တရုတ်နိုင်ငံ ဟူပေပြည်နယ် အကျဉ်းထောင်၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံထားရသည့် မြန်မာနိုင်ငံသား ဟု ဆိုသူ အမျိုးသမီး၂ ဦးသည် ကျန်းမာရေး ကောင်းမွန်လာသဖြင့် မတ်လ ၁၁ ရက်တွင် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း ဘေဂျင်းမြို့ရှိ မြန်မာသံရုံးက ဆိုသည်။
မြန်မာနိုင်ငံ ကိုးကန့်ဒေသနှင့် နမ့်ခမ်းဘက်မှ လာသည် ဟုဆိုသော အဆိုပါ အမျိုးသမီး နှစ်ဦးသည် မူးယစ်ဆေးဝါး မှောင် ခိုရောင်းဝယ်မှုနှင့် သယ်ယူ ပို့ဆောင်ရေး ပြစ်မှုတို့ကို ကျူးလွန်ခဲ့သဖြင့် ဟူပေပြည်နယ် အကျဉ်းထောင်၌ ပြစ်ဒဏ် ကျခံနေ ရသူများလည်း ဖြစ်သည်။
ဗိုင်းရပ်စ် ကူးစက်ခံရသည့် အမျိုးသမီးနှစ်ဦးကို ဟူပေပြည်နယ် အကျဉ်းထောင် စီမံခန့်ခွဲရေး ဌာနက Mobile Cabin ဆေးရုံ တွင် ဆေးကုသမှု ခံယူစေခဲ့ပြီး ကျန်းမာရေး တိုးတက်လာသဖြင့် ဆေးရုံမှ ဆင်းစေခဲ့သည်ဟု အကျဉ်းထောင် စီမံခန့်ခွဲရေး ဌာနက မြန်မာသံရုံးသို့ အကြောင်းကြား ထားကြောင်း မြန်မာသံရုံးက သိရသည်။
ဘေဂျင်းမြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတဦးက “လောလောဆယ်တော့ ဆေးရုံက ဆင်းပြီ။ တနေရာမှာ သူတို့ကို သီးခြား ခွဲပြီးတော့ ၁၄ ရက် ထပ်ပြီး စောင့်ကြည့်တာ လုပ်မယ်လို့ ကြားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကို အမြစ်ပြတ် ကုသနိုင်သည့် ဆေးဝါး တရုတ်နိုင်ငံတွင် မရှိသေးသော်လည်း ရောဂါသက်သာသူများ၏ သွေးဖြူဥမှ ထုတ်ယူသည့် Plasma ဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရသူများ ကျန်းမာရေးကောင်းရန် တရုတ်ဆရာဝန်များက ဆောင်ရွက်နေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
ရောဂါခံစားနေမှုမှ သက်သာလာသူများကိုလည်း သွေးပြန်လှူရန် တရုတ်အစိုးရက တိုက်တွန်းထားကြောင်း ဘေဂျင်းမြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောဆိုသည်။
“ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်းမာရေး အခြေအနေ ကောင်းသွားတယ် ဆိုတော့ မြန်မာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဗိုင်းရပ်စ် ရှိ နေပေမယ့် ကျန်းမာရေး ကောင်းလာတယ် ဆိုတော့ စိတ်ထဲမှာ သက်သာရာရတဲ့ အနေအထား ဖြစ်တာပေါ့” ဟု ၎င်းက ပြောသည်။
ထ့ိုပြင် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများသည်လည်း ကျန်းမာရေး ကောင်းမွန်ပြီး တရုတ် ရဲ တပ်ဖွဲ့က အစားအစာများ ထောက်ပံ့ထားကြောင်း၊ လက်ရှိတွင် ရှန်တုန်းနှင့် ဖူကျင့်မြို့တို့မှ မြန်မာနိုင်ငံသား ၃၉ ဦးသည် ဘေဂျင်းမြို့သို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ပြန်နိုင်ရန် စောင့်ဆိုင်းနေကြောင်း ဘေဂျင်းမြို့၊ မြန်မာသံရုံးမှ တာဝန်ရှိသူတဦးက ဆက်လက် ပြောဆိုသည်။
“ကျနော်တို့ဘက်က မြန်မာနိုင်ငံသား ဖြစ်ကြောင်း ထောက်ခံပေးလိုက်တဲ့ အတွက် တရုတ်ဘက်ကတော့ ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပေါ့။ ဘေဂျင်းနဲ့ ရန်ကုန်နဲ့ က တပတ်တကြိမ် လေယာဉ်ရှိပါတယ်။ ကျနော်တို့ကတော့ သူတို့ကို အမြန် ဆုံး ပို့ပေးဖို့ မေတ္တာ ရပ်ခံထားပါတယ်” ဟု ယင်းသံရုံး တာဝန်ရှိသူက ဆိုသည်။
တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၀၇၉၃ ဦး ရှိနေပြီး သေဆုံးသူ ၃၁၆၉ ဦး ရှိနေကာ ပြန်လည် ကျန်းမာလာသူ ၆၂၇၉၃ ဦး ရှိနေကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်သည့် အချက်အလက်များ အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
တရုတ်ထောင်၌ ဗိုင်းရပ်စ် ကူးစက်ခံရသူ၂ ဦး မြန်မာ ဟုတ်မဟုတ် စစ်ဆေးနေ