သတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထည်ချုပ် စက်ရုံများ အပ်ထည်အမှာ ကျဆင်းလာ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့နိုင်ငံ အနှံ့အပြား၌ ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် မြန်မာ အထည်ချုပ်စက်ရုံများ တွင်လည်း အပ်ထည်အမှာများ လျော့ကျလာသည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

“ကုန်ကြမ်း ထုတ်တဲ့ တရုတ်နိုင်ငံကလည်း ဗိုင်းရပ်စ်ကြောင့် စက်ရုံ တော်တော်များများ ရှေ့မှာ ရပ်လိုက်ရတော့ အခက် အခဲ ရှိတယ်။ နောက်ပြီး အထည်ချုပ်ရဲ့ ဝယ်လက်တွေက ဥရောပတို့ အီတလီတို့ ဂျပန်တို့ကို ပို့ရတဲ့ ဟာမျိုးတွေ ရှိတယ်။ အခုကတော့ အဲဒီနိုင်ငံတွေမှာ ဒီဗိုင်းရပ်စ် ကိစ္စကြီး ဖြစ်နေတော့ ကုန်အမှာစာတွေ လျော့လာတယ်လို့ အထည်ချုပ် အသင်း က တင်ပြထားတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။

လက်ရှိ လက်ခစား (CMP) လုပ်ငန်းများ၏ အခြေအနေသည် ထုတ်လုပ်နိုင်သော်လည်း တင်ပို့ရန်အတွက် အခက်အခဲ များနှင့် ကြုံတွေ့နိုင်မည့် အခြေအနေတွင် ရှိနေကြောင်း ဦးခင်မောင်လွင်က ဆိုသည်။

ဆက်လက်၍ ၎င်းက “အခု ကာလမှာ CMP လုပ်ငန်းလုပ်တဲ့ တော်တော်များများကလည်း တရုတ်က ကုန်ကြမ်းကို အလု အယက် ဝယ်ကြမှာပဲလေ။ ကိုယ်တနိုင်ငံထဲတော့ မဟုတ်ဘူး။ ဒါကတော့ အားလုံးလည်း ဖြစ်နေတဲ့ ကိစ္စပါ။ အားလုံးကို တော့ အကောင်းဆုံး ဖြစ်အောင် ဝိုင်းဝန်း ကြိုးပမ်းကြရမှာ” ဟု ရှင်းပြသည်။

CMP အနေနှင့် ကုန်ကြမ်းသည် လက်ရှိ လိုသလောက် မရသေးသော်လည်း ဝင်ရောက်မှုများ စတင်ရှိလာပြီ ဖြစ်သော ကြောင့် ရှိပြီးသား ကုန်ကြမ်းနှင့်ဆိုလျှင် အချိန်ကာလတခု အထိ ဆွဲဆန့်နိုင်မည့် အနေအထား တခုသို့ ရောက်ရှိလာသော် လည်း ချုပ်ပြီးသား အထည်တင်ပို့မှု အပိုင်းတွင် ဗိုင်းရပ်စ်အခြေအနေ ဆိုးလာပါက အခက်အခဲ ရှိလာနိုင်ကြောင်း သိရ သည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးအောင်မျိုးဟိန်းက “အခု အခြေအနေအရ လက် ရှိလည်း အော်ဒါ အမှာ လျော့သလို၊ ကျနော့် စက်ရုံအနေနဲ့ သုံးပုံတပုံလောက် အော်ဒါ မှာယူမှု လျှော့တယ်။ ကျနော်တို့ရဲ့ အသက်ကတော့ အော်ဒါပဲပေါ့။ အော်ဒါ မရှိရင်တော့ အလုပ်ချိန်တော့ လျှော့မှာပါ” ဟု ဧရာဝတီသို့ ပြော သည်။

လက်ရှိ COVID-19 သည် ဥရောပတွင် အများဆုံး ဖြစ်ပွားနေခြင်းကြောင့်လည်း ယင်းတို့၏ ဈေးဝယ်စင်တာများနှင့် ပြင်ပ အသွားအလာများ ပိတ်ထားသဖြင့် ချုပ်ပြီးအထည်အော်ဒါ အမှာ လျော့ကျခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

“ဂျပန်တို့ ဘာတို့ကတော့ အော်ဒါ အရမ်းမှာတဲ့ နိုင်ငံတွေလည်း မဟုတ်တော့ သိသိသာသာ ကျတာတော့ မဖြစ်သေးဘူး။ အခု သိပ်ပြီးတော့ မသိသာသေးဘူး။ ကုန်ကြမ်းအနေနဲ့ ကလည်း ရောက်တဲ့ အနေအထားရှိတယ်။ ဒါပေမယ့် လည်ပတ်မှု နဲ့ မမီနိုင်ဘူး။ အခုက နောက်ဆက်တွဲ အော်ဒါ အမှာတွေပါ ထိခိုက်လာတော့ လုပ်ငန်းတွေကို လျှော့မယ့် အနေအထား တွေ ဖြစ်လာတယ်” ဟု လက်ရှိ အခြေအနေကို ဦးအောင်မျိုးဟိန်းက ရှင်းပြသည်။

ကုန်ကြမ်း ရောက်သော်လည်း ဝယ်ယူမည့် နိုင်ငံအမှာ မရှိလျှင်လည်း နစ်နာဆုံးရှုံးမှုများ ဖြစ်လာနိုင်ကြောင်း လုပ်ငန်းရှင် များက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ လက်ခစား CMP လုပ်ငန်းများတွင် ကုန်ကြမ်း ပြတ်လပ်မှုကြောင့် အလုပ်ချိန် အပိုလျှော့ ခြင်း၊ လုပ်သား အင်အားလျှော့ခြင်းနှင့် စက်ရုံများ ယာယီပိတ်သိမ်းခြင်း တို့ရှိသည့်အပြင် ဗိုင်းရပ်စ်၏ နောက်ဆက်တွဲ အဖြစ် ချုပ်ပြီးအထည်များ အော်ဒါမှာယူမှု လျော့လာပါကလည်း ယခင်နည်းများအတိုင်း အလုပ်ရှင်များက လုပ်ဆောင်လာ နိုင်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၁၀ နှစ်ကျော်က အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုဖြစ်စဉ် အထည်ချုပ် ဈေးကွက် ပျက်ခဲ့စဉ်ကလည်း အလုပ် ချိန် လျှော့ချခြင်းများ၊ တပတ်လျှင်၂ ရက် အလုပ်ဆင်း၊ လုပ်ခလစာ ၅ ရက်စာပေးခြင်း စသည့် လုပ်ဆောင်မှုမျိုးနှင့် လုပ် ဆောင်ခဲ့ခြင်း၊ ထိုထက် ဆိုးလာသည့်အချိန်တွင် လုပ်သားအင်အားကို ၂၀ ရာခိုင်နှုန်းမှ စ၍ အဆင့်ဆင့် လျှော့ချခြင်း အပြင် စက်ရုံ ယာယီ ပိတ်သိမ်းခြင်း တို့ကို ပြုလုပ်ခဲ့ရကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဦးမြင့်စိုးက ပြောထားသည်။

အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်မှာ လုပ်သားဦးရေ ၅ သိန်းကျော် အထိ ရှိပြီး တရုတ်အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယား အထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ်စက်ရုံ ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံရှိ ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက သိရသည်။

အထည်ချုပ် ပို့ကုန်များကို ဥရောပ နိုင်ငံများနှင့် ဂျပန်၊ ကိုရီးယား စသည့် နိုင်ငံများသို့ အဓိကထားတင်ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇန်နဝါရီ လကုန်အထိ ချုပ်ထည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် ရရှိထားကြောင်း စီးပွား/ကူးသန်း က သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ ကျော်အထိ ရှိလာပြီး အရေးပေါ် အခြေအနေ ဖြစ်နေသည့်အတွက် ကမ္ဘာတဝန်း ကူးစက်မြန် ကပ်ရောဂါအဖြစ် သတ်မှတ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က မတ် လ ၁၁ ရက်တွင် ကြေညာလိုက်သည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း တရုတ်နိုင်ငံနှင့် ပြင်ပ နိုင်ငံများတွင် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု တဟုန်ထိုး မြင့်တက်လာ နေကြောင်း WHO က ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

COVID-19 ကြောင့် စက်ရုံများရပ်နားမှု အစိုးရ စနစ်တကျ စီမံပေးရန် တောင်းဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပုသိမ်၌ဖွင့်မည့် စက်ရုံ ၂ ရုံ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

စက်ရုံ ၃ ရုံ ထပ်ပိတ်၊ အလုပ်သမား၂ ထောင်ကျော် အလုပ်လက်မဲ့ဖြစ်ပြန်

ရွှေပြည်သာရှိစက်ရုံ ၌အလုပ်ရှင် ထွက်ပြေး၍ လုပ်သား ၄၆၀ ကျော် လစာမရ အခက်တွေ့

ကုန်ကြမ်းပြတ်၍ စက်ရုံများ ပိတ်သည် ဆိုခြင်းကို စိစစ်ရန် အလုပ်သမားအဖွဲ့များ ထုတ်ပြန်

ကုန်ကြမ်း ပြတ်လပ်မှုကြောင့် လုပ်ငန်းရပ်ရန် အထည်ချုပ်စက်ရုံ ၂၀ နီးပါး တင်ပြထား

Did you find apk for android? You can find new Free Android Games and apps.
Loading