မန္တလေးမြို့တွင် ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် စောင့်ကြည့်လူနာ ၁၂ ဦးရှိသည့် အနက် ၅ ဦးမှာ ရောဂါပိုး မတွေ့ရရှိ ကြောင်း၊ ကျန်လူနာများ၏ ဆေးစစ်ချက် အဖြေများကို စောင့်ဆိုင်းဆဲဖြစ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှုးချုပ် ဒေါက်တာသန်းသန်းမြင့်က ဧရာဝတီကို ပြောသည်။
“လူနာ ၅ ယောက်ရဲ့ အဖြေကတော့ Negative ပါ။ ကျန်တဲ့ ၇ ယောက်ကတော့ မနက်ဖန်လောက်မှ သိရမယ်။ စောင့်ကြည့်လူနာတွေထဲမှာ နိုင်ငံခြားသား အနေနဲ့ တရုတ်နိုင်ငံသား ၅ ဦး ပါပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ စောင့်ကြည့်လူနာ ၁၂ ဦးအနက် ၁၁ ဦးမှာ မန္တလေး ကန်တော်နဒီဆေးရုံတွင်လည်းကောင်း၊ ၁ ဦးမှာ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံတွင် လည်းကောင်း ထားရှိ၍ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။
မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က “ဒီလို ကပ်ရောဂါမျိုးကနေ ပြည်သူလူထုကို ကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိသလို ပြည်သူတွေအနေနဲ့ကလည်း မလိုအပ်ဘဲ စိုးရိမ်မှုတွေ မလွန်ကဲဖို့၊ ကောလာဟလတွေကို မယုံကြည်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဒီလိုကာလကို ရင်ဆိုင်ကျော်လွှားနိုင်မှာပါ” ဟု ပြောသည်။
ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ရှိသည့် လူနာ တွေ့ကြောင်း လူမှုကွန်ရက်တွင် ကောလာဟလ ပျံ့နှံ့ခဲ့သဖြင့် ပြည်သူလူထု အကြား စိုးရိမ်မှုများ ပိုလာသလို မန္တလေး၊ ရန်ကုန်မြို့များတွင် အခြေခံစားသောက်ကုန်များကို သာမန်ထက်ပိုကာ ဝယ်ယူစုဆောင်းမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်က စတင် သတ်မှတ်ကြေညာခဲ့သည်။
ရောဂါ စတင်ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံတွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ကျဆင်းလာသော်လည်း အခြား နိုင်ငံများ တွင် ရောဂါကူးစက်သူ ဦးရေ တနေ့ထက် တနေ့ ပိုမို များပြားလာပြီး ရောဂါကူးစက်ဖြစ်ပွားသည့် နိုင်ငံ အရေအတွက် မှာလည်း ၃ ဆ များပြားလာသည်ဟု ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးလည်း ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အမျိုးသားအဆင့် ဗဟိုကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပြီးဖြစ်သလို သင်္ကြန်အပါအဝင် လူစုလူဝေးဖြင့် ကျင်းပရသော ပွဲလမ်းသဘင်၊ အခမ်းအနားများအား မတ်လ ၁၃ ရက်မှ ဧပြီ ၃၀ အထိ ကျင်းပခွင့် မပြုဘဲ ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတရုံးက ယနေ့ သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်အပါအဝင် ကမ္ဘာနိုင်ငံပေါင်း ၁၁၀ ကျော်ကို ကူးစက်လျက်ရှိပြီး သေဆုံးသူ ၅၀၀၀ နီးပါးနှင့် ရောဂါကူးစက်ခံရသူ ၁ သိန်း ၃ သောင်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
ဆက်စပ်လင့်
မန္တလေး COVID-19 သံသယလူနာ တဦး သေဆုံး
မန္တလေး၌ ကုန်ဈေးနှုန်း တက်အောင် လုပ်သူများ ပြင်းထန်စွာ အရေးယူမည်
ကိုရိုနာဗိုင်းရပ်စ်အတွက် ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်သလဲ