မြန်မာ-တရုတ် နယ်စပ်တွင် ရှိနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး မြန်မာ အစိုး ရက ကူညီမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ပြောသည်။
နေပြည်တော်ရှိ သမ္မတရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဧရာဝတီ သတင်းဌာန၏ မေးမြန်းချက်ကို ၎င်းက ပြန် လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဦးဇော်ဌေးက “မိုင်းလားတို့၊ “ဝ” တို့ ပေါ့။ အဲဒီမှာလည်း တချို့စမ်းသပ် စစ်ဆေးတဲ့ ကိရိယာတွေ ရှိသလားပေါ့။ မရှိရင် ကျနော်တို့ဘက်က အစိုးရဘက်က ကူညီပေးဖို့ဆိုပြီး မိုင်းလားနဲ့ လုပ်ဆောင်တာတွေ ရှိတယ်။ သူတို့ကို ဘယ်လို လုပ်ရ မယ်ဆိုတာ၊ ဘယ်လို စစ်ရမယ်ဆိုတာ ပြောထားတာ ရှိတယ်” ဟု ပြောဆိုသည်။
“ဝ” အဖွဲ့ကမူ ၎င်းတို့ ဒေသတွင် ဗိုင်းရပ်စ် ကာကွယ်မှုများကို လုပ်ဆောင်ထားသည် ဟု ပြည်ထောင်စု အစိုးရသို့ ပြန်လည် အကြောင်းပြန်ထားကြောင်း ၎င်းက ဆက်လက် ပြောသည်။
ပြည်ထောင်စု အစိုးရသည် တရုတ်နိုင်ငံ နယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေသော အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း ဗိုင်းရပ်စ် ကာကွယ်ရေး နည်းလမ်းများ ပြောပြထားပြီး ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဗိုင်းရပ်စ် စတင်ဖြစ်ပွားကတည်းက “ဝ” ဒေသတွင် ဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားကြောင်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ဦးညီ ရန်းကလည်း ဧရာဝတီသို့ ပြောကြားသည်။
တောရိုင်း တိရစ္ဆာန်များ ရောင်းဝယ် ဖောက်ကားမှု မလုပ်ရန် အပါအဝင် လူစုလူဝေး မလုပ်ရန်နှင့် တကိုယ်ရည် သန့်ရှင်း ရေး ဆောင်ရွက်ရန်တို့ကို UWSA ထိန်းချုပ် နယ်မြေရှိ ပြည်သူများကို မှာကြားထားကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံသို့ သွားလာနိုင်သည့် နယ်စပ် ဂိတ်များကိုလည်း ပိတ်ထားပြီး တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသည့် တော လမ်းများတွင်လည်း လူဝင် လူထွက် မရှိစေရန် UWSA တပ်ဖွဲ့ဝင်များက စောင့်ကြပ်နေကြောင်း ဦးညီရန်းက ပြောဆိုသည်။
“လူပဲဖြစ်ဖြစ် လာမယ်ဆိုရင် မလာခိုင်းဘူး။ တကယ်လို့ တရုတ်ပြည် ဖြစ်ဖြစ် ကျန်းမာရေး ကောင်းမွန်ကြောင်း၊ ရောဂါဗိုင်း ရပ်စ် မရှိကြောင်း ထောက်ခံချက် ပါတာတောင်မှ သူတို့ကို စောင့်ကြည့်ကာလ လုပ်သေးတယ်။ ကျနော်တို့က သီးခြား ၂ ပတ်လောက် ခွဲထားပြီးမှ ဘာမှ တစုံတရာ မရှိဘူးဆိုမှ ဝင်ခွင့်ပြုတယ်” ဟု ၎င်းက ပြောပြသည်။
မတ်လ ၁၃ ရက်အထိ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ မတွေ့ရှိသေးကြောင်း၊ “ဝ” ဒေသတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးမည့် “ဝ” ပြည်နယ် ကျန်းမာရေးဌာန၏ ဆရာဝန်များလည်း ရှိကြောင်း ဦးညီ ရန်း က ဆက်လက် ပြောဆိုသည်။
“တကယ်လို့ သံသယ လူနာတို့ ဘာတို့ ရှိလာရင်လည်း အတတ်နိုင်ဆုံးပေါ့။ ကုသဖို့ ပြင်ဆင်ထားတာရှိပါတယ်။ လိုအပ်ရင် တော့ လိုအပ်သလို ပတ်ဝန်းကျင် နိုင်ငံတွေက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နိုင်ဖို့၊ ကုသနိုင်ဖို့ အစီအစဉ် ရှိပါ တယ်။ အရင်တုန်းက ပူးပေါင်းမှုတွေလည်း ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အတူ မိုင်းလားအဖွဲ့ (NDAA) က ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ နှင့် အထူးဒေသ၂ တို့ တွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းကို ဇန်နဝါရီလ၂၆ ရက်ကတည်းက ဆောင်ရွက်ထားကြောင်း အထူး ဒေသ ၄ ကျန်းမာရေး ဌာနက တာဝန်ရှိသူ တဦးက ပြောကြားသည်။
“ကျမတို့ ဘက်မှာတော့ လက်ရှိ အနေအထားအရပေါ့။ တားဆီး ကာကွယ်ရေးကိုပဲ အဓိက လုပ်နေပါတယ်။ အကယ်၍ ဖြစ်လာခဲ့ရင်လည်း ကုသနိုင်တဲ့ အဆောက်အအုံကိုလည်း ကော်မတီ အဖွဲ့က လုပ်ထားတာ ရှိပါတယ်။ အဆောက်အအုံ တခုပါ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲကာလအတွင်း လက်ဆေးရန် လက်ဆေးရည် (Hand Gel) ထားရှိမှု အပြည့်အဝ မရှိသော်လည်း ဆပ်ပြာဖြင့် လက်ဆေးခြင်း ဆောင်ရွက်နိုင်ရန် စာသင်ကျောင်းများတွင် စီစဉ်ထားကြောင်း အထူးဒေသ ၄ ကျန်းမာရေးဌာနက သိရသည်။
သံသယလူနာ ရှိလာပါကလည်း ကမာ္ဘ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွှန်ချက်နှင့်အညီ ဆရာဝန်များဖြင့် တနေ့ ၂ ကြိမ် အပူချိန်တိုင်းခြင်း ဆောင်ရွက်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့်လည်း ချိတ်ဆက်ထား ကြောင်း အထူးဒေသ ၄ ကျန်းမာရေး ဌာန တာဝန်ရှိသူတဦးက ပြောကြားသည်။
မိုင်းလား ဒေသတွင် မတ်လ ၁၃ ရက် အထိ ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာ မရှိသေးကြောင်း ၎င်းက ဆက်လက် ပြောဆို သည်။
ရှမ်းပြည်နယ် အစိုးရကလည်း “ဝ”၊ ပအိုဝ်း ၊ ဓနု၊ ကိုးကန့်နှင့် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီး အဖွဲ့များသို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စများကို အကြောင်းကြားထားသည်။
အကြောင်းကြားစာတွင် လူစုလူဝေး များပြားရာ နေရာနှင့် ပွဲလမ်းသဘင်များကို အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ မဖြစ်မနေ လုပ်ဆောင်ရမည့် လူစုလူဝေးပွဲများကိုသာ ပြုလုပ်ရန်၊ မလွှဲမရှောင်သာ လူစုလူဝေးပွဲများ ပြုလုပ်ရပါကလည်း လူအရေ အတွက် တတ်နိုင်သမျှ နည်းပါးရမည် ဖြစ်ဟု ရေးသားထားသည်။
ဖျားနာသူနှင့် အသက်ရူလမ်းကြောင်း ဆိုင်ရာ ရောဂါရှိသူများ လူစုလူဝေးပွဲများသို့ မလာရောက်စေရေး တင်းကြပ်သည့် အစီအမံများ ပြုလုပ်ထားရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည့် ရောဂါကာကွယ်ရေး နှိုးဆော် ချက်များကို တိကျစွာ လိုက်နာရန်လည်း ယင်းအကြောင်းကြားစာတွင် တိုက်တွန်းထားသည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ပြောဆိုချက် အရ မတ်လ ၁၃ ရက်အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)တွင် ဓာတ်ခွဲစစ်ဆေးချက်များ အရ မတ်လ ၁၁ ရက် ညနေ ၆ နာရီမှ မတ်လ ၁၂ ရက် ညနေ ၆ နာရီအထိ သက်ဆိုင်ရာ ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုကုသမှု ပေးနေသော လူနာများ အနက် လူနာ ၄ ဦး၏ ဓာတ်ခွဲ အဖြေများတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးမရှိပေ။
ဆေးရုံများတွင် ထားရှိ၍ အသွားအလာ ကန့်သတ်မှု (Hospital Quarantine) ပြုလုပ်ထားသော တောင်ဥက္ကလာပ အမျိုး သမီးနှင့်ကလေးဆေးရုံကြီးမှ မြန်မာနိုင်ငံသား ၈ ဦးနှင့် မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတောတိုက်နယ် ဆေးရုံမှ မြန်မာနိုင်ငံသား တဦး၊ စုစုပေါင်း ၉ ဦးတို့၏ ဓာတ်ခွဲအဖြေများတွင်လည်း ဗိုင်းရပ်စ် ရောဂါပိုး မရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ၁၂ ရက်နေ့ ကြေညာချက်၌ ဖော်ပြထားသည်။
မတ်လ ၁၂ ရက်၊ ညနေ ၆ နာရီအထိ လူနာ ၁၆ ဦးကိုသာ သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသပေး လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။
You may also like these stories:
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာ ထက်ဝက်ကျော် ကျန်းမာရေး ပြန်ကောင်းလာ
စင်ကာပူနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရေးပစ္စည်းများ မြန်မာနိုင်ငံကို လှူဒါန်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျမှာ ကွန်ဒုံးများ အလုအယက် ဝယ်နေကြ