မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာ အနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ပဋိပက္ခ ဖြစ်စဉ်၌ ဖမ်းဆီးခံခဲ့ရသည့် မန္တလေး အခြေစိုက် သတင်းထောက်တဦးအား ယနေ့တွင် ပုသိမ်ကြီးမြို့နယ် တရား ရုံးမှ ပုဒ်မ ၄ ခုဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့သည်။
ဖမ်းဆီးခံရသူမှာ မန္တလေး အခြေစိုက် Channel Mandalay TV သတင်းဌာနမှ သတင်းထောက် နန္ဒ(တကိုယ်တော်)(ခ) ကို အောင်ကြည်မြင့် ဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၄၇ (ရုန်းရင်း ဆန်ခတ်မှု)၊ ပုဒ်မ ၃၃၃( ပြည်သူ့ ဝန်ထမ်းကို ပြင်းထန် ဒဏ်ရာရအောင် ပြုမှု)၊ ပုဒ်မ ၃၃၂ (ပြည်သူ့ ဝန်ထမ်းကို သာမန်ဒဏ်ရာရအောင် လုပ်မှု)၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု) တို့ဖြင့် စွဲချက်တင်ခံရကာ တရားရုံးက လက်ခံ စစ်ဆေးနေခြင်း ဖြစ်သည်။
နန္ဒ (တကိုယ်တော်) က “ဒီအမှုမှာ ကျနော် ပါဝင်ကျုးလွန်ခြင်း မရှိဘူးဆိုတာ အခိုင်အမာ သက်သေတွေ ရှိပါလျက်နဲ့ ရဲ တပ်ဖွဲ့ မတရား ဖမ်းဆီးပြီး လုပ်ကြံ တရားစွဲဆိုခဲ့တယ်။ ကျနော်တို့ စိုးရိမ်နေတဲ့ အတိုင်းပဲ။ အခု တရားစီရင်ရေးက ပြစ်မှု ကျုးလွန်ပါတယ် ဆိုပြီး စွဲချက်တင်ခဲ့တယ်။ တရားစီရင်ရေးကိုလည်း အယုံအကြည် မရှိတော့တဲ့ အတွက် တရားရုံးကို သပိတ်မှောက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
သတင်းထောက် နန္ဒ(တကိုယ်တော်) သည် ၂၀၁၉ခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ပဋိပက္ခ ဖြစ်စဉ်အား ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖြိုခွင်းမှုကို Channel Mandalay TV သတင်းဌာန အတွက် Live လွှင့်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခံခဲ့ရပြီးနောက် ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညွန့်သန်း က တရားလိုပြုလုပ်၍ တရားစွဲဆို တင်ပို့ခဲ့ ခြင်း ဖြစ်သည်။
“ကျနော်ဟာ သတင်းထောက်ပါ ဆိုတာကို အခိုင်အမာ သက်သေ အထောက်အထားတွေ ရှိပါလျက်နဲ့ ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ က တရားစီရင်ရေး မဏ္ဍိုင်ကို ယိမ်းယိုင်စေဖို့ အတွက် မဟုတ်မမှန် လုပ်ကြံတရားစွဲခဲ့တယ်။ တရားစွဲ အဖွဲ့အစည်းကို ယုံ ကြည်မှု မရှိတဲ့အပြင် တရားစီရင်ရေး မဏ္ဍိုင်ကလည်း ယိမ်းယိုင်နေတယ် ဆိုတာ ဒီနေ့ စွဲချက်အမိန့်က သက်သေပြသွား တာပါပဲ” ဟု နန္ဒ(တကိုယ်တော်)က ဆက်လက် ပြောသည်။
ယခင်အပတ် ရုံးချိန်းက နန္ဒ(တကိုယ်တော်)ဘက်က အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်နေသည့် တရား လွှတ်တော်ရှေ့နေ ဦးနိုင်နိုင်ထွန်းက ရှေ့နေ ပါဝါ ပြန်ရုပ်သိမ်းခဲ့သဖြင့် ဆက်လက် စစ်ဆေးမှုများကို စွပ်စွဲခံရသူများက ကိုယ်တိုင် ထုချေကြမည် ဟု သိရသည်။
အဆိုပါ စီမံကိန်းကို မြင့်ကုမ္ပဏီမှ အမေရိကာဒေါ်လာ သန်းပေါင်း ၂၀၀ကျော် ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံ မှု ကော်မရှင် (MIC) ၏ တရားဝင် ခွင့်ပြုချက်လည်း ရရှိထားသလို မကြာမီ စက်ရုံဖွင့်ပွဲ ကျင်းပတော့မည်ဟု သိရသည်။
ဆက်စပ်ဖတ်ရှုရန်-
အောင်သပြေ ဘိလပ်မြေစက်ရုံစီမံကိန်း ဒေသခံများ လုံးဝလက်မခံ
အောင်သပြေပဋိပက္ခ ဖမ်းဆီးခံသတင်းထောက်အမှု စွဲချက်တင်အမိန့်ချတော့မည်