင်ကြီးနှင့် ပင်လုံတို့သို့ သွားရောက်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲမဟာမိတ် ဖွဲ့မည်မဟုတ်ကြောင်း ၂၀၁၉ ခုနှစ်က ကြေညာထားသောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များ အထူးသဖြင့် တိုင်းရင်းသားဒေသများသို့ ခရီးစဉ်များကို အများအပြားက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် မြင်ကြသည်။
“ကျန်းမာရေးကိစ္စအပြင် နိုင်ငံရေးအရကြည့်ပြန်တော့ ဒီနှစ်ရွေးကောက်ပွဲရှိတော့ တိုင်းပြည်က အရေးကြီးတဲ့အဆင့်မှာ ရောက်နေတယ်။ အစိုးရခေါင်းဆောင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အနာဂတ်အတွက် ပြင်ဆင်ဖို့ တိုင်းရင်းသားဒေသခံတွေနဲ့ တွေ့ဖို့ အရေးကြီးနေတယ်” ဟု ဦးသိန်းသန်းဦးက မကြာသေးမီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် မအောင်မြင်သော NLD ၏ အားထုတ်မှုကို ရည်ညွှန်းပြောကြားသည်။
“ကျနော့်တဦးတယောက်တည်းရဲ့ အမြင်အရ ပြောရရင်၊ အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်တဲ့ ပြင်းထန်ပြီး တတိုင်းပြည်လုံးတိုးတက်မှုကိုထိခိုက်စေတဲ့ နိုင်ငံရေးကပ်ရောဂါနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့်လည်း ကိုရိုနာထက် နိုင်ငံရေးကို ဦးစားပေး လုပ်နေတာပေါ့။ ပြီးတော့ နိုင်ငံသားအများစုဟာ ဗိုင်းရပ်စ်ကို မကြောက်နိုင်လောက်အောင် စားဝတ်နေရေးအတွက်က ရုန်းကန်နေကြရတော့ ဘာကိုမှ မမှုနိုင်ကြတော့ဘူးပေါ့” ဟုလည်း သူက ပြောသည်။
လုံခြုံရေးသာမက ကျန်းမာရေးစစ်ဆေးမှုနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို နေပြည်တော်ရှိ အရာရှိများထံမှရရှိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံနှင့် အများပြည်သူ အစည်းအဝေးများကို စီစဉ်ထားသူများက ပြောသည်။
“လုံခြုံရေးအစီအမံတွေအပြင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို တားဆီးဖို့အစီအမံတွေကိုလည်း ကျနော်တို့ကို ညွှန်ကြားထားတယ်။ အခမ်းအနား ကျင်းပတဲ့နေရာတွေရဲ့ အဝင်၀တွေမှာမှာ ကိုယ်အပူချိန်စစ်ဆေးဖို့ လုပ်ထားတယ်။ နိုင်ငံတော်အတိုင်ပင်ခံကို ပန်းတွေလက်ဆောင်မပေးဖို့နဲ့ လက်ဆွဲနှုတ်မဆက်ဖို့ ညွှန်ကြားထားတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံ၏ လူထုအစည်းအဝေးများကို စီစဉ်သူ လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သတင်းရင်းမြစ်တခုက ပြောသည်။ ထိုရင်းမြစ်က ၎င်းသည် မီဒီယာနှင့် ပြောဆိုရန် တာဝန်မရှိသောကြောင့် အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုရန်ပြောသည်။
ပွဲစီစဉ်သူများ၏ အစီအမံများကြောင့် ၎င်းတို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မည်ကို မစိုးရိမ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ၏ လူထုအစည်းအဝေးများကို တက်ရောက်သူ အများစုကပြောသည်။
“လူတိုင်းလူတိုင်းရဲ့ ကိုယ်အပူချိန်ကို တိုင်းတာနေတဲ့ ကျန်းမာရေး လုပ်သားတွေရှိနေပြီး အခမ်းအနား ကျင်းပရာနေရာကို လာသူတိုင်း လက်ကိုသန့်စင်နိုင်အောင် ဆေးရည်တွေပေးနေတယ်။ ဒါကြောင့် ဒေသခံအများစုက လုံခြုံတယ်လို့ခံစားရပြီး ဗိုင်းရပ်စ်ကူးစက်မှုကို စိုးရိမ်ပုံမရဘူး” ဟု လားရှိုးမှ NLD ပြည်နယ်ကော်မတီဝင် ဦးရွှေလှကပြောသည်။
“ဘယ်သူမှ မျက်နှာဖုံးတပ်မထားဘူး” ဟုလည်း သူက ပြောသည်။
ရောဂါကူးစက်မှုစတင်ရာ တရုတ်နိုင်ငံတွင် ကူးစက်မှုနှင့် သေဆုံးမှု ကျဆင်းလာသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံးသေဆုံးမှုနှုန်းသည် ဆက်လက်မြင့်မားနေပြီး ၄၂၀၀ ကျော်ရှိလာသည်။ ကမ္ဘာတဝန်း ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ၁၁၇၀၀၀ ဦးရှိလာပြီး ထိုဗိုင်းရပ်သည် နိုင်ငံပေါင်း ၈၀ ကျော်သို့ ကူးစက်နေသည်။
အခြားဝန်ကြီးဌာနများ အားလုံးသို့ အသိပေးအကြောင်းကြားစာများ ပေးပို့ပြီး လူထုစုဝေးပွဲများကို ဖျက်သိမ်းရန် သို့မဟုတ် တက်ရောက်သူအရေအတွက်ကို ကန့်သတ်ရန် ညွှန်ကြားထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအောက်ရှိ ဗဟိုကူးစက်ရောဂါ တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဌာနခွဲက ပြောသည်။
“လူထုစုဝေးပွဲတွေ ရပ်လိုက်တာကောင်းတယ်။ စုဝေးပွဲတွေကို မလုပ်မဖြစ်လုပ်ရင် တက်ရောက်သူအရေအတွက်ကို လျှော့ချတာကောင်းတယ်။ အကြံပြုချက်တွေ၊ အကြောင်းကြားစာတွေကို အစိုးရအဖွဲ့အစည်း အားလုံးကို ပို့ထားပြီးပြီ” ဟု ထိုဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
ဖေဖော်ဝါရီလနှင့် ယခုလအစောပိုင်းက ကိုရိုနာဗိုင်းရပ်စ်တားဆီးရေး ဗဟိုကော်မတီ အစည်းအဝေးများအပြီး ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပေးစာများ လက်ခံရရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီးက ပြောသည်။
လူထုအစည်းအဝေးများအပြင် ကမ္ဘာ့ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် မြန်မာနိုင်ငံမှ ဘုရားပွဲရာသီနှင့်လည်း တိုက်ဆိုင်နေသည်။ ထိုဘုရားပွဲများသို့ လူသိန်းနှင့်ချီလာရောက်လေ့ရှိသောကြောင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ပိုမိုပူပန်မှုဖြစ်စေသည်။
ထင်ရှားသောပွဲတော်တခုမှာ မကွေးတိုင်း မင်းဘူးမှ ရွှေစက်တော်ဘုရားပွဲဖြစ်ပြီး ထိုပွဲတော်သို့ နိုင်ငံတဝှမ်းမှ ခရီးသွား ထောင်ပေါင်းများစွာ နှစ်စဉ်သွားရောက်ကြသည်။ ကိုယ်အပူချိန်တိုင်းတာသော စခန်းများကို ပွဲတော်နေရာတွင် ထားရှိပြီး ဆေးကုသရေးအဖွဲ့များ အဆင့်သင့်ထားရှိကြောင်း မကွေးတိုင်း ဝန်ကြီးချုပ်က ဧရာဝတီသို့ပြောသည်။
“ဆေးကုသရေးအဖွဲ့က အသင့်ပြင်ထားပြီး ကိုရိုနာဗိုင်ရပ်စ်ကူးစက်ကြောင်း အတည်ပြုတာနဲ့ ပွဲတော်ကိုရပ်ဖို့ အမိန့်ထုတ်ထားတယ်” ဟု ဝန်ကြီးချုပ် ဦးအောင်မိုးညိုက ပြောသည်။
ဘုရားဂေါပကအဖွဲ့သည် ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းပြီး ပွဲတော်ကျင်းပရာနေရာတွင် ရေ၊ ဆပ်ပြာနှင့် လက်သန့်စင်ဆေးများပေးခြင်း၊ ဘုရားဖူးများကို ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်နေကြောင်းလည်း တိုင်းဝန်ကြီးချုပ်က ပြောသည်။
(Zarni Mann ၏ Myanmar State Counselor’s Public Meetings Draw Criticism Amid Coronavirus Fears ကို ဘာသာပြန်သည်။)
You may also like these stories:
လူစုလူဝေးပွဲများ ရွှေ့ဆိုင်းရန် အစိုးရဌာနများကို ကျန်းမာရေးဝန်ကြီးဌာန စာပို့
ပူသော ရာသီဥတုတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနှုန်း နှေးကွေးနိုင်
နိုင်ငံ့အရေးကို စိတ်ဝင်စားကြရန် လူထုကို နိုင်ငံတော်၏ အတိုင်ပင်ခံ တိုက်တွန်း