ပလက်ဝမြို့နယ်အတွင်းသို့ ဆန်သယ်ရန် အရပ်သားများ စုပေါင်းကာ ကော်မတီ ဖွဲ့လိုက်သော်လည်း တိုက်ပွဲကြား ဖြတ်သန်း မသွားလာရဲသဖြင့် ဆန်သယ်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်သည်ဟု သတင်း ရရှိသည်။
ပလက်ဝမြို့နယ် စားနပ်ရိက္ခာ သယ်ယူရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိန်ထွန်းလှက “ဒေသက တည်ငြိမ်မှု မရှိသေးတဲ့ အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးကို သွားတင်ပြတော့ တပတ်လောက် စောင့်ပါတဲ့။ လမ်းကြောင်းက အေးချမ်းတည် ငြိမ်သွားရင်တော့ အဲဒီအခါမှ ဆက်လုပ်မယ်လို့ ဆုံးဖြတ်ထားလိုက်ပြီ။ ဆန်သယ်ဖို့ ကိစ္စကိုပါ။ ရိက္ခာကတော့ မရှိတော့ ဘူး” ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင်း တိုက်ပွဲများကြား ဆန်ဈေးများ ၃ ဆခန့် မြင့်တက်ပြီး စားနပ်ရိက္ခာ ပြတ်တောက်လုနီးနီး ဖြစ်နေ သဖြင့် ဒေသခံ ဘာသာရေး ဆရာများ၊ ရပ်မိရပ်ဖများ စုပေါင်းကာ ပလက်ဝမြို့နယ်၊ စားနပ်ရိက္ခာသယ်ယူရေး ကော် မတီကို မတ်လ ၁၀ ရက်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကော်မတီမှ ဆန်သယ်ရန် စက်လှေနှင့် ကားများကို ညှိနှိုင်းရာတွင် တိုက်ပွဲကြား လုံခြုံရေး အာမခံချက်မရှိ သဖြင့် ဆန်သယ်မည့် အစီအစဉ် ဆိုင်းငံ့လိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။
ဦးစိန်ထွန်းလှက “ရိက္ခာသယ်တဲ့ ရဟတ်ယာဉ်နဲ့ တပ်မတော်က သယ်ပေးနိုင်မလားလို့တော့ အုပ်ချုပ်ရေးမှူးကို တင်ပြ ခဲ့ တယ်။ ဖြစ်နိုင်မလားပေါ့။ အကုန်လုံး ကြာရင် ငတ်ပြတ်ပြီး သေတော့မှာ။ အခု အိမ်တွေမှာ ကလေးတွေကို ဝအောင် ကျွေးပြီး လူကြီးတွေက အဆင်ပြေသလို စားနေတာ ဒုက္ခရောက်နေပြီ”ဟု ပြောသည်။
ပလက်ဝမြို့နယ်မှ ဒေသခံ ၁ သိန်းကျော်သည် ကုလားတန် မြစ်ကြောအတိုင်း ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ တ ဆင့် သယ်ယူလာသည့် ဆန်အပါအဝင် အခြေခံ စားသောက်ကုန်များကို မှီခိုနေကြရသည်။
တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့၏ တိုက်ပွဲများကြောင့် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ရေလမ်းနှင့် ကုန်းလမ်း များ လမ်းပိတ်သွားခြင်း ဖြစ်သည်။
ရေလမ်းကြောင်းပိတ်သည့် ဖေဖော်ဝါရီအတွင်း ဆန်ပြတ်တောက်သွားသဖြင့် ပလက်ဝမြို့တွင် ဆန်ဆိုင်များ ပိတ် ထားရပြီး ကျောက်တော်မြို့မှ တောလမ်းအတိုင်း သယ်လာသည့် ဆန်အိတ်အချို့မှာလည်း တအိတ်လျှင် ၁ သိန်း ကျော်အထိ ပေါက်ဈေး ရှိနေသည်ဟု သိရသည်။
ပလက်ဝမြို့ ဒေသခံတဦးက “တောလမ်းအတိုင်း သယ်ပေးတာ ရှိတယ်တဲ့။ သယ်ခကိုပဲ တအိတ် ၃ သောင်းပေးရ တယ်။ ဆန်ဖိုး မပါဘူး။ ဒါတောင် တအိတ်စ ၂ အိတ်စပဲ ရတာ။ လူတိုင်းလည်း မဝယ်နိုင်ဘူး။ ပိုက်ဆံ ရှိရင်တောင် မရနိုင်ဘူး။ အခု လက်လုပ်လက်စားသမားတွေဆို ဝယ်စားစရာကို မရှိကြတော့ဘူး” ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် ဒေသခံ ၁ သိန်းကျော်ရှိပြီး ထိုထဲမှ ၆ သောင်းခန့်မှာ စစ်ဘေးဒဏ်သင့်နေသူများ ဖြစ်သည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့မှ ပလက်ဝမြို့နယ် အတွင်းရှိ စစ်ဘေးသင့်သူများကို ဆန် အခမဲ့ပေးရန်နှင့် အရပ်သားများကို သင့်တင့်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးရန် ပလက်ဝမြို့နယ် ဆမီးမြို့တွင် အိတ် ၆၀၀၊ ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ဆန်အိတ် ၄၀၀၀ ခန့် စီစဉ်ထားသော်လည်း သယ်ယူ၍ မရ ဖြစ်နေသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) မှ ဒုက္ခသည်များကို လှူဒါန်းထားသည့် ဆန်အိတ် ၂၀၀၀ မှာလည်း ကျောက်တော်မြို့ တွင် သောင်တင်နေသည် ဟု သိရသည်။
ဆန်အိတ်များ ကုလားတန်မြစ် အတိုင်း တပ်မတော် လုံခြုံရေးများဖြင့် သယ်ယူရန် ပြည်ထောင်စု အစိုးရသို့ စာတင် ထားသော်လည်း အကြောင်းပြန်လာခြင်း မရှိသေးဟု ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြော သည်။
အရပ်သားများ စက်လှေဖြင့် လုံခြုံရေး မပါဘဲ သယ်ယူလျှင် AA လက်ထဲသို့ ဆန်အိတ်များ ရောက်သွားမည်ဟုလည်း ဦးစိုးထက်က ဆိုသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက လုံခြုံရေး တပ်ဖွဲ့ဖြင့် လာပါက ပစ်ခတ်မည် ဖြစ်ပြီး အရပ်သား များအတွက် ဆန်သယ်ယူလိုပါက ကြားခံ အရပ်ဘက်အဖွဲ့များ၊ ကြက်ခြေနီ အဖွဲ့ သို့မဟုတ် WFP အစီအစဉ်ဖြင့် လာ မည်ဆိုပါက လုံခြုံရေးကို ကူညီပေးမည်ဟု ပြောဆိုထားသည်။
ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်ကြားရှိ ကုလားတန်မြစ်ကြောင်းတွင် တပ်မတော်၏ အရေးပါသည့် မီးချောင်း ဗျူဟာကုန်းအား AA က တိုက်ခိုက်နေသည်မှာ ၁ လခန့် ရှိပြီ ဖြစ်သည်။
ကုလားတန်မြစ်ကြောင်းတွင် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်ပြီး မတ် ၇ ရက်နှင့် ၁၀ ရက်တွင် တပ်မတော်၊ တပ်မ ၇၇ လက်အောက်ခံ ခမရ (၇) မှ တပ်ရင်းမှူး၊ အရာရှိများ၊ တပ်ဖွဲ့ဝင်များ စုစုပေါင်း ၃၆ ဦးကိုလည်း တိုက်ပွဲ အတွင်း AA က ဖမ်းဆီးထားသည်။
ဆက်စပ်ဖတ်ရှုရန်
You may also like these stories:
ပလက်ဝ ဒေသခံများ စားနပ်ရိက္ခာ သယ်ယူရေး စီစဉ်
လက်နက်စက်ရုံ တည်ဆောက်ဖို့ ရည်မှန်းချက် အခိုင်အမာ ရှိပါတယ်
ပလက်ဝ စစ်ရှောင်လူငယ်များ အလုပ်ရရေး ကူညီမည့် စင်တာများ ရန်ကုန်တွင် ဖွင့်လှစ်