ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာ၌ ဖွင့်လှစ်ထားသော စစ်ရှောင်စခန်းအား မတ်လ ၁၃ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က တပ်မတော်စစ်ကြောင်းက ပစ်ခတ်သွားသဖြင့် စစ်ရှောင် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ နံနက် ၅ နာရီဝန်းကျင်က မြောက်ဦးဘက်မှ ရန်ကုန်- စစ်တွေ ကားလမ်းအတိုင်း တက်လာသည့် တပ်မတော် ယာဉ်တန်းမှာ တိမ်ညိုကျေးရွာနှင့် တမိုင်ခန့်ကွာဝေးသော ဘူးရွက်မညိုး ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက် ခံရပြီးနောက် ထိုသို့ လမ်းတလျှောက်ပစ်ခတ်လာခြင်း ဖြစ်ကြောင်း အဆိုပါ စစ်ဘေးရှောင်စခန်းမှ စစ်ရှောင် ရွာသားများက ပြောသည်။
တိမ်ညိုစစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးဝေလှအောင် က “သူတို့ (တပ်) လမ်းမှာမိုင်းဆွဲခံရတယ်လို့ ကြားတယ်။ အဲဒီမှာ တပ်မတော်ယာဉ်တန်းက လမ်းတလျှောက်ပစ်ခတ်လာတာ။ စစ်ရှောင်စခန်းရော၊ ရွာထဲရော၊ ဆေးရုံပါ ပစ်ခတ်တယ်။ စစ်ဘေးရှောင်စခန်းက လူတွေလည်းထိတယ်။ ဆေးရုံမှာ လူနာ စောင့်နေတဲ့ အမျိုးသမီး တယောက်လည်း လည်ပင်းမှာထိမှန်တာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်ယာဉ်တန်းမှ ထိုသို့ပစ်ခတ်မှုကြောင့် တိမ်ညို စစ်ဘေးရှောင်စခန်းမှ ဒဏ်ရာရရှိသူများမှာ အသက် ၁၃ နှစ်အရွယ် မနှင်းမိုးနွယ်၊ အသက် ၁၀ နှစ်အရွယ် မောင်အောင်ငြိမ်းလင်း၊ အသက် ၇၀ အရွယ် ဒေါ်လုံးယေ၊ အသက် ၅၅ နှစ်အရွယ် ဒေါ်မမြတင်၊ အသက် ၄၃ နှစ်အရွယ် ဒေါ်မဲလှချေ၊ အသက် ၅၈ နှစ်အရွယ် ဒေါ်မညိုဝင်း၊ အသက် ၅၀ အရွယ် ဦးမောင်ညိုလှ၊ အသက် ၈ နှစ်အရွယ် မခိုင်စုဝေ၊ အသက် ၂၄ နှစ်အရွယ် မစန္ဒာအေး၊ အသက် ၁၇ နှစ်အရွယ် မအေးအေးသွယ်တို့ ဖြစ်ကြောင်း စစ်ရှောင်စခန်းမှ ရွာသားများက ဆိုသည်။
ယင်းအပြင် စစ်ဘေးရှောင်စခန်းအနီးရှိ တိမ်ညိုဆေးရုံတွင်လည်း ပစ်ခတ်ခံရသည့်အတွက် လူနာစောင့် နေသည့် အသက် ၅၃ နှစ်အရွယ် ဒေါ်သန်းအေးကြည်၊ တိမ်ညိုကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးကျော်လှိုင်တို့မှာလည်း အသီးသီးဒဏ်ရာများရခဲ့ကြောင်း သိရသည်။
ထိုတိမ်ညိုဆေးရုံမှ လူနာစောင့်နေသူ ဒေါ်သန်းအေးကြည်မှာ လည်ပင်းတွင်ထိမှန်ခဲ့သလို တိမ်ညို စစ်ဘေးရှောင် စခန်းမှ မနှင်းမိုးနွယ်မှာလည်း ဝမ်းဗိုက်တွင်ထိမှန်ခဲ့သည့်အတွက် အခြေအနေ စိုးရိမ် ရကြောင်းသိရသည်။
မြောက်ဦးဆေးရုံမှ ဒေါက်တာ ခင်မောင်သန်းက ဒဏ်ရာပြင်းထန်သူတချို့ ကို မြောက်ဦးဆေးရုံမှ တဆင့် စစ်တွေဆေးရုံသို့ လွှဲပြောင်းပေးရန်စီစဉ်နေကြောင်း ဧရာဝတီသို့ ပြောသည်။
ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်တွင်တည်ရှိသော မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနှင့် ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရာကြီး အနီးရှိ သရက်တပင် ကျေးရွာတို့မှာလည်း ပစ်ခတ်ခံရသဖြင့် တောင်ဦးကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ဦးမောင်ဖြူယေနှင့် သရက်တပင်ကျေးရွာမှ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးတို့ ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။
မြောက်ဦးမဲဆန္ဒနယ်မှ တောင်ဦးကျေးရွာတွင် နေထိုင်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က “ဒီနေ့မနက်ပိုင်း ပစ်ခတ်ခံရမှုမှာ တိမ်ညိုစစ်ဘေးရှောင်စခန်းက လူ ၁၀ ဦးလောက် ဒဏ်ရာရကြတာရှိတယ်။ ကျနော်တို့ ရွာသားတယောက်လည်း ကျည်ထိတယ်။ လက်နက်ကိုင် အချင်းချင်းဖြစ်ကြတာမှာ ဒီလို စစ်ပွဲကိုကြောက်လို့ ထွက်ပြေးလာတဲ့လူတွေတောင် အသက်အန္တရာယ် မလုံခြုံဘူးဆိုတော့ သူတို့စိတ်ထဲမှာ ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်ရင်သိနိုင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြေပြင်သတင်း မရရှိသေးသဖြင့် အတိအကျ မပြောနိုင်သေးသော်လည်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းကို ပစ်၍ ပြန်ပစ်ခြင်း ဖြစ်နိုင်ကြောင်း တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ရှင်းပြသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ အဲဒီကိစ္စ ကျနော်တော့ မသိသေးဘူး။ ပြောနိုင်တာတခုက တပ်မတော် စစ်ကြောင်းတွေ အဲဒီဘက်မှာ လုံခြုံရေးဆောင်ရွက်နေတာ ရှိတယ်။ ကျနော်တို့ ပြောသလိုပဲ တပ်မတော် စစ်ကြောင်းတွေ အပစ်ခံရရင်တော့ ပြန်လည်ပစ်ခတ်တာမျိုးရှိနိုင်ပါတယ်။ ခုနပြောသလို မိုင်း ဆွဲတိုက်ခိုက် တယ်ဆိုရင် မိုင်းဆွဲတိုက်ခိုက်တဲ့ နေရာကို ပြန်လည်ပစ်ခတ်မှာပေါ့ ။ဒါတွေတော့ ရှိပါလိမ့်မယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် သရက်တပင်ကျေးရွာမှ အသက် ၃၉ နှစ်အရွယ် ဒေါ်နွယ်နွယ်ဦးမှာ ဦးခေါင်းဒဏ်ရာကြောင့် အခြေအနေ စိုးရိမ်ရသည့်အတွက် ယနေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်ကားဖြင့် ကျောက်တော် ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ကာဆေးကုသနေရသည်။
စစ်တွေဆေးရုံသို့ ရောက်ရှိလာသော ဒေါ်နွယ်နွယ်ဦး၏ မိသားစုဝင်တဦးဖြစ်သူ ဒေါ်တင်တင်ဝင်း က “မြောက်ဦး ဘက်ကနေ စစ်ကားတွေ ပစ်လာတယ်ဆိုပြီး သတင်းကြားလို့ သူက (ဒေါ်နွယ်နွယ်ဦး) အိမ်အောက်မှာရှိတဲ့ ဗုံးကျင်းထဲကို ဝင်ပုန်းတာမှာ အိမ်ကို လက်နက်ကြီးလာကျတယ်။ အိမ်ခေါင်မိုးလည်း ပြိုသွားတယ်။ သူရော၊ သူ့အမေရော အားလုံး ၃ ယောက် ဒဏ်ရာရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့သို့ တိမ်ညိုတိုက်နယ်ဆေးရုံအတွင်း လက်နက်ကျည်ဆံများ ကျရောက်သောကြောင့် ယနေ့ မနက် ၁၀ နာရီကျော်က ဆေးရုံမှ ဆရာဝန်၊ သူနာပြုအပါအဝင် လူနာများပါ မြောက်ဦးခရိုင် ဆေးရုံသို့ ပြောင်းရွှေ့ လိုက်ရကြောင်းလည်း သိရသည်။
You may also like these stories:
တိုက်ပွဲကြောင့် လုံခြုံရေး အာမခံချက် မရှိ၍ ပလက်ဝဆန်သယ်မည့် အစီအစဉ် ဆိုင်းငံ့
ကုလားတန်မြစ်တလျှောက်မှ ရွာ ၂၀ကျော် တိုက်ပွဲကြောင့် နေရပ်စွန့် ထွက်ပြေး
တက္ကသိုလ်ဝင်တန်း ဖြေမည့် ကျောင်းသားများအတွက် ပလက်ဝ၌ လျှပ်စစ်မီး ၂နာရီပိုပေး