တရုတ်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ပြီး ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့နယ်သို့ ပြန်လာသူ တဦးတွင် ကိုရို နာဗိုင်းရပ်စ် (COVID –19) ရောဂါလက္ခဏာ တချို့ သံသယဖြစ်ဖွယ်ရာ တွေ့ရှိသည့်အတွက် ပုသိမ်မြို့ ပြည်သူ့ ဆေးရုံ ကြီးတွင်ထားရှိ ကုသပေးနေကြောင်း သတင်း ရရှိသည်။
ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးတိုက်နယ် အတွင်းရှိ ကျေးရွာတရွာမှ အသက် ၃၀ နှစ်အရွယ် အမျိုးသား တဦးမှာ လွန်ခဲ့ သည့် ၃ လခန့်က တရုတ်နိုင်ငံ ရှန်တိုမြို့ရှိ ကြက်အူချောင်း စက်ရုံတွင် သွားရောက် အလုပ် လုပ်ပြီးနောက် မတ်လ ၉ ရက်တွင် ၎င်းနေထိုင်ရာ ကျောင်းကုန်းမြို့နယ်ရှိ ကျေးရွာသို့ ရွှေလီ- မူဆယ်- ရန် ကုန်လမ်းအတိုင်း လိုင်းကားဖြင့် ပြန် ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားမှာ ရွာပြန်ရောက်ပြီးနောက် မတ်လ ၁၁ ရက်တွင် ကိုယ်အပူချိန်တက်၍ ဖျားခြင်း၊ ချောင်း ဆိုးခြင်းများ ဖြစ်ပွားနေသဖြင့် ကျေးလက် ကျန်းမာရေးဌာနသို့ ပြသခဲ့ရာ လူနာတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ လက္ခဏာတချို့ တွေ့ရှိရ သည့်အတွက် ပုသိမ်မြို့ရှိ ခုတင် ၅၀၀ ဆံ့ ဆေးရုံကြီးသို့ ညတွင်းချင်း လွှဲပြောင်း ပို့ ဆောင်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့ ခုတင် ၅၀၀ ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က “တရုတ်ပြည်က ပြန်လာတယ်၊ ဖျားတယ်၊ ချောင်း ဆိုးတယ်၊ လည်ချောင်းနာတယ်ဆိုရင် ကျနော်တို့က သံသယလူနာ အဖြစ် သတ်မှတ်ပါတယ်။ လူနာက အားလုံး ကောင်း ပါတယ်။ ချောင်းလည်း တအားကြီး ဆိုးနေတာ မဟုတ်ဘူး။ တရုတ်က ပြန်လာတဲ့ လူနာဖြစ်တဲ့အတွက် သူ့ကို သီးခြား အဆောင်မှာ ထားရှိပြီး ကုသမှု ပေးနေပါတယ်။ သူနဲ့ အတူတူသွားတဲ့ ၃ ယောက်ကိုလည်း အိမ်ပြန်လွှတ်လို့ မသင့်တော် တဲ့အတွက် သူတို့က ဘာမှမဖြစ်သော်လည်း ဘယ်သူနဲ့မှ အတွေ့မခံဘဲ သီးခြားထား ရှိပါတယ်” ဟု ဧရာဝတီကို ပြော သည်။
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် ပိန္နဲတောင်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂ ရက်က တရုတ်ပြည်မှ ပြန် လာသည့် အသက် ၃၉ နှစ် အရွယ် အမျိုးသမီးတဦးကို ကိုရိုနာဗိုင်းရပ်စ် သံသယရှိသည့် အတွက် ဒေသခံများက ရွာထဲ အဝင်မခံသဖြင့် လပွတ္တာမြို့ ၃ မိုင် ဆေးရုံကြီးတွင် ကျန်းမာရေးဌာန တာဝန်ရှိသူများက ခေါ်ယူ စောင့်ရှောက်ခဲ့ရကြောင်း သိရသည်။
ကိုရိုနာဗိုင်းရစ်မှာ တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့ရှိ တောကောင်များ၊ သားငါးအစိမ်းများ ရောင်းချသော ဈေးတခုမှ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်း စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး အချိန်တိုအတွင်း ကမ္ဘာတလွှား၌ ကူးစက်ခံရ သူ အရေအတွက် အလျင်အမြန် တိုးပွားလာသည့်အတွက် ကူးစက်မြန် ကပ်ရောဂါ အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာထားသည်။
မတ်လ ၁၂ ရက်အထိ စာရင်းများအရ ကိုရိုနာဗိုင်းရပ်စ် ရောဂါမှာ ကမ္ဘာတဝန်းလုံးရှိ လူပေါင်း ၁၂၇၈၄၁ ဦးသို့ ကူးစက်နေ ပြီး ၄၇၁၇ ဦး သေဆုံးခဲ့ပြီး ဖြစ်ကြောင်း WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။ ကိုရိုနာဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံ တခု တည်းမှာပင် လူပေါင်း ၈၀၇၉၆ ဦး ကူးစက်နေပြီး သေဆုံးသူ ၃၁၆၉ ဦး ရှိနေသည်။
ဥရောပ တိုက်ရှိ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယ အများဆုံး ကူးစက်ဖြစ်ပွားနေသည့် နိုင်ငံဖြစ်ပြီး လူပေါင်း ၁၂၄၆၂ ဦး ရောဂါကူးစက်ခံနေရကာ ၈၂၇ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။ အီတလီ နိုင်ငံနောက်တွင် အရှေ့ အလယ်ပိုင်းနိုင်ငံ အီရန်၊ အရှေ့အာရှနိုင်ငံ တောင်ကိုရီးယားတို့က တတိယနှင့် စတုတ္ထမြောက် ကိုရိုနာ အဖြစ်ပွားဆုံး နိုင်ငံများအဖြစ် ရပ် တည်နေသည်။
တရုတ်ပြည်မှ စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မှာ လက်ရှိတွင် မြန်မာနိုင်ငံ၏ အိမ်နီချင်း အာဆီယံနိုင်ငံများ
ဖြစ်သည့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း နိုင်ငံများ အပြင် ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ အမေရိကန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဂျပန်၊ ဒိန်းမတ်၊ နယ်သာလန်၊ ဆွီဒင်စသဖြင့် နိုင်ငံပေါင်း ၁၂၆ နိုင်ငံတွင် ကူးစက် ဖြစ်ပွားနေကြောင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို စောင့်ကြည့် ထုတ်ပြန် နေသည့် Worldometers ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။
ဒေါက်တာ သန်းမင်းထွဋ်က “ကိုရိုနာဗိုင်းရပ်စ် COVID –19 ရောဂါက ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ကူးစက်ဖြစ်ပွားနေ ပါပြီ။ အဲဒီအထဲမှာ မြန်မာနိုင်ငံတော့ မပါသေးဘူးပေါ့လေ။ တကမ္ဘာလုံးက ကြောက်လန့်နေတဲ့ အချိန်မှာ ကျနော်တို့က ငါတို့တော့ မဖြစ်သေးဘူး ဆိုပြီး ပေါ့ပေါ့လေးတော့ မနေသင့်ဘူး။ မဖြစ်သေးခင်တော့ ဘာမှမဖြစ်ဘူး။ ဖြစ်လာရင် ထိန်းချုပ် ရ တအား ခက်သွားလိမ့်မယ်။ ဒါကြောင့် ပွဲလမ်းသဘင် ကျင်းပတာတို့၊ လူစုလူဝေးထဲ သွားတာတို့ တတ်နိုင်သမျှ ရှောင် သင့်ပါတယ်” ဟု အကြံပြု ပြောဆိုသည်။
အဆုတ်ရောင်ရောဂါ COVID –19 ကာကွယ်ရန်အတွက် လက်ကို စင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောရန်၊ နာချေ ချောင်းဆိုးသည့် အခါတိုင်း နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ရန်၊ တစ်ရှူး အ သုံးပြုပါက အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပြီး လက်ကို စနစ်တကျ ပြန်လည်ဆေးကြောရန်၊ တကိုယ်ရေ သန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ရန်၊ အာ ဟာရ ပြည့်ဝစွာ စားသုံးရန်၊ ကောင်းစွာ အိပ်စက်အနားယူရန်နှင့် ရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာ ရေးဌာနများသို့ အမြန်ဆုံး သတင်းပို့၍ ကုသမှု ခံယူရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ထို့ပြင် လက်ရှိတွင် မတ်လ ၁၃ ရက် မနက်ပိုင်း အချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာ မတွေ့ရှိသေးကြောင်း၊ စောင့်ကြည့်လူနာနှင့် သံသယလူနာသတင်းများ၊ အဆိုပါလူနာများ၏ ဓာတ်ခွဲအ ဖြေ သတင်းများကို ပြည်သူများထံ နေ့စဉ် (update) ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ကောလဟလများကို မယုံကြည်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ရန်ကုန်ဆေးရုံကြီး၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေ့သည် ဆိုသည်မှာ မမှန်ဟု ဆို
တရုတ်နယ်စပ်မှ ပြန်လာသောလူနာ ရွာက လက်မခံ၍ လပွတ္တာဆေးရုံတွင် ထားရ