မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ တရုတ်နိုင်ငံသားပိုင် အောင်ပြည့်ဝဖြိုး ကျောက်စိမ်း အချောထည်ကုမ္ပဏီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝယ်ယူသူ ကုန်သည် လျော့နည်းလာပြီး အရောင်းအဝယ် ကျဆင်းလာသဖြင့် ပိတ်သိမ်းလိုက်ပြီ ဖြစ်သည်။
“အကြောင်းပြချက်ကတော့ ဝူဟန်(COVID 19 ရောဂါ)ကြောင့် သူတို့ရဲ့ ဝယ်သူတွေ မလာတော့တာကြောင့် ပိတ်သိမ်း တယ်လို့ ပြောတာပဲ၊ ဝယ်သူတွေ မလာတော့ အရောင်းအဝယ် ကျဆင်းလာတာပေါ့၊ ပြဌာန်းထားတဲ့ ဥပဒေအရ တရားဝင် ပိတ်သိမ်းတာ၊ ယာယီပိတ်သိမ်းတာမျိုး လုပ်လို့ရပါတယ်” ဟု ချမ်းအေးသာစံမြို့နယ် အလုပ်သမားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းခိုင်က ပြောသည်။
ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၆၀ ကျော်နှင့် တရုတ်နိုင်ငံသား အလုပ်သမား ၁၀၀ ကျော်ရှိကြောင်း၊ ထိုသို့ ပိတ်သိမ်းရန် ဖေဖော်ဝါရီ ၅ ရက်နေ့က စတင် အသိပေးခဲ့ခြင်းဖြစ်ကြောင်း၊ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အလုပ်သမားများကို လုပ်ခလစာနှင့် နစ်နာကြေး ၁ လစာ ပေးကာ အပြီးတိုင်ပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့လောလောဆယ်မှာ အလုပ်လက်မဲ့ပေါ့၊ ကိုယ့်ရွာကို ပြန်ပြီးတော့ ရရာအလုပ်ကို ဝင်လုပ်နေကြရတယ်၊ တော်တော်များများကလည်း အလုပ်မရှိကြဘူး၊ ဖြစ်နိုင်မယ်ဆိုရင် အလုပ်ပြန်ဖွင့်တာနဲ့ ကျနော်တို့ကို ပြန်ခေါ်စေချင် ပါတယ်”ဟု ကုမ္ပဏီအလုပ်သမား ကိုဖြိုးမောင်မောင်က ပြောသည်။
ကုမ္ပဏီ ပိတ်သိမ်းရန်အတွက် ညှိနှိုင်းမှုကို မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်ရှင်နှင့် အလုပ်သမားများဖြင့် ပြုလုပ်ခဲ့ကြောင်း၊ အလုပ်ရှင်ဘက်က လုပ်ငန်း ပြန်လည် စတင်ဖြစ်ပါက မူလ အလုပ်သမားများကို ပြန်ခေါ်ရန် အစီအစဉ်ရှိကြောင်း ပြောဆိုကာ ဆက်သွယ်ရမည့် ဖုန်းနံပတ်များ ယူထားကြောင်း ကုမ္ပဏီဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဝင်းထံက သိရသည်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (MICS)မှ ကိုမင်းသက်ထွေး ကလည်း “အလုပ်သမားတွေအနေနဲ့ လျော်ကြေးရတယ် ဆိုပေမယ့် အလုပ်လက်မဲ့တွေ ဖြစ်ကုန်တာလေ။ အခြား လုပ်ငန်း ကို ချက်ချင်း ဝင်ရောက်နိုင်တာမျိုး မဟုတ်ကြတော့ တခုခုဆိုရင် သက်ဆိုင်ရာကနေ ကြပ်ကြပ်မတ်မတ် စနစ်တကျ ဖြေရှင် ပေးနိုင်ဖို့ လိုပါတယ်၊ သက်ဆိုင်ရာကလည်း မြေပြင်အထိ ကွင်းဆင်း စစ်ဆေးပြီးတော့ အကောင်းဆုံး နည်းလမ်းကို သုံးပြီး ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်”ဟု ထောက်ပြသည်။
အဆိုပါကုမ္ပဏီသည် အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းသည့် အလုပ်သမားများကို အလုပ်မှ နှုတ်ထွက်ရန် ဖိအား ပေးခြင်းနှင့်အတူ အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနစ်နာမှုများ ရှိနေခြင်းကြောင့်ဟုဆိုကာ မြန်မာအလုပ်သမားများ အနေဖြင့် ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့က သပိတ်မှောက်ခဲ့ကြသေးသည်။
လတ်တလောအခြေအနေအရ စက်ရုံ၊ အလုပ်ရုံပိတ်သိမ်းခြင်းများ နိုင်ငံတဝှမ်းလုံး၌ ဖြစ်ပေါ်နေပြီး ထိုသို့ ဆက်တိုက် ဖြစ်ပေါ်လာပါက အလုပ်သမားအနေဖြင့် အလုပ်လက်မဲ့များ ဖြစ်လာကာ မိသားစုစားဝတ်နေရေး ရပ်တည်မှု အခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်ဟု အလုပ်သမားများအရေးလှုပ်ရှားသူများက ပြောသည်။
ဆက်စပ်လင့်
မန္တလေး ကျောက်စိမ်းကုမ္ပဏီ အလုပ်သမားသပိတ် ပြေလည်မှုရဟုဆို
စစ်ကိုင်းတိုင်း လူငယ်နှင့်အလုပ်အကိုင် စစ်တမ်းကောက်မည်