သတင်း

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရန် ဥရောပခရီးသည်များအား အမေရိကန်ဗီဇာ ယာယီပိတ်

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနှံ့နေခြင်းကို ထိန်းချုပ်နိုင်ရန် ဥရောပမှ အမေရိကန်သို့ လာရောက်မည့် ခရီးသည်များအား ရက် ၃၀ ကြာ ပိတ်ပင်မည့် တားမြစ်ချက်တခုကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၂ ရက်နေ့တွင် ကြေငြာခဲ့သည်။

တချိန်တည်းမှာပင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုက ယခုအခါတွင် တကမ္ဘာလုံး၌ ပျံ့နှံ့ နေသည့် ကူးစက် ကပ်ရောဂါတခု ဖြစ်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့(WHO) က မတ်လ ၁၁ ရက်နေ့ တွင် ပြောကြားခဲ့ပြီး ၁၁ နှစ်အတွင်း ပထမဆုံး အကြိမ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

မတ်လ ၁၃ ရက်နေ့တွင် စတင် သက်ရောက်မည့် အမေရိကန်၏ ပိတ်ပင်မှုတွင် အင်္ဂလန် ပါဝင်ခြင်း မရှိသလို “သင့်တော်သော စမ်းသပ်စစ်ဆေးမှုများ” ပြုလုပ်ထားပြီး ဖြစ်သည့် အိမ်ပြန်လာသော အမေရိကန် နိုင်ငံသားများလည်း ပါဝင်ခြင်း မရှိပါ။

ပြီးခဲ့သော ၁၄ ရက်အတွင်း ဥရောပ၌ ရောက်ရှိနေခဲ့သော နိုင်ငံခြားသားများကိုလည်း အမေရိကန်ပြည်ထောင်စုသို့ ဝင်ခွင့်မပြုပါ။ ဥရောပတိုက်တွင် အထူးသဖြင့် မတ်လ ၁၁ ရက်နေ့ အထိ ကူးစက်မှု ၁၀၀၀၀ ကျော် အတည်ပြုပြီးဖြစ်သော အီတလီနိုင်ငံတွင် ပိုမိုနက်ရှိုင်းလာသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရစဉ် တင်းကျပ်သည့် စည်းမျဉ်းသစ်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဂျီနီဗာမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ယခုအချိန်အထိ နိုင်ငံ ၁၂၀ ခန့်တွင် လူပေါင်း ၁၂၀၀၀၀ ကျော် ကူးစက်ခံခဲ့ရပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒါကြောင့် ကျနော်တို့က COVID-19 ကို တကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါတခုအဖြစ် သတ်မှတ်ကြောင်း ဆုံးဖြတ်ချက် ချခဲ့ပါတယ်” ဟု သူက ရောဂါ၏ တရားဝင် အမည်ကို ရည်ညွှန်း၍ ပြောသည်။

WHO က တကမ္ဘာလုံးတွင် ဖြစ်ပွားသည့် ကူးစက်ရောဂါအဖြစ် နောက်ဆုံး အကြိမ် ကြေညာခဲ့သည်မှာ ၂၀၀၉ ခုနှစ်တွင် ဝက်တုပ်ကွေးအတွက် ဖြစ်သည်။ WHO က တရုတ်နိုင်ငံပြင်ပရှိ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု အရေအတွက် တိုးလာသည်ကို ကြည့်ပြီး ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။ တကမ္ဘာလုံး အတိုင်းအတာအရ ဆိုလျှင် သေဆုံးသူ ၄၃၀၀ ဦး အထိ ရှိခဲ့ပြီး ဖြစ်သည်။

လူသားများက ခုခံကာကွယ်နိုင်ခြင်း မရှိသော ရောဂါသစ်တခုက မျှော်လင့်ထားသည် ထက် ကျော်လွန်၍ တကမ္ဘာလုံးသို့ ပျံ့နှံ့လာသည့် အချိန်တွင် တကမ္ဘာလုံးတွင် ဖြစ်ပွားသည့် ကူးစက်ရောဂါတခု အဖြစ် ကြေညာလေ့ရှိသည်။ အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ နိုင်ငံများက မည်သည့်အစီအမံကိုမျှ ပြုလုပ်ရန် တာဝန်မရှိသော်လည်း ထိုသို့ ကြေညာလိုက်ခြင်းက ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန် ကြိုးစားခြင်းမှနေ၍ ပြဿနာ၏ အကျိုးသက်ရောက်မှုကို လျော့ပါးစေသော တုံ့ပြန်မှုများအဖြစ်သို့ ပြောင်းလဲရန် သင်္ကေတပြခြင်းအဖြစ် အများကမြင်ကြသည်။

သို့သော်လည်း တကမ္ဘာလုံးသို့ ကူးစက်ပျံနှံ့သော ရောဂါ အဖြစ် ကြေညာရင်း Tedros Adhanom Ghebreyesus ၎င်းသည် “သမိုင်းတွင် ထိန်းချုပ်၍ ရနိုင်သည့် ပထမဆုံး ကူးစက်ရောဂါ ” ဖြစ်လာလ်ိမ့်မည် ဟု ပြောကြားခဲ့သည်။

“အကယ်၍ နိုင်ငံများက တုန့်ပြန်တဲ့နေရာမှာ ရှာဖွေတွေ့ရှိခြင်း၊ စမ်းသပ်ခြင်း၊ ကုသခြင်း၊ သီးခြားထားရှိခြင်း၊ ခြေရာခံခြင်းနဲ့ သူတို့ပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်မယ်ဆိုရင် နိုင်ငံအားလုံး အနေနဲ့ ဒီရောဂါကူးစက်မှု လမ်းကြောင်းကို ပြောင်းလဲနိုင်ပါသေးတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

တရုတ်နိုင်ငံပြင်ပတွင် ရောဂါကူးစက်မှုက အီတလီ၌ အမြင့်ဆုံးဖြစ်ပြီး ၎င်း၏ နောက်တွင် အီရန်နှင့် တောင်ကိုရီးယားတို့ ရှိနေသည်။ မကြာသေးမီရက်များအတွင်း ပြင်သစ်၊ စပိန်နှင့် အမေရိကန် တို့တွင်လည်း ဖြစ်ပွားမှုများ သိသာလာခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ လုံလောက်မှု မရှိနိုင်သည့် အာဖရိကတွင် ရောဂါဖြစ်ပွားမှုများ မြင့်တက်လာခြင်းကိုလည်း WHO က စိုးရိမ်သည်။ ထိုအချိန်၌ တရုတ်နိုင်ငံတွင်မူ ဖြစ်ပွားမှုအသစ်များ သိသိသာသာ ကျဆင်းသွားခဲ့သည်။

နိုင်ငံများက ခရီးသွားလာခြင်းကို ကန့်သတ်ထားရပြီး အခမ်းအနားများကို ဖျက်သိမ်းခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းများ ပြုလုပ်နေကြရသောကြောင့် COVID-19 က ကမ္ဘာ စီးပွားရေးအပေါ် များစွာ သက်ရောက်မှု ဖြစ်စေခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ယခုနှစ် အတွက် ကမ္ဘာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၀၉ ခုနှစ် တွင် ကမ္ဘာဘဏ္ဍာရေး အကျပ်အတည်း ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း အားအနည်းဆုံးအနေဖြင့် ကြုံတွေ့ရနိုင်သည်ဟု ဖော်ပြခဲ့သည်။

You may also like these stories:

ကိုရိုနာဗိုင်းရပ် ပူပန်မှုများကြောင့် နိုင်ငံတော်အတိုင်ပင်ခံ၏ ခရီးစဉ် ဝေဖန်ခံရ

ဗြိတိန် အငယ်တန်း ကျန်းမာရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ

ဝူဟန်သို့ ရှီကျင့်ဖျင် ပထမဆုံးအကြိမ် သွားရောက်

Did you find apk for android? You can find new Free Android Games and apps.
Loading