မြန်မာ့တပ်မတော်၏ ရက်သတ္တပတ် ၂ ပတ်ကြာ မူးယစ်ဆေးဝါးဖမ်းဆီးမှုအတွင်း စိတ်ကြွဆေးပြား ၁၃၁ သန်း၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် သုံးသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ပြီး မတ်လ ၁၂ ရက်အထိ တန်ဖိုးငွေ ကျပ် ၂၈၈ ဘီလျံ ကျော် (အမေရိကန်ဒေါ်လာ ၂၀၆ သန်း) ဘိုး ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတည်းက မူးယစ်ဆေးဝါးထုတ်လုပ်သည့် အဆောက်အအုံများကို စီးနင်းရှာဖွေမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။ ယခုနှစ် ဖမ်းဆီးရမှုသည် ယခင်နှစ်ကထက် ပိုမိုများပြားသည့် မူးယစ်ဆေးဝါးပမာဏ ဖြစ်သည်။ ၂၀၁၉ ဇန်နဝါရီလ ၁ ရက်မှ သြဂုတ်လ ၁၅ရက်အထိ မြန်မာနိုင်ငံတဝန်း တပ်မတော်၏ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုသည် ကျပ် ၂၁၇ ဘီလျံ ရှိခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ယခု သီတင်းပတ်အတွင်းထုတ်ပြန်ချက်အရ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်ကျေးရွာများ၌ မူးယစ်ဆေးဝါးဖမ်းမိမှုတွင် WY, 88/1 နှင့် R အမှတ်တံဆိပ်ပါ စိတ်ကြွဆေးပြားများအပြင် ဘိန်းဖြူ၊ မော်ဖင်း၊ ဘိန်းစိမ်းနှင့် Ice မူးယစ်ဆေးပြားများလည်း ပါဝင်ခဲ့သည်။
မတ်လ ၁၂ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ ယင်းမူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေး ၁၃၁ သန်းပါဝင်ပြီး ၎င်းတို့အနက် အများစုသည် WY စိတ်ကြွဆေးပြားများ ဖြစ်ကာ စုစုပေါင်း ဖမ်းမိ ဆေးဝါးမျိုးစုံတန်ဖိုးသည် ကျပ် ၂၈၇ ဘီလီယံကျော်တန်ဖိုးရှိပြီး မူးယစ်ဆေးဝါးချက်လုပ်ရန် သုံးသည့်ပစ္စည်းများ သိမ်းဆည်းမှုသည်လည်း ကျပ် ၁ ဘီလျံကျော် တန်ဖိုးရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများကို တပ်မတော်က မတ်လ ၁ ရက်နေ့တွင် လူသိရှင်ကြားစတင် ကြေညာခဲ့သည်။ အဆိုပါဖမ်းမိသည့်နေရာသည် တပ်မတော်က ကျောထောက်နောက်ခံပေးထားသော ကောင်းခါးပြည်သူ့စစ် ထိန်းချုပ်ရာ နေရာဖြစ်သည်။ မြန်မာန်ိုင်ငံတွင် ပြည်သူ့စစ်အုပ်စု ၁၀၀ ကျော်ရှိကာ အများစုမှာ လက်နက်ကိုင်ဆောင်ထားပြီး ပဋိပက္ခဇုန်များတွင် လှုပ်ရှားလျက်ရှိသည်။
ယင်းဒေသသည် ပြည်သူ့စစ်များနှင့် ဆက်စပ်မှုရှိသော်လည်း မူးယစ်ဆေးဝါးထုတ်လုပ်သူများကိုသာ ဖော်ထုတ်အရေးယူမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
“အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိမှုများနှင့် ပတ်သက်၍ အဓိက တရားခံများနှင့် ပါဝင်ပါတ်သက်သူများအား ဖမ်းဆီးရမိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နယ်မြေတဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ယခုသီတင်းပတ်တွင် ထုတ်ပြန်သည့် ကြေညာချက်များတွင် ဖော်ပြထားသည်။
မတ်လ ၆ ရက်က တပ်မတော်သည် သတင်းထောက်များ၊ နိုင်ငံခြားစစ်သံမှူးများနှင့် နိုင်ငံတကာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့အစည်းများအား ကွတ်ခိုင်မြို့သို့ ခေါ်ကာ ဖမ်းမိထားသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်သုံးသည့် ပစ္စည်းများကို ပြသခဲ့သည်။ ၎င်းတို့အပြန်တွင် နိုင်ငံခြားစစ်သံမှူးများ လိုက်ပါလာသည့် ရဟတ်ယာဉ်တစီး ပျံအတက်တွင် စက်ချို့ယွင်းပြီး ပြုတ်ကျခဲ့သော်လည်း ထိခိုက်သူမရှိခဲ့ပေ။
၎င်းခရီးစဉ်တွင် အမေရိကန်မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့၊ ထိုင်းန်ိုင်ငံ၏ မူုးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး၊ တရုတ်မှ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်နှင့် သြစတြေးလျရဲတပ်ဖွဲ့များ၏ ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ တပ်မတော်မှ အရာရှိများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးတပ်ဖွဲ့များက မူးယစ်ဆေးဝါးစစ်ဆင်ရေး၊ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု၊ န်ိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုတွင် လက်နက်ကိုင်သောင်းကျန်းသူ အကြမ်းဖက်သမားများ၏ အခန်းကဏ္ဍကို ကိုင်တွယ်ရေးတို့နှင့် ပတ်သက်၍ န်ိုင်ငံတကာကိုယ်စားလှယ်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။
သို့သော် အထူးသဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်သူများကို ပြည်သူ့စစ်များက အကာအကွယ်ပေးနေသည်ဆိုသည့် စွပ်စွဲချက်များနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် အကြောင်းရင်းကို မကိုင်တွယ်နိုင်သရွေ့ မြန်မာ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကြိုးပမ်းမှုများက အလုပ်ဖြစ်မည်မဟုတ်ကြောင်း လေ့လာသူများက ဆိုသည်။
၁၉၉၀ ပြည့်လွန်နှစ်လယ်များအထိ ထင်ရှားသည့် မူးယစ်ရာဇာကြီးတဦးဖြစ်ခဲ့သူ ခွန်ဆာ လက်ထက်ကတည်းက မြန်မာနိုင်ငံ၏ မူးဆေးဝါးကုန်သွယ်မှုတွင် တရုတ်အုပ်စုများက အဓိကကဏ္ဍမှ ပါဝင်နေသည်ဟု ရှမ်းအမျိုးသားတဦးလည်းဖြစ် နိုင်ငံရေးလေ့လာသူနှင့် မူးယစ်ဆေးဝါးပြသနာများကို ကာလရှည်ကြာလေ့လာနေသူ ဦးခွန်ဆိုင်းက ပြောဆိုသည်။
ကွတ်ခိုင်သည် တချိန်က ကောင်းခါးပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်ခဲ့သူ လက်ရှိပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ မဲဆန္ဒနယ်လည်းဖြစ်သည်။ ၎င်းသည် ၂၀၁၀ ပြည့်နှစ်တွင် လွှတ်တော်အမတ်အဖြစ်ရွေးချယ်ခံခဲ့ရသည်။ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုတွင် ၎င်း၏မိသားစုဝင်များ ပတ်သက်မှုမရှိဟု လွှတ်တော်ဥက္ကဋ္ဌက ယခင်ကတည်းက ငြင်းဆိုထားသည်။
“သူကတော့ ဒီကိစ္စကို ငြင်းပယ်တယ်။ နှစ်တွေကြာပါပြီ။ သူနဲ့နီးစပ်တဲ့သူတွေနဲ့ စကားပြောကြည့်တော့လည်း သူက ဒီလုပ်ငန်းတွေနဲ့ ဆက်နွယ်မှုမရှိဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့် သူမသိတာ ဖြစ်နိုင်ပါ့မလား” ဟု ဦးခွန်ဆိုင်းကပြောသည်။
မူးယစ်ဆေးဝါးများ အများအပြား ဖမ်းဆီးရမိနေသော်လည်း ရေရှည်တွင် တရားမဝင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ထိရောက်မှု ရှိမရှိကို သံသယရှိကြောင်း တိုင်းရင်းသားရေးနှင့် နိုင်ငံရေးဆန်းစစ်လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။
“(တပ်မတော်က) မူးယစ်ဆေးဝါးတွေကို မနှစ်ကလည်း အမြောက်အမြား မိတယ်။ ဒီနှစ်လည်း ကျပ်ဘီလီယံ ၂၀၀ ကျော်ဖိုးမိတယ်။ အဓိကတရားခံတွေကို ဖမ်းမမိဘူးဆိုရင် ပြဿနာဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒါနဲ့ပတ်သက်ပီး လူတွေရဲ့အတွေးထဲမှာ မေးခွန်းတွေ အမြဲမေးနေကြလိမ့်မယ် ထင်ပါတယ်။ ကျနော့်အနေနဲ့မြင်တာကတော့ ဇစ်မြစ်ပေါ့နော် ဘယ်သူတွေလုပ်တယ်။ ဘယ် network (ကွန်ရက်) က လုပ်တယ်ဆိုတဲ့ ဇစ်မြစ်ကို မဖမ်းရင် နောက်ထပ် ပေါ်လာမှာပဲ” ဟု ၎င်းက ဆိုသည်။
တပ်မတော်ထိန်းချုပ်မှုအောက်ရှိ ကောင်းခါးပြည်သူ့စစ် ထိန်းချုပ်သည့် ယင်းဒေသအတွင်း မူးယစ်ဆေးဝါးချက်လုပ်မှုများ၌ ဒေသခံမဟုတ်သည့် လူ ၁၅၀ ခန့် ပါဝင်သည်ဟု ဒေသတွင်းသတင်းအချက်အလက်များကို ကိုးကား၍ ဦးမောင်မောင်စိုးက ထပ်ဖြည့် ပြောကြားခဲ့သည်။
“ဒီဒေသမှာ ထိုင်ဝမ်ကတို့ ရုရှား၊ တရုတ်ကတို့ ပညာရှင်တွေ လာပြီး မူးယစ်ဆေးဝါးချက်တယ်ဆိုပေမယ့် ဒီမှာ အခြေတကျရှိတဲ့ ဒီဒေသကို ပိုင်နိုင်တဲ့သူတွေကသာလျှင် ဒီကိစ္စကို စီမံခန့်ခွဲနိုင်တာကိုး။ အပြင်က လူတွေက စီမံခန့်ခွဲနိုင်စွမ်းမရှိဘူး။ အဲဒီတော့ ဒီမှာရှိတဲ့ ဇစ်မြစ်ကို ဖော်ထုတ်နိုင်မှပဲ ပြဿနာက ရေရှည်မှာ ပြေလည်နိုင်မယ်လို့ ထင်ပါတယ်။ အဲ့လိုနေရာမှာ ဒေသခံကောင်းခါး ပြည်သူ့စစ်က မသိဘူးဆိုတာကလည်း အံ့သြဖို့ ကောင်းတယ် ထင်ပါတယ်”
ဦးခွန်ဆိုင်းကလည်း ထိုဒေသသည် ယခင်ကတည်းက တပ်မတော်နှင့်နီးစပ်သည့် ပြည်သူ့စစ်အဖွဲ့များသာ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်သည် နေရာဖြစ်သည်ဟု ဆိုသည်။
“ပြည်သူ့စစ်အဖွဲ့တွေ သူတို့ကိုယ်တိုင် မူးယစ်စိတ်ကြွဆေးပြားတွေလုပ်ဖို့က တကယ်တမ်းခက်တယ်။ တကယ်တမ်း လုပ်တာက တရုတ်ကုန်သည်တွေနဲ့ တရုတ်ဓါတုပညာရှင်တွေပါ။ ပြည်သူ့စစ်အုပ်စုတွေက သူတို့အတွက် လုံခြုံရေးယူပေးကြတယ်။ ခေတ်အဆက်ဆက်မှာ ပြည်သူ့စစ်အုပ်စုတွေမှာပါတဲ့ လူတွေက အပြောင်းအလဲ ရှိနိုင်စေမယ့်တရုတ်ကုန်သည်တွေက မပြောင်းကြဘူး” ဟု ၎င်းက ဆိုသည်။
“ဒီဥစ္စာက balloon-effect လို့ ခေါ်တာပေါ့။ ဆိုလိုတာက ပြသနာ၏အရင်းအမြစ်ကို မဖြေရှင်းဘဲ ဒီတဖွဲ့ကို သွားချေမှုန်းရင် နောက်ထပ်တဖွဲ့ ပေါ်လာတာ” ဟု ဦးခွန်ဆိုင်းက ရှင်းပြသည်။
၎င်းက ယခု မူးယစ်ဆေးဝါးနှိမ်နှင်းမှုတွင် ဇစ်မြစ်နောက်တခုဖြစ်သည့် နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ရသည့်အကြောင်းရင်းကိုပါ တပြိုင်တည်း ဖြေရှင်းရမည်ဟု ဆိုသည်။
( Nyein Nyein ၏ Myanmar Touts $200M in Drug Seizures in Military-Backed Militia Territory ကို ဘာသာပြန်ဆိုပြီး သတင်းအချက်အလက်များကို ဖြည့်စွက်ထားသည်။)
You may also like these stories:
အာရှ၏ မူးယစ်ရာဇာနောက် ခြေရာခံလိုက်ခြင်း