မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ် စက်မှုဇုန်ရှိ မင်္ဂလာ လက်တွန်း ထွန်စက် စက်ရုံ အလုပ်သမားသပိတ် တောင်းဆိုမှုများ ညှိနှိုင်းရန် အချက်၂ ချက် ကျန်ရှိနေသေးကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား များ သမဂ္ဂ အဖွဲ့ချုပ် (MICS)မှ သိရသည်။
“ညှိနှိုင်းပေးတဲ့အခါမှာ တောင်းဆိုချက် ၁၂ ချက်ထဲက ရက်မှန်ကြေး ပေးမြဲတိုင်း ပြန်လည်ရရှိရေးဆိုတဲ့ အချက်ရယ်၊ ကုန်ထုတ်တန်ဖိုး တိုးမြှင့်ရရှိရေး ဆိုတဲ့အချက်၂ချက်ကိုတော့ စက်ရုံဘက်က ဆုံးဖြတ်ချက်ပေးနိုင်တဲ့သူ မရှိသေးတဲ့ အတွက် တနင်္လာနေ့မှာ ပြန်ညှိပေးမယ်လို့ ပြောတယ်၊ ကျန်တဲ့အချက်တွေကတော့ အားလုံး ပြေလည်ခဲ့ပါတယ်”ဟု MICS မှ လက်ထောက် အတွင်းရေးမှူး ဒေါ်အိအိထွန်းက ပြောသည်။
မင်္ဂလာ လက်တွန်းထွန်စက် စက်ရုံ အထွေထွေမန်နေဂျာ ဦးခင်မောင်ရီက ကုမ္ပဏီ၏ အုပ်ချုပ်ပုံစနစ်က တဦးတည်း အုပ်ချုပ် ခြင်းမျိုး မဟုတ်ဘဲ ကော်မတီများဖွဲ့ပြီး အဆင့်ဆင့် အုပ်ချုပ်ကြခြင်းဖြစ်၍ ဒါရိုက်တာ အဖွဲ့ဝင်များ အနေဖြင့် ကိုယ့်သဘော နှင့်ကိုယ် ဆုံးဖြတ်၍ မရကြောင်း ပြောဆိုသည်။
“သူတို့တောင်းဆိုချက်တွေကို ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး အဆင်ပြေအောင်တော့ လုပ်ပေးသွားမှာပါ၊ မဖြစ်မနေ လုပ်ပေးပါမယ် ဆိုတဲ့ ကတိကဝတ်တော့ ပေးလို့မရပါဘူး၊ ကျနော်တို့မှာလည်း အခက်အခဲတွေဆိုတာ ရှိပါတယ်”ဟုလည်း ၎င်းက ပြောသည်။
Good Brother’s Machineries ကုမ္ပဏီပိုင် မင်္ဂလာ လက်တွန်းထွန်စက် စက်ရုံတွင် အလုပ်သမား အခွင့်အရေးများနှင့် ပတ်သက်၍ ဖြေရှင်းပေးရန်အတွက် အလုပ်သမားများက စက်ရုံတာဝန်ရှိသူများထံသို့ ၃ကြိမ်တိတိ စာတင်အကြောင်းကြား သော်လည်း တိကျသည့်အဖြေ မရခဲ့သဖြင့် စက်ရုံတွင်း သပိတ်မှောက်ခြင်းကို ဖေဖော်ဝါရီ ၂၉ ရက်က စတင်ခဲ့ရာ သပိတ် မှောက်နေသည်မှာ ၁၁ ရက်ရှိပြီဖြစ်ကြောင်း သိရသည်။
MICS မှ ဒေါ်အိအိထွန်းက“အလုပ်သမားတွေက စက်ရုံတွင်း ထိုင်သပိတ်ဖြစ်နေတာက ၁၀ ရက်ကျော်သွားပြီပေါ့နော်၊ ကျနော်တို့က သပိတ်ဖြစ်လာဖို့ကို အားမပေးဘူး၊ ဒါပေမယ့် အလုပ်ရှင်က မညှိတဲ့အတွက် အလုပ်သမားတွေက စက်ရုံ အပြင်ကို ရောက်လာတာပေါ့၊ အခုက ၁၀ တန်းစာမေးပွဲတွေလည်း ရှိနေတာကြောင့် ကျနော်တို့က ဝင်ပြီး ညှိနှိုင်းပေးတာ ပါ”ဟု ပြောသည်။
ထိုသို့ စက်ရုံတွင်း သပိတ်မှောက်နေရာက အလုပ်သမားများသည် မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက စက်ရုံပြင်ပသို့ ထွက်၍ သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။
စက်ရုံအခြေခံ အလုပ်သမား သမဂ္ဂ ဥက္ကဌ ကိုကျော်ဇင်ဝင်းက“ကျနော်တို့ရဲ့လစာတွေကို အင်္ဂလိပ်စာ ရေးထားတဲ့စာတွေနဲ့ စလစ်ကို လက်မှတ်ထိုး ယူခိုင်းတယ်၊ ရက်မှန်ကြေးတွေကိုလည်း အလုပ်ရှင် အလုပ်သမား သဘောတူညီချက် မရှိဘဲ ဖြတ် တောက် ထားတယ်၊ ဒါတွေကို အလုပ်ရှင်နဲ့ ညှိနှိုင်းဖို့ စောင့်နေတာကို ညှိနှိုင်းခွင့်မပေးတာကြောင့် အခုလို စက်ရုံအပြင်ကို ထွက်ပြီး သပိတ်မှောက်တာပါ”ဟု ပြောသည်။
အလုပ်သမားများအနေဖြင့် စက်ရုံပြင်ပသို့ ထွက်၍ သပိတ်မှောက်ရခြင်းသည် အလုပ်သမား အဖွဲ့အစည်းဝင်များကို ခွဲခြား ဆက်ဆံနေခြင်းများနှင့်အတူ အလုပ်သမား အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုများ ရှိနေခြင်းကြောင့် သပိတ်မှောက်ရခြင်း ဖြစ် ကြောင်း သိရသည်။
“ဖြတ်တောက်မှု ဆိုတာမှာလည်း အရင်ကတည်းက ကျနော်တို့ကို ရက်မှန်ကြေးဆိုပြီး သတ်မှတ်ထားတာ ရှိတယ်၊ ရက်မှန် ကြေးတို့၊ ဆေးဖိုး ၅၀၀၀ တို့၊ EC စာချုပ် ချုပ်ထားတဲ့အတွက် စုကြေးပုံစံမျိုး ၂၀၀၀ ပေးထားတာ ရှိတယ်၊ အဲဒါတွေကို ကျနော် တို့နဲ့ ညှိနှိုင်းအသိပေးတာမျိုး မရှိသလို Notice စာလည်း မကပ်ဘဲနဲ့ ဖေဖော်ဝါရီ လကုန်ကစပြီး ဖြတ်ချလိုက် တယ်၊ ဖြတ်ချတာကလည်း ပုံမှန်အတိုင်းမဟုတ်ဘဲ တပိုင်းပျက်တာနဲ့ ၃သောင်းဖြတ်ချခဲ့တာပါ”ဟု ကိုကျော်ဇင်ဝင်းက ပြောသည်။
သပိတ် မှောက်ရာတွင်ပါဝင်သူ စက်ရုံအလုပ်သမား ကိုရဲဇာနည်ကျော်ကလည်း“လက်ရှိအခြေအနေမှာ စက်ရုံထဲမှာ ဆေး ကောင်တာ ဆိုတာလည်း ကောင်းကောင်းမရှိဘူး၊ ပြီးတော့ နှာခေါင်းစည်းတောင် ကောင်းကောင်းမရှိပါဘူး၊ ထားပေးဖို့ တောင်းတဲ့ အခါမှာ ပြတ်နေလို့၊ ရုံးချုပ်ကို တင်ထားလို့ ဆိုတာမျိုးနဲ့ပဲ နေနေရပါတယ်”ဟု ပြောဆိုသည်။
ထိုသို့ အလုပ်သမားများ သပိတ်မှောက်ရာသို့ MICS မှ ဝင်ရောက်ညှိနှိုင်းပေးခဲ့ရာ အလုပ်သမားများ တောင်းဆိုချက် ၁၀ ချက်ကို အလုပ်ရှင်ဘက်က လိုက်လျောပေးခဲ့ပြီး အချက် ၂ချက်အား လာမည့် တနင်္လာနေ့တွင် ထပ်မံ ညှိနှိုင်းပေးမည်ဟု သိရသည်။
ဦးခင်မောင်ရီက“ကျနော်တို့စက်ရုံမှာဖြစ်နေတာက အလုပ်မပေးလို့ မဟုတ်ဘူး၊ အလုပ်ပေးတယ်၊ သူတို့တောင်းဆိုချက်ကို မပေးလို့ဆိုပြီး အလုပ်မလုပ်ကြဘဲ ထိုင်နေကြတာပေါ့၊ သူတို့အလုပ်မလုပ်ဘဲ ထိုင်နေတဲ့အတွက် ကျနော်တို့ရဲ့လုပ်ငန်းတွေ ရပ်ဆိုင်းတဲ့ အခါမှာ ရောင်းချရေးမှာလည်း တော်တော်လေးပြဿနာရှိခဲ့ပါတယ်၊ ကျနော်တို့က ကလေးတွေကို အလုပ်လုပ် ဖို့ တောင်းဆိုရင်းနဲ့ ဒီပြဿနာဖြစ်လာတာပါ၊ အဲဒီမှာ ကလေးတွေက တဖက်အဖွဲ့အစည်းရဲ့စကားကိုနားထောင်ပြီး တဖက် အဖွဲ့အစည်းကို ပြောမှ လက်ခံမယ်ဆိုတာမျိုးဖြစ်လာတဲ့အခါ ကျနော်တို့ဘက်က ခံစားပေးပါ၊ လုပ်ငန်းရှင်ရော၊ လုပ်ငန်းရှင် ကိုယ်စား အုပ်ချုပ်နေရသူတွေရော ဘယ်လိုအုပ်ချုပ်ရမလဲ”ဟု ပြောသည်။
အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများအတွက် ညှိနှိုင်းကြရာတွင် ပြည်ကြီးတံခွန်မြို့နယ် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့၊ အလုပ် သမား ညွှန်ကြားမှု ဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၊ လူမှုဖူလုံရေး ဦးစီးဌာန၊ အလုပ် သမား ရေးရာ ဆက်ဆံရေး ဦးစီးဌာန၊ MICS နှင့် အလုပ်ရှင်၊ အလုပ်သမားများ ပါဝင်ကြောင်း သိရသည်။
ဦခင်မောင်ရီက“ကျနော်တို့ဘက်ကလည်း အားနည်းချက်တွေ ရှိခဲ့ပါတယ်၊ ဘာလဲဆိုတော့ လေဝင်လေထွက် ကောင်းမွန် ရေးတို့ ရေသန့်တို့ ဆိုတဲ့ကိစ္စတွေပေါ့နော်၊ ဒါတွေကို ဖြည့်ဆည်းပေးဖို့ မူလကတည်းက ရှိပါတယ်၊ ပြီးတော့ အစား အသောက် ကိစ္စ၊ အစကတည်းက ကောင်းမွန်စွာကျွေးပါတယ်၊ ဆက်ပြီးတော့လည်း ကောင်းမွန်စွာကျွေးမှာပါ၊ ကျနော်တို့ ဒါရိုက်တာ အဖွဲ့ဝင်တွေကလည်း လုပ်ငန်းက ဘယ်လောက်ပဲ အရှုံးပေါ်ပေါ် ကလေးတွေကို ကောင်းမွန်စွာကျွေးဖို့ မှာထားပြီး ဖြစ်ပါ တယ်”ဟု ပြောဆိုသည်။
အလုပ်သမားများအနေဖြင့် အလုပ်သမားအဖွဲ့အစည်းအား အသိအမှတ်ပြုပေးရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ သမဂ္ဂအဖွဲ့ဝင်များအား ခွဲခြားဆက်ဆံခြင်း မပြုရေး၊ ရက်မှန်ကြေးများ ယခင်ပေးမြဲအတိုင်း ပြန်လည်ရရှိရေး၊ လေဝင် လေထွက် မကောင်သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်ပေးရေး၊ အလုပ်သမားများအား ဖိနှိပ်ခိုင်းစေခြင်း မပြုရေး၊ အလုပ်သမား ကိစ္စရပ်များအား အလေးထား ဆောင်ရွက်ပေးရေး၊ အဆောင်နေ ဝန်ထမ်းများ အတွက်(စားဝတ်နေရေး) ကောင်းမွန်စွာ ဖြည့်ဆည်းပေးရေး၊ အလုပ်သမား သဘောဆန္ဒမပါဘဲ ဌာနရွှေ့ပြောင်းခြင်း မပြုလုပ်ရေး၊ အလုပ်သမား သမဂ္ဂအား ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲခြင်း မပြုလုပ်ရေး၊ ကုန်ထုတ်တန်ဖိုး တိုးမြှင့်ရရှိရေး၊ အလုပ်သမားဦးရေအပေါ် မူတည်၍ ဆေးကောင်တာ ထားရှိပေးရေး စသည့် တောင်းဆိုချက် ၁၂ ချက်ကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ဒေါ်အိအိထွန်းက“အခုအလုပ်သမားတွေ တောင်းဆိုတဲ့အချက်တွေ တော်တော်များများက အလုပ် သမားဥပဒေအရ မဖြစ် မနေ လုပ်ဆောင် ပေးရမှာတွေပါ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးတို့၊ လေဝင်လေထွက် မကောင်သည့် အဆောက် အအုံများ ပြန်လည် ပြုပြင်ပေးရေးဆိုတဲ့ အချက်တွေပေါ့၊ ဒါတွေကို စက်ရုံဘက်က စီစဉ်ပေးဖို့ရှိတယ်လို့ ပြောပြီး အလုပ် သမား တွေကို ချမပြခဲ့ဘူး၊ စက်ရုံတွင်းမှာကတည်းက ညှိခဲ့မယ်ဆိုရင် ပြေလည်မယ့် အချက်တွေပဲ ဖြစ်ပါတယ်၊ ဒါကို မညှိ ခဲ့လို့သာ အခုလိုထိ ဖြစ်လာတာပါ”ဟု ပြောသည်။
အလုပ်သမားများက စက်ရုံပြင်ပ သပိတ်မှောက်ခြင်းကို မတ်လ ၁၃ ရက်နေ့ နံနက် ၈နာရီခွဲက စတင်ခဲ့ပြီး အလုပ်ရှင် ဘက် က ညှိနှိုင်းမှုပြုလုပ်ခဲ့ခြင်းကြောင့် နံနက် ၁၁နာရီကျော် အချိန်တွင် သပိတ်မှောက်ခြင်းကို ရုပ်သိမ်း၍ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ကာ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ကြကြောင်း သိရသည်။
You may also like these stories:
အချိန်မီ မှတ်ပုံမတင်နိုင်၍ ရွှေ့ပြောင်းအလုပ်သမား ၆သောင်းခန့် တရားမဝင်ဖြစ်ဖွယ်ရှိ
စက်ရုံတွေ ပိတ်သိမ်းမှု များလာနေ