အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အဓိက အတားအဆီးဖြစ်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ချက်များ ယနေ့မဲခွဲရာတွင် တပ်မတော်က ကန့်ကွက်ခဲ့သည့်အတွက် ရှုံးနိမ့်ခဲ့သည်။
လွှတ်တော်တက်ရောက်ခွင့်ရှိသူ ၆၅၄ ဦးအနက် ယနေ့တွင် ၆၃၄ ဦးတက်ရောက်ကာ မဲပေးခဲ့ရာတွင် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်ခဲ့သည့်အတွက် ပြင်ဆင်နိုင်ခြင်းမရှိခဲ့ပေ။ ယခင်က ခွင့်အဖြစ် ခွင့်ပြုထားသူ ၁၄ ဦးနှင့် ယနေ့ခွင့်ယူသူ ၆ ဦးရှိခဲ့ပြီး စုစုပေါင်း ၂၀ ဦးပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
ပုဒ်မ ၄၃၆ အား ပြင်ဆင်ရန် NLD ပါတီမှ ဦးထွန်းထွန်းဟိန်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က လည်း ယင်းပုဒ်မအား ပြင်ဆင်ရန် NLD ဦးဆောင်သည့် ပြည်သူ့ ၅ သန်းကျော်က လက်မှတ်ရေးထိုးကာ လွှတ်တော်သို့တင်ပြ ခဲ့သေးသည်။
လက်ရှိ ပြဌာန်းချက်အရ လွှတ်တော်အတွင်း တပ်မတော်က ၂၅ ရာခိုင်းနှုန်းရယူထားပြီး အခြေခံဥပဒေပါ ပုဒ်မ တခုခုအား ပြင်ဆင်လိုပါက ကိုယ်စားလှယ်စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမည်ဟု ဆိုထားသည့် အတွက် တပ်မတော်က ပြင်ဆင်လိုခြင်းမရှိလျှင် မည်သည့်ပုဒ်မကိုမှ ပြင်ဆင်နိုင်မည်မဟုတ်ပေ။
မဲခွဲပြီးစီးခဲ့သည့် ရလဒ်များအရ လွှတ်တော်အသီးသီးမှ တပ်မတော်သား ကိုယ်စားလှယ်များ အဆင့်လိုက်လျော့ချရန် ပြင်ဆင်ချက်ကိုလည်း တပ်မတော်က ကန့်ကွက်ခဲ့သည့်အတွက် နောင်လာမည့် အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုများတွင် အဓိကအဆုံးအဖြတ်ပေးနိုင်မည့် အာဏာကို တပ်မတော်က ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းသည် ၆၅၄ ဦးရှိသည့်အတွက် ၇၅ ရာခိုင်နှုန်းကျော်ရန် ထောက် ခံမဲ ၄၉၁ မဲ ရရှိရန်လိုအပ်ပြီး ယနေ့မဲခွဲခဲ့သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၂ ခု၏ မဲရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။