တနိုင်ငံလုံးမှာ လူစုလူဝေးမှုများ ကန့်သတ်ရန် အစိုးရ ပြင်ဆင်
မကြာမီ ကျရောက်တော့မည့် သင်္ကြန်ပွဲတော် အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည် တွင်း ခရီးစဉ်များ ဆက်လုပ်သွားရန် ရှိ၊ မရှိ ယနေ့ နေ့လယ်ပိုင်း သမ္မတအိမ်တော်တွင် ပြုလုပ်သည့် အစည်းအဝေး၌ ဆုံးဖြတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေ့လယ်ပိုင်းတွင် အစိုးရက ဦးဆောင်ပြီး ကိုရိုနာ ဗိုင်း ရပ်စ် ကာကွယ်ရေးနှင့် ပတ်သက်သည့် အစည်းအဝေးတခု ပြုလုပ်သွားရန်ရှိပြီး ထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ပေး သွားမည်ဟု ယနေ့ နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုတွင် ပြောသည်။
“ဒါနဲ့ ပတ်သက်လို့ ဒီနေ့ နေ့လယ်မှာ အစည်းအဝေး လုပ်ဖို့ ရှိပါတယ်။ ဒါကြောင့် အခုကတည်းက ပြောထားတာပါ။ ဒီမိန့် ခွန်း ပြင်ဆင်တဲ့အချိန်မှာတော့ ဒီ Pandemic (ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ)က မထွက်သေးဘူး” ဟု ၎င်းက ဆို သည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဒီမှာ ကျမဖြတ်ပြီး ပြောချင်တာက အများလည်း သိပြီးသား ဖြစ်လာလိမ့်မယ်။ WHO က နေပြီးတော့ ဒီ COVID- 19 နဲ့ ပတ်သက်ပြီး Pandemic ဆိုပြီး ကြေညာလိုက်ပါပြီ။ နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ဆက်စပ်ပြီး ပြောရမယ်ဆိုရင် ကျမတို့ လူစုလူဝေးနဲ့ လုပ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရကနေပြီးတော့ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ကိုရိုနာ ဗိုင်းရပ်စ်ကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က Pandemic ဟု ကြေညာလိုက်သဖြင့် ယနေ့ နေ့လယ် ၂ နာရီတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်ပြီး WHO ၏ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ဆွေးနွေးရန် ရှိကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်များကို ပြောသည်။
“အစိုးရပိုင်းမှာ ကော်မတီ ဖွဲ့ထားတယ်။၂ နာရီမှာ ဆွေးနွေးကြမယ်။ ဆွေးနွေးပြီးရင် WHO ရဲ့ ဒီမနက် ထုတ်ပြန်ကြေညာ ချက်ပေါ့နော်။ ကျန်တဲ့ နိုင်ငံတွေမှာ ကန့်သတ်ချက်တွေ အများကြီးပေါ့နော်။ အဲဒီလို အသီးသီး ထုတ်ပြန်ထားတော့ မြန်မာ နိုင်ငံ အနေနဲ့လည်း ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အပေါ်မှာ ဆွေးနွေးကြမှာ။ ဆွေးနွေးပြီးရင်တော့ ကြေညာချက် ထွက်လာ လိမ့်မယ်” ဟု ဦးဇော်ဌေးက ပြောသည်။
သင်္ကြန်ပွဲတော် ဖြစ်နိုင်လား ဆိုတဲ့ မေးခွန်းကိုလည်း “ဒီနေ့ အစည်းအဝေး ဆုံးဖြတ်ချက်ပေါ် မူတည်တယ်”ဟု ဦးဇော်ဌေး က ပြောဆိုပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ပြည်တွင်း ခရီးစဉ်များ၊ ပြည်တွင်းသို့ ဝင်ရောက်မှုများ၊ ပြည်ပသို့ ထွက်ခွာမှုများလည်း အကျုံးဝင်ကြောင်း ဆိုသည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ် ပထမ ၄ လအတွင်း ကျင်းပရမည်ဟု သဘောတူထားသည့် ၂၁ ရာစု ပင်လုံ (ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ) ကျင်းပနိုင်ရေးမှာလည်း ယနေ့ ပြုလုပ်မည့် အစည်းအဝေးအပေါ်တွင် မူတည်ကြောင်း ဦးဇော်ဌေး က ပြော သည်။
“ကြေညာချက် ထွက်လာပြီးရင် ကြေညာချက်အပေါ်မှာ မူတည်ပြီးတော့ Nation Dialogue (အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ)တို့ UPC (ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ)တို့ကို စဉ်းစားသွားဖို့ ရှိပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
ကိုရိုနာ ဗိုင်းရပ်စ်သည် ကူးစက်ရောဂါ ဖြစ်သဖြင့် အလွန် ကြောက်စရာ ကောင်းကြောင်း၊ ထို့ကြောင့် အမျိုးသား အဆင့်၊ ပြည်ထောင်စု အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများသည် လူရာချီ၍ တက်ရောက်ရမည် ဖြစ်သဖြင့် ညီလာခံအကြီးကြီး လုပ်ခြင်း ထက် ငြိမ်းချမ်းရေး ရရှိရန် လိုအပ်သည့် နိုင်ငံရေး အာမခံချက် ရရှိရန်သာ အရေးကြီးကြောင်း ချင်းအမျိုးသား တပ်ဦး ဒု ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ပြောသည်။
“ရောဂါတွေ ဖြစ်လာရင်တော့ ကျနော်တို့လည်း မတတ်နိုင်ဘူး။ ရွှေ့ဆိုင်းရမှာပဲ။ သို့သော် မဖြစ်သေးဘူးဆိုရင်တော့ ဖြစ် နိုင်တဲ့ လုပ်တဲ့နည်းလမ်းကို စဉ်းစားရမှာပဲ”ဟု ၎င်းက ဆိုသည်။
၎င်းအပါအဝင် အစိုးရနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ် များ၊ အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များသည် ယနေ့ နေပြည်တော်ရှိ NRPC သို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေး မှု ပူးတွဲကော်မတီ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။
သို့သော် လွှတ်တော်ကိုယ်စားပြု တက်ရောက်ရမည့် NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးအောင် ကြည်ညွန့်နှင့် ဦးပြုံးချိုတို့မှာ ယနေ့ အစည်းအဝေးသို့ တက်ရောက်လာခြင်း မရှိပေ။ ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် လည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုများဖြင့် အပြင်းအထန် ကြိုးစားနေရချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင် ဖြစ်ပွားခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြောင်း WHO က ကြေညာခဲ့ပြီး လက်ရှိတွင် တကမ္ဘာလုံး၌ ကူးစက်ခံရသူ ၁ သိန်း ၂ သောင်းကျော် ရှိကာ သေဆုံးသူ ၄၆၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
တကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုများကြောင့် စိုးရိမ်ပူပန်မှုများ မြင့်မားနေချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲများကို ဆက်လက် ပြုလုပ်နေခြင်းကို ကျန်းမာရေး အန္တရာယ်အဖြစ် အများက ဝေဖန်နေကြပြီး တပ်မတော်ကမူ ၎င်းတို့၏ အကြီးမားဆုံး အခမ်းအနားဖြစ်သည့် တပ်မတော်နေ့ကို ရွှေ့ဆိုင်းထားသည်။
ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက် ပြန့်ပွားနေမှုကြောင့် မန္တလေး သင်္ကြန်ပွဲတော် ကျင်းပရန် မသေချာတော့ဟု တိုင်းအစိုးရ အဖွဲ့က ထုတ်ပြန်ပြောဆိုနေခြင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် အစရှိသည့်တို့မှလည်း သင်္ကြန်ပွဲတော် မကျင်းပ တော့ဟု ထုတ်ပြန်ထားကြသော်လည်း ရန်ကုန်မြို့တော်ဝန်ကမူ ရန်ကုန်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ် ပူပန်မှုများကြောင့် နိုင်ငံတော်အတိုင်ပင်ခံ၏ ခရီးစဉ် ဝေဖန်ခံရ
လူစုလူဝေးပွဲများ ရွှေ့ဆိုင်းရန် အစိုးရဌာနများကို ကျန်းမာရေးဝန်ကြီးဌာန စာပို့