ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ယခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု ထက်ဝက်အထိ လျော့ကျနိုင်ခြေရှိ ကြောင်း ပြည်ထောင်စု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်လတ်က ပြောသည်။
“ဒီကိုလာတဲ့ တရုတ် ခရီးသွား အရေအတွက်က၂၅ ရာခိုင်နှုန်းလောက် ရှိတယ်။ အခု တရုတ် ခရီးသွား ရပ်သွားပြီ ဆို တော့ အဲဒီ၂၅ ရာခိုင်နှုန်းကတော့ လျှော့မယ်။ ဒါ့ပြင် ကျနော်တို့ သိသလောက် အနောက်နိုင်ငံတွေနဲ့ ဂျပန်၊ ကိုးရီး ယားက ခရီးစဉ် ပယ်ဖျက်တာတွေ ရှိတယ်။ အဲဒီတော့ သေချာတာက ဒီနှစ် ခရီးသွား ဝင်ရောက်မှုက၂၀ ကနေ ၅၀ ရာ ခိုင်နှုန်းကြား အတွင်း လျော့သွားနိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
မန္တလေးမြို့တွင် ဖေဖော်ဝါရီ လကုန်ပိုင်းက ပြုလုပ်ခဲ့သော ခရီးသွားလာရေးဆိုင်ရာ အခမ်းအနားအပြီး ဧရာဝတီ၏ မေးမြန်းမှုအား ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မမြင့်မားခင်၂၀၂၀ ဇန်နဝါရီလ ၁ လအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော နိုင်ငံခြား သား ခရီးသွား အရေအတွက်မှာ၂ သိန်းကျော် ရှိပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဝင်ရောက်သည့် ခရီးသွား အရေ အတွက်မှာ ၁ သိန်း ၆ သောင်းကျော် ရှိခဲ့သဖြင့် ယခင်နှစ်ထက် ၂၅% တိုးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးဝန်ကြီး ဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီနှင့် မတ်လအတွင်း၌ပင် ကိုရိုနာဗိုင်းရပ်စ်မှာ နိုင်ငံအနှံ့အပြားသို့ ကူးစက်ပြန့်ပွားမှု ပြင်းထန်လာခဲ့သဖြင့် လက်ရှိတွင် ရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်ရန် နိုင်ငံအသီးသီးက နိုင်ငံခြားသား ခရီးသွားများအား ရောဂါ ဖြစ်ပွားမှု ပြင်းထန်သည့် သက်ဆိုင်ရာ နိုင်ငံအလိုက် ပြည်ဝင်ခွင့် ပိတ်ခြင်း၊ လေကြောင်းလိုင်းများ ရပ်ဆိုင်းခြင်း၊ ကျန်းမာရေး စောင့်ကြည့် စစ်ဆေးခြင်း ပြုလုပ်လျက် ရှိသလို ခရီးသွား အများစုသည်လည်း ကြိုတင် စာရင်းသွင်းထားသည့် ခရီးစဉ် စာရင်းများမှ ပြန်လည် ပယ်ဖျက်နေကြကြောင်း ခရီးသွားလုပ်ငန်းများက သိရသည်။
အထက်ပါ အခြေအနေများကြောင့် ဂျပန်၊ ကိုးရီးယား အပါအဝင် အာရှနိုင်ငံများနှင့် အနောက်နိုင်ငံ အများစုက မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်မည့် ခရီးစဉ်များအား ပြန်လည် ပယ်ဖျက်ခြင်း ပြုလုပ်နေသည်မှာ ၅၀ ရာခိုင်နှုန်းခန့် ရှိပြီ ဖြစ်သည်ဟု ဒု ဝန်ကြီး ဦးတင်လတ်က ပြောသည်။
ပြီးခဲ့သည့်၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်းသို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုသည် ၄.၃ သန်း ကျော်ရှိခဲ့ရာ လက်ရှိ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ယခုနှစ်တွင် နိုင်ငံခြားသား ခရီးသွား၂ သန်းခန့်သာ ဝင်ရောက်နိုင်လိမ့်မည်ဟုလည်း ခန့်မှန်း ထားကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် မြန်မာ့ခရီးသွား လုပ်ငန်းအပေါ် သက်ရောက်မှု အခြေအနေနှင့် ခရီးသွား ဝင်ရောက် မှု လျော့ကျသွားသော အရေအတွက်များအား အချက်အလက် အတိအကျ ရရှိနိုင်ရန် သက်ဆိုင်ရာ အသင်းအဖွဲ့များ နှင့် ပူးပေါင်း၍ စာရင်းများ ကောက်ယူလျက် ရှိသည်ဟု မြန်မာနိုင်ငံ ခရီးသွားလာရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က ပြောဆိုသည်။
၎င်းက “လောလောဆယ်အရ ခရီးသွား ကဏ္ဍ တခုလုံးအပေါ် ဘယ်လောက်ထိနေပြီလဲ ဆိုတာ မတိုင်းတာနိုင်သေးတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒါကြောင့် ဝန်ကြီးဌာန ခန့်မှန်းထားတဲ့ ကိန်းဂဏန်းထက် ကျနော်တို့က ပိုမှန်းပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ဦးနောင်းနောင်းဟန် က “အစိုးရအနေနဲ့ကလည်း ဘယ်လောက်ပဲ စီးပွားရေး အပေါ် သက်ရောက်မှု ကြီးပါစေ။ ဒီအခြေအနေမှာ ဘယ်လိုရှုထောင့်က ကြည့်ကြည့် ကျန်းမာရေးနဲ့ လုံခြုံရေးက အရေးကြီးတာမို့ ဒါက ဦးစား ပေး ဖြစ်သင့်တယ်လို့ပဲ ယူ ဆပါတယ်။ အခြေအနေတွေ တည်ငြိမ်သွားရင်တော့ အစိုးရလည်း ပြန်ကုစား ပေးနိုင်လိမ့် မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင် ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကူးစက် ဖြစ်ပွားမှုအား ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် ယမန်နေ့က စတင် ကြေညာခဲ့သည်။
မတ်လ ၁၁ ရက်အထိ အဆိုပါ ဗိုင်းရပ်စ်ကြောင့် တရုတ်အပါအဝင် နိုင်ငံပေါင်း ၁၁၀ ရှိ လူပေါင်း တသိန်းကျော်အား ကူး စက်ပျံ့နှံ့လျက် ရှိသလို သေဆုံးသူပေါင်း ၄ ထောင်ကျော် ရှိပြီဖြစ်ကြောင်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန က သတင်း ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ကိုရိုနာဗိုင်းရပ်စ်ဂယက် ပုဂံဒေသ ခရီးသွား ဝင်ရောက်မှု ၉၀ ရာခိုင်နှုန်းခန့် ကျဆင်း