ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်အစပ် ကုလားတန်မြစ်၏ အရှေ့ဘက်ခြမ်း တလျှောက်တွင် တပ်မတော်နှင့် AA တို့ ၁ လကျော်ကြာ တိုက်ပွဲ ဆက်လက် ပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၀ နီးပါး မှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။
မုန့်သန်းပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်က “ကျနော်တို့ ရွာအကုန် ပြာကျသွားပြီ။ အိမ်တွေကတော့ ပြီးခဲ့တဲ့ ရက် ပိုင်းကတည်းက မီးလောင်သွားတယ်။ မနေ့က ဘုန်းကြီးကျောင်းထဲကိုပါ ဗုံးကျတယ်လို့ ပြောတယ်။ အဲဒီမှာ ဘုန်းကြီး ကျောင်းရော၊ သိမ်ရော မီးလောင်သွားပြီးတော့ ဓမ္မာရုံတခုပဲ ကျန်တယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ဦးကျော်စိန်က “ကုလားတန်မြစ်တလျှောက်မှာ နေတဲ့ ရွာသားတွေအားလုံး ထွက်ပြေးနေကြရတယ်။ တချို့က ဟွန်ဒါစက်လှေတွေနဲ့ ပလက်ဝဘက်ကို ပြေးတယ်။ တချို့ကလည်း တောင်ကျော်ကြီး ကျောက်တော်ဘက်ကို ထွက်ပြေး ကြတာရှိတယ်။ တိုက်ပွဲလည်း ပြင်းထန်နေတုန်းပဲ။ ကျနော်တို့မှာ ပြန်ဖို့ အိမ်လည်း မရှိတော့ဘူး။ ဘုန်းကြီး ကျောင်းကန်က အစ မရှိတော့ဘူး။ ဘယ်လို အိမ်ပြန်ကြမလဲဆိုတာ စဉ်းစားမရဘူး” ဟု ပြောသည်။
ထိုသို့ တိုက်ပွဲပြင်းထန်မှုကြောင့် ကုလားမြစ်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသော ကျောက်တန်းကျေးရွာ၊ မုန့်သန်းပြင် ကျေးရွာ၊ မီးကျောင်းတက်ကျေးရွာ၊ သဲပုံ ကျေးရွာ၊ တင်းမ (သစ်) ကျေးရွာ၊ တင်းမကြီးကျေးရွာ၊ ပြိုင်းတိုင် ကျေးရွာသား များမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကျေးရွာသားများက ဆိုသည်။
ယင်းအပြင် ကုလားတန်မြစ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသော မီးဝကျေးရွာ၊ ဂရင့်ခါးစေ့ကျေးရွာ၊ ကျော်ရှီပြင် ကျေးရွာ၊ မွန်ထောင့်ကျေးရွာ၊ ရောင်းရင်ချောင်းကျေးရွာ၊ သံပုရာထောင့်ကျေးရွာ၊ စံကားတောင် ကျေးရွာ၊ အောင်သာယာ ကျေးရွာ၊ လောင်းရှည်ကျေးရွာ၊ သားပုန်ကျေးရွာ၊ ဝက်မကျ ကျေးရွာတို့မှာလည်း အိုးအိမ်များကို စွန့်ခွာပြီး ဘေးလွတ်ရာသို့ ဝင်ရောက် ခိုလှုံနေရကြောင်း သိရသည်။
အဆိုပါ ကုလားတန်မြစ်ကြောင်း တလျှောက် တပ်မတော်စစ်ကြောင်း တပ်စွဲထားသည့် မီးဝကျေးရွာအနီး ဗျူဟာကုန်း အနီးဝန်းကျင်တွင် ပြီးခဲ့သော ဖေဖော်ဝါရီလ ၆ ရက်ကတည်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် ( AA )တို့သည် နှစ်ဘက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခြင်း ဖြစ်သည်။
နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ကုလားတန်မြစ်ကြောင်း အနီးတွင် တည်ရှိသည့် မုန့်သန်းပြင်ကျေးရွာ ၊ ပြိုင်းတိုင်ကျေးရွာနှင့် ကျော်ရှီပြင်ကျေးရွာတို့အတွင်း လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲသည့်အတွက် နေအိမ်များ မီးလောင်သွားခဲ့ကြောင်းလည်း ဒေသခံ ကျေးရွာသားများက ပြောသည်။
တချို့ကျေးရွာသားများမှာ ပလက်ဝမြို့နယ်သို့ လည်းကောင်း၊ တချို့မှာလည်း ကျောက်တော်မြို့နယ် အတွင်းသို့ လည်းကောင်း ထွက်ပြေး ခိုလှုံနေရကြောင်းလည်း ဒေသခံ ကျေးရွာသားများက ဆိုသည်။
မုန့်သန်းပြင်ကျေးရွာတွင် အိမ်ခြေ ၆၆ ဆောင် ၊ လူဦးရေ ၄၀၀ ကျော်ရှိပြီး နေအိမ်အားလုံးမှာ မီးလောင်ပြာကျသွားပြီး ရွာသားများ ပိုင်ဆိုင်သည့် နွားအကောင် ၂၀ ကျော်နှင့် ဆိတ်အကောင် ၃၀ ကျော်တို့မှာလည်း ဗုံးကျ၍ သေဆုံးသွားကာ တချို့မှလည်း ပျောက်ဆုံးသွားပြီး ဖြစ်ကြောင်း ကျေးရွာသားများက ဆိုသည်။
မတ်လ ၁၀ ရက်နေ့ ညကလည်း အောင်သာယာကျေးရွာနှင့် ကျော်ရှီပြင်ကျေးရွာတို့တွင် လက်နက်ကြီး ကျည်ဆန်များ ကျရောက်သဖြင့် ရွာသားတချို့ သေဆုံးကာ တချို့ ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။
လက်ရှိအချိန်တွင် ကုလားတန်မြစ်ကြောင်း တလျှောက်ကျေးရွာများမှ ဒေသခံရွာသား ၄၀၀ ကျော်မှာလည်း ကျောက်တော် မြို့ပေါ်သို့ ထွက်ပြေး ရောက်ရှိနေကြောင်းလည်း ကျောက်တော်မြို့ခံများက ပြောသည်။
ကျောက်တော်မြို့ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “မြို့ပေါ်မှာ လူတွေတော့ တော်တော် ထူထပ် နေတယ်ဗျ။ တချို့ကလည်း ဆယ်တန်းလာဖြေတဲ့ သားသမီးတွေကို တယောက်တည်း မထားရဲလို့ မိသားစုတွေ လာနေကြ တာရှိတယ်။ တချို့က လက်နက်ကြီး ကျမှာ စိုးလို့ စစ်ဘေးရှောင်ဘဝနဲ့ လာကြတာရှိတယ်။ လက်နက်ကြီး ပစ်နေတာက သူတို့ရွာမပြောနဲ့ ကျနော်တို့ မြို့ပေါ်ကတောင် တုန်ခါတယ်။ နားတွေ မခံနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့တွင်လည်း ကုလားတန်မြစ်၏ အရှေ့ဘက် တင်းမကျေးရွာအနီး တောင်တန်းများတွင် တပ်မတော်က တိုက်လေယာဉ် ၂ စီးဖြင့် လာရောက် တိုက်ခိုက်နေကြောင်း တင်းမကျေးရွာ ဘုန်းတော်ကြီးမှ ဆရာတော်တပါးက မိန့်သည်။
ဆရာတော်က “ကိုယ်တော်တို့ရွာအနားမှာ တိုက်ပွဲဖြစ်တာက နေ့တိုင်းလိုလိုပဲ။ ဒီနေ့လည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲ တာရှိတယ်။ ရွာထိပ်ကတောင်ကုန်းမှာလည်း တပ်မတော်က တပ်စွဲပြီး လက်နက်ကြီးတွေနဲ့ ပစ်တာရှိတယ်။ အတွဲလိုက် ဒုန်းတွေလည်း ပစ်ခတ်တာရှိတယ်။ လက်နက်ကြီး အသံတွေကို မခံနိုင်တော့လို့ ကိုယ်တော်လည်း ကျောင်းကို ပိတ်ပြီး ဒီနေ့ ရွာကနေ ထွက်လာတယ်” ဟု ဧရာဝတီသို့ မိန့်သည်။
ဖေဖော်ဝါရီလအတွင်းက တင်းမကျေးရွာအနီး လက်နက်ကြီး ကျည်ဆန်များ ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ အနီးဝန်းကျင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရွာသားများမှလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိကာ ရွာထဲတွင် သက်ကြီးရွယ်အိုတချို့သာ ကျန်ရှိခဲ့ကြောင်း ဒေသခံ ကျေးရွာသား များက ဆိုသည်။
အဆိုပါ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ် အစပ် တပ်မတော်စစ်ကြောင်းများ တပ်စွဲထားသည့် မီးဝဗျူဟာကုန်း သို့ စစ်ကူလာသော တပ်မ (၇၇) လက်အောက်ခံ ပဲခူးခရိုင်၊ ဘုရားကြီးမြို့ အခြေစိုက် ခမရ (၇)မှ တပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့် စစ်တပ် (AA) တို့ နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း နှစ်ဘက်လုံးက အတည်ပြုသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး မတ်လ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း ၎င်းတပ်ရင်းမှ တပ်ရင်းမှူး အဆင့်ရှိသူ အပါအဝင် အရာရှိ စစ်သည် ၂၀ ဦး လက်ရက် ဖမ်းဆီးရမိသလို လက်နက်ခဲ့ယမ်း အမြောက်အများလည်း သိမ်းဆည်းရမိ ကြောင်း AA သတင်းပြန်ကြားရေးဌာနမှ မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။
ယင်းအပြင် တိုက်ပွဲအတွင်း တပ်မတော်သား စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရမိထားကာ လက်နက်ခဲယမ်း မီးကျောက် အမြောက်အများလည်း သိမ်းဆည်း ရမိထားကြောင်း၊ AA တပ်ဖွဲ့ဝင် တချို့လည်း ထိခိုက်ကျဆုံးမှု ရှိကြောင်း AA မှ ထုတ်ပြန်ထားသည်။
တပ်မတော်သား ဖမ်းဆီးရမိသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းပြန်ကြားရေးဌာနမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မီးဝကျေးရွာအနီး ဗျူဟာကုန်းသို့ စစ်ကူသွားသည့် တပ်မတော်သား အရာရှိတချို့ကို AA တပ်ဖွဲ့ ဝင်များက ဖြတ်တောက်တိုက်ခိုက်ခဲ့မှု ရှိသည့်အတွက် အရာရှိ၊ စစ်သည် တချို့နှင့် အဆက်အသွယ် ပြတ်တောက်မှု ရှိကြောင်း မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက ဧရာဝတီသို့ အတည်ပြု ပြောကြားထားသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ ကျနော်တို့ တပ်မတော်အနေနဲ့ ပြောနိုင်တာကတော့ ပျောက်ဆုံးနေလူတွေ၊ အဆက်အသွယ်ပြတ်တောက်နေတဲ့ လူတွေရှိတယ်။ ပြန်လည် ရရှိနိုင်အောင် ဆောင်ရွက်လျက်ရှိတယ်။ အဆက်အသွယ် ပြန်လည်ရရှိနိုင်အောင် နည်းလမ်း မျိုးစုံနဲ့ ဆောင်ရွက်လျက်ရှိတယ်။ အဲဒီတိုက်ပွဲဖြစ်တဲ့ အနီးက ရွာတွေမှာလည်း လူတွေမရှိတော့ဘူး။ မြေပြင် သတင်းအရ AA ပဲဝင်ရောက်နေထိုင်တာတွေရှိတယ်။ အဲဒီအနီးဝန်းကျင်မှာ ကျနော်တို့ တပ်တွေ လုံခြုံရေးအရ ဆောင်ရွက်လျက်ရှိတယ်။ အဲဒီလောက်ပဲ ပြောနိုင်မယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။
မတ်လ ၁၁ ရက်နေ့ကလည်း ၎င်းတပ်ရင်းမှ အရာရှိ စစ်သည် အပါအဝင် ၁၀ ဦး ထပ်မံ ဖမ်းဆီး ရမိကြောင်း AA က ထုတ်ပြန်ထားပြီး လက်ရှိအချိန်တွင် ဖမ်းဆီး ရမိသည့် စစ်သုံ့ပန်း ၃၆ ဦး လက်ရ ဖမ်းဆီးရမိထားကာ ယင်းအထဲမှ ဒဏ်ရာပြင်းထန်ပြီး အသက် အန္တရာယ်စိုးရိမ်ရသည့် တပ်ဖွဲ့ဝင် ၂ ဦးအား ကုသရေး တွင် အခက်အခဲများရှိသောကြောင့် အစိုးရအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ချက်ချင်း လွှဲပေးလိုကြောင်း AA သတင်းပြန်ကြားရေးဌာနမှ ယနေ့ ညနေပိုင်းက ထုတ်ပြန်လာသည်။
ထိုတိုက်ပွဲအတွင်းမှ ဖမ်းဆီးရမိထားသည့် တပ်မတော်သား သုံ့ပန်းများကိုလည်း နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေ အပါအဝင် AA တပ်ဖွဲ့၏ စစ်သုံ့ပန်း စည်းမျဉ်း၊ စည်းကမ်း အတိုင်း ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းလည်း ဦးခိုင်သုခက ဆိုသည်။
လက်ရှိအချိန်အထိလည်း အဆိုပါ ကုလားတန်မြစ်ကြောင်း အနီးဝန်းကျင် တလျှောက် တောင်တန်းများတွင် စစ်ရှိန် အလွန်မြင့်မားနေပြီး တပ်မတော်နှင့် AA တို့ နှစ်ဘက် အပြန်အလှန် ထိုးစစ် ဆင် တိုက်ခိုက် နေကြောင်းလည်း သိရသည်။
You may also like these stories:
ကုလားတန်မြစ်ကြောင်းတိုက်ပွဲ တပ်ရင်းမှူး အပါအဝင် သုံ့ပန်း ၂၀ ဖမ်းဆီးရမိဟု AA ထုတ်ပြန်
ပလက်ဝ တိုက်ပွဲများ အတွင်း ပျောက်ဆုံးနေသူများ ပြန်တွေ့ရေး စီစဉ်နေဟု ချင်း အစိုးရပြော