ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကောလာဟလကြောင့် မန္တလေးတွင် အခြေခံစားသောက်ကုန်များ ဝယ်ယူ စုဆောင်းမှုများ ရှိနေရာ မတရားနည်းလမ်းဖြင့် ကုန်ဈေးနှုန်း တက်အောင် ဆောင်ရွက်မှုများ ရှိလာပါက ပြင်းပြင်းထန်ထန် အရေးယူရန် အစီအစဉ်ရှိကြောင်း မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဧရာဝတီကို ယနေ့ ပြောသည်။
“တိုင်းပြည်ကုန်စည်မှာ အရန်ဆန်တွေလည်း အများကြီးရှိသလို လက်ရှိအခြေအနေအရ Demand နဲ့ Supply က ဘာမှ ပူစရာ မရှိပါဘူး။ ဒီအပေါ်မှာ ကိုယ်ကျိုးစီးပွားအတွက် ကုန်ဈေးနှုန်း တက်အောင်လုပ်ရင် အခြေခံ လူတန်းစား ပဲ နစ်နာမှာ။ အဲဒီလိုဆိုရင်တော့ ပြင်းပြင်းထန်ထန် အရေးယူဖို့ စီစဉ်ရမှာပါ” ဟု ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
ယမန်နေ့က လူမှုကွန်ရက် Facebook စာမျက်နှာ၌ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရသော လူနာ စတင် တွေ့ရှိပြီ ဆိုသော ကောလာဟလများ ပျံ့နှံ့ခဲ့သည့်အတွက် ပြည်သူအများစု စိုးရိမ်မှုလွန်ကဲကာ ရန်ကုန်နှင့် မန္တလေးတို့ တွင် အခြေခံစားသောက်ကုန်များ ဝယ်ယူစုဆောင်းမှုများ ရှိနေကြောင်း မန္တလေးတိုင်း ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။
“မနေ့ကတော့ ဒီလိုဝယ်ခြမ်းနေကြတာ ကောလာဟလကြောင့် ခဏပါလို့ ခပ်ပေါ့ပေါ့တွက်ထားတာ။ ဒီနေ့ အခြေအနေ ပါ ကြည့်လိုက်တော့ အဲဒီလို မဟုတ်ဘဲ ကြောက်လန့်ပြီး အကုန် ဝယ်နေကြတာကို တွေ့ရတယ်။ တကယ်တမ်း အဲဒီလို ဝယ်လို့ ကုန်ဈေးနှုန်းတွေ ထောင်တက်သွားရင် အခြေခံလူတန်းစားက အရင် ဒုက္ခရောက်မှာ” ဟု အသင်းဥက္ကဋ္ဌ ဦးကျော်မင်းက သုံးသပ်သည်။
ဆက်လက်ပြီး ၎င်းက “ဒီလိုအခြေအနေမှာ ပစ္စည်းပြတ်သွားတာမျိုးတွေ Black Market လိုမျိုးတွေ ဖြစ်သွားနိုင်တယ်။ အစိုးရအနေနဲ့ ဈေးကွက်စီးပွားရေးကို သွားနေတာဆိုတော့ ကုန်ဈေးနှုန်းကို ထိန်းသိမ်းဖို့ မလွယ်ပေမယ့် ခွဲတမ်းစနစ်နဲ့ ဘယ်လိုရောင်းရမယ်ဆိုတာ စည်းကမ်းချက်မျိုး ထုတ်ပေးတာမျိုး၊ အရေးယူမှု အပိုင်းမှာလည်း အသင်း အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကြပ်မတ်လုပ်ရင် လုပ်နိုင်ပါတယ်”ဟု ပြောသည်။
ထိုကြောင့် အများပြည်သူများ အနေဖြင့် ကောလာဟလသတင်း အပေါ် မူတည်၍ အခြေခံ စားသောက်ကုန် ပစ္စည်း များ ဝယ်ယူစုဆောင်းနေမှုသည် ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လာစေနိုင်ပြီး စားသုံးသူ လူထုအား အကြပ် အတည်းဖြင့် ရင်ဆိုင်ကြုံတွေ့မှု ရရှိနိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သော ကောလာဟလများအား မယုံ ကြည်ဘဲ ကုန်ဈေးနှုန်း တည်ငြိမ်ရေး သတိပြုဆောင်ရွက်ကြရန် မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များအသင်းမှ ယနေ့နံနက်က ထုတ်ပြန် ကြေညာခဲ့သည်။
အာရှသား စားသုံးဆီ ရောင်းဝယ်ရေးမှ ဦးသန်းလွင်က “တရက်တည်း အတွက် ၅ ရက်စာလောက် ရောင်း လိုက် ရတယ်။ ဒါတောင် တနေ့ မကုန်သေးဘူးနော်။ နောက်ထပ် ၃ ရက်စာလောက် အော်ဒါတွေလည်း ရောက်လာတယ်။ ဈေးမတက်ပါဘူး၊ ကြိုမဝယ်ပါနဲ့လို့ ရှင်းပြလေ ပိုဝယ်နေကြတော့ ဝယ်ချင်သလောက် ရောင်းပေးလိုက်တယ်။ ကျနော် တို့အနေနဲ့ ကုန်ကြမ်းဈေး မတက်မချင်း ဈေးတက်မှာမဟုတ်သလို အခု အခြေအနေကလည်း ကုန်ကြမ်းကို တရုတ်က မဝယ်သေးတော့ ဈေးတက်ဖို့အစီအစဉ်မရှိပါဘူး” ဟု ပြောသည်။
မန္တလေးမြို့၌ ထိုသို့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်စသည့် အခြေခံစားသောက်ကုန်များ ဝယ်ယူစုဆောင်း နေကြသဖြင့် ပစ္စည်းပြတ်လပ်မှုများ ဖြစ်သွားပါက မှောင်ခိုဈေးကွက်များ ပေါ်လာနိုင်သလို အစိုးရအနေဖြင့်လည်း ထိန်းကွပ်ရန် ခက်ခဲနိုင်ရာ လူထုအား သတင်းတု၊ သတင်းမှားများအား မယုံကြရန် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
မန္တလေး ဆန်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးကျော်နိုင်က “ပြည်တွင်းဆန်အသစ်ကလည်း လှိုင်လှိုင်ပေါနေပြီ ဖြစ်သလို တရုတ် လိုင်းကလည်း ဒီဗိုင်းရပ်စ်ကြောင့် အရောင်းအဝယ် မရှိသလောက်ဆိုတော့ အရေးအကြောင်း တခုခု ဆိုတောင် ဆန်နဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ဖူလုံပြီးသားမို့ စိတ်ပူစရာမရှိပါဘူး။ ကြောက်စရာ မလိုပါဘူး။” ဟု ရှင်းပြသည်။
မတ်လ ၁၂ ရက်နေ့ညက လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် မြန်မာနိုင်ငံ၌ ဗိုင်းရပ်စ်ရှိလူနာ တွေ့ရှိသယောင် သတင်းအမှားကို ဖြန့်ချိခဲ့သူ အချို့ ရှိခဲ့ရာ ညတွင်းချင်း ဆိုသလို ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိ ဈေးဝယ်စင်တာများ၊ ရပ်ကွက်ဈေးဆိုင်များတွင် အခြေခံစားသောက်ကုန်၊ လူသုံးကုန်များကို ပုံမှန်ထက် ပို၍ ဝယ်ယူစုဆောင်းမှုများ ပြုလုပ်ခဲ့ကြသည်။
ဆက်စပ်လင့်
ရန်ကုန်ဆေးရုံကြီး၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေ့သည် ဆိုသည်မှာ မမှန်ဟု ဆို