ကိုရိုနာ ဗိုင်းရပ်စ်ဂယက်ကြောင့် ကုန်ကြမ်း အခက်အခဲရှိသဖြင့် ပြည်တွင်းရှိ စက်ရုံအချို့ ပိတ်ထားရသော်လည်း မန္တလေးစက်မှုဇုန်တွင်မူ စက်ရုံများ ပိတ်သိမ်းရခြင်း မရှိသေးကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှုး ဦးရဲဝင်းအောင်က ဧရာဝတီကို ပြောသည်။
“ဇုန်ထဲက စက်ရုံအများစုရဲ့ တရုတ်ကို မှီခိုပြီး လည်ပတ်တာ နည်းတယ်။ ကုန်ကြမ်းကလည်း အဓိက ပြည်တွင်းကပဲ ဝယ်ရတာများတော့ ဒီမှာ ကိုရိုနာဗိုင်းရပ်ကြောင့် ကုန်ကြမ်းရဖို့ခက်လို့ စက်ရုံပိတ်ရတာ မရှိသေးဘူး။ အထည်ချုပ် စက်ရုံကဇုန်မှာ နည်းတယ်။ ရှိတာကလည်း ချည်မျှင်စက်ရုံလောက်ပဲရှိတာ။ ချည်မျှင်ကလည်း ပြည်တွင်းက ကုန် ကြမ်းယူပြီး တရုတ်ကိုတောင် ပြန်ပို့နေတာမျိုးတွေ ရှိတယ်” ဟု ဦးရဲဝင်းအောင်က ရှင်းပြသည်။
မန္တလေးစက်မှုဇုန်အတွင်း လက်ရှိ အလုပ်လုပ်ကိုင်နေသော လုပ်ငန်းအရေအတွက် ၁၂၀၀ နီးပါးခန့်ရှိပြီး လည်ပတ် နေသော လုပ်ငန်းအမျိုးအစားပေါင်း ၁၃ ခုရှိရာ အထွေထွေစက်မှု၊ ဓာတ်သတ္တုပစ္စည်းနှင့် စားသောက်ကုန် ထုတ်လုပ် ရေး လုပ်ငန်းများက အများဆုံး ဖြစ်ကြောင်း အထက်ပါ ကော်မတီမှ သိရသည်။
မန္တလေးစက်မှုဇုန်မှ စွမ်းအားသားရေ စက်ရုံပိုင်ရှင် ဒေါ်ခင်မာကြည်က “ဒီဗိုင်းရပ်စ်ကြောင့် အန်တီတို့ လုပ်ငန်းအပေါ် Impact လာဖြစ်တာမျိုး ခုထိတော့ မရှိသေးပါဘူး။ ကုန်ကြမ်းကလည်း ရန်ကုန်ဘက်ကပဲ ဝယ်ရတယ်။ ကုန်ချော ကလည်း ပြည်တွင်းကိုပဲ အဓိကဖြန့်တာဆိုတော့ အရောင်းအဝယ် ပုံမှန်ပါပဲ။” ဟု ပြောပြသည်။
မန္တလေးစက်မှုဇုန်အတွင်း ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စက်ရုံများရှိ လုပ်သားများအား ကျန်းမာရေးဆိုင်ရာ အသိ ပညာပေး လုပ်ငန်းများအား လိုက်လံ ဆောင်ရွက်လျက်ရှိသလို စက်ရုံ ၁ ရုံချင်းစီ အလိုက် မိမိလုပ်သားများအား ကျန်းမာရေးဆိုင်ရာ အကာအကွယ်များအား စက်ရုံတာဝန်ရှိသူများက ပံ့ပိုးပေးထားသည်ဟု ဇုန်အတွင်းက စက်မှု လုပ်ငန်းရှင်များက ပြောသည်။
“အလုပ်ကတော့ ပုံမှန်ပါပဲ။ တပတ်ကို ဥပုဒ်နေ့တရက် နားရတယ်။ ဝူဟန်ရောဂါပိုးနဲ့ ပတ်သက်ပြီး အလုပ်ရှင်က လူထူ တဲ့နေရာတွေ သိပ်မသွားဖို့၊ တကိုယ်ရေ သန့်ရှင်းရေး လုပ်ဖို့အတွက် မှာတယ်။ နေမကောင်းဖြစ်ရင်လည်း ပြောဖို့ မှာထားတယ်” ဟု မန္တလေးစက်မှုဇုန်ရှိ အမှုန့်ကြိတ်စက်ရုံတွင် အလုပ်လုပ်နေသော ကိုဝေယံက ဧရာဝတီကို ပြောသည်။
ဇုန်အတွင်း လုပ်ကိုင်နေသည့် အလုပ်သမားဦးရေ ၁၇၀၀၀ ကျော်ရှိကာ တနှစ်လျှင် ပျမ်းမျှ ထုတ်လုပ်မှုတန်ဖိုးမှာ ကျပ်သန်း ၄ သိန်း နီးပါး ရှိကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ ကောက်ယူ ထားသော မှတ်တမ်းများအရ သိရသည်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုးချုပ် ကိုသက်နှင်းအောင်က “လောလောဆယ်တော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန္တလေးစက်မှုဇုန်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားထုအပေါ် impact သိပ်မရှိသေးပါဘူး။ ဇုန်က စက်ရုံတွေကလည်း ပုံမှန်အတိုင်း အလုပ်လုပ်နေဆဲပါပဲ။ ကျနော်တို့ အလုပ်သမား အဖွဲ့အစည်းတွေ အနေနဲ့ကတော့ စက်ရုံတွေ ဒီဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်း အခက်အခဲဖြစ်ပြီး ပိတ်သိမ်းရတယ် ဆိုတာကို ဝန်ကြီးဌာနက အလွယ်တကူ လက်မခံဖို့နဲ့ စက်ရုံတွေ ပြန်ဖွင့်ရင်လည်း မူလလုပ်ခဲ့တဲ့ လုပ်သားတွေကို ဦးစားပေး အလုပ်ပြန်ဝင်စေဖို့ တင်ပြထားပါတယ်” ဟု ပြောသည်။
ဇုန်အတွင်းရှိ စက်ရုံများမှာ ပိတ်သိမ်းခြင်း မရှိသော်လည်း မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ တရုတ်နိုင်ငံသားပိုင် အောင်ပြည့်၀ဖြိုး ကျောက်စိမ်း အချောထည်ကုမ္ပဏီသည် ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ဝယ်ယူလျော့နည်းလာသည်ဟုဆိုကာ အလုပ်သမားများအား လုပ်ခလစာနှင့် ၁ လစာ နစ်နာကြေး ပေးကာ ကုမ္ပဏီကို ပိတ်သိမ်းခဲ့သည်။
မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မန္တလေးစက်မှုဇုန်အား ၁၉၉၀ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်လင့်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပုသိမ်၌ဖွင့်မည့် စက်ရုံ ၂ ရုံ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
စက်ရုံ ၃ ရုံ ထပ်ပိတ်၊ အလုပ်သမား၂ ထောင်ကျော် အလုပ်လက်မဲ့ဖြစ်ပြန်
ငွေစက္ကူတွေကတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တယ်လို့ WHO ပြောကြား