ကမ္ဘာအနှံ့ ဖြစ်ပွားနေသော ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကြောင့် မြန်မာ့စီးပွားရေး အပေါ် သက်ရောက်မှု ကြီးမားလာပါက စီးပွားရေး လုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များနှင့် အတိုးနည်း ချေးငွေများ ထုတ်ချေးသွားရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် “ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကု စားရေး လုပ်ငန်း ကော်မတီ” ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး အပါအဝင် စီးပွားရေးနှင့် ချိတ်ဆက်နေသော သက်ဆိုင် ရာဝန်ကြီးဌာနများမှ ထိပ်တန်း အရာရှိများနှင့် မတ်လ ၁၃ ရက်တွင် စတင် ဖွဲ့စည်းလိုက်သည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းချုပ် ဒု ဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက “ခရီးသွားလုပ်ငန်းက အရင် ဆုံးထိတဲ့ ကဏ္ဍပေါ့။ ပြည်တွင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်း (Inbound) ရော၊ အခုဆိုရင် ပြည်ပ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း (Outbound) တွေရော ခရီးသွားတဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ ရောပေါ့။ ဒါတွေ အကုန် လုံးက SME တွေ ဖြစ်တဲ့အတွက် သက်ရောက်မှုက ကြီးမားတယ်။ အစိုးရက အခုလို လုပ်တော့မယ်ဆိုတော့ ကောင်းတာပေါ့” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “အခုက တရုတ်အပြင် မြန်မာကိုလာတဲ့ ဥရောပနိုင်ငံတွေမှာလည်း ဒီရောဂါက စပြန့်နေပြီ ဆိုတော့ ခရီးသွားလုပ်ငန်းအတွက်ကို ကျနော်တို့က နှစ်ကုန်လောက် အထိ စဉ်းစားနေရပြီ။ ကျနော်တို့လည်း အစိုးရ ပိုကူညီနိုင်အောင် Data ကောက်တာတွေ လုပ်ပြီး တင်ပြဖို့ လုပ်နေပါတယ်” ဟု ဆိုသည်။
ထို လုပ်ငန်း ကော်မတီသည် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများ ကျဆင်းနေသည့် အပေါ် အရေးပေါ်စီမံ ဆောင်ရွက်မည့် နည်းလမ်းများ၊ ကာလတို၊ ကာလရှည် ဆောင်ရွက်မည့် အစီအစဉ်များ ရေးဆွဲခြင်း၊ စက်ရုံများ ရပ်ဆိုင်း၍ လုပ်သာများ အလုပ်လက်မဲ့ ဖြစ်စဉ်ကာလအတွင်း အခြား အလုပ်အကိုင်အသစ်များ ဖော်ဆောင် ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာများ သင်ကြားပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။
ထို့ပြင် COVID-19 ကဲ့သို့ ဖြစ်စဉ်များ အနာဂတ်တွင်လည်း ထပ်မံ ပေါ်ပေါက်လာနိုင်ရာ လက်ခစား (CMP) လုပ် ငန်းများ အနေဖြင့် ကုန်ကြမ်းပစ္စည်းများ ရရှိရေးကို တရုတ်နိုင်ငံ တခုတည်းကို အမှီပြုနေရခြင်းမှ အခြားနိုင်ငံ များမှ ကုန်ကြမ်းပစ္စည်း ဖြန့်ခွဲ ရယူနိုင်ရေးကိုလည်း ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်သည်။
ကာလရှည် မျှော်မှန်းချက် အနေဖြင့် အထည်ချုပ် လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက် ရက်ကန်း၊ ဇာထိုးပန်း ထိုးကဲ့သို့သော လုပ်ငန်းများဆိုင်ရာ စက်မှုဇုန်များ ထူထောင်၍ Supply Chain တခုလုံးကို မိမိနိုင်ငံတွင် ထုတ် လုပ်နိုင်ရေး အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်း အကောင်အထည်ဖော် သွားမည် ဖြစ်ကြောင်း သိရ သည်။
ယင်းသို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေးအတွက် လုပ်ငန်း ကော်မတီ ဖွဲ့စည်းရေးသည် အမှန်တကယ် လုပ်ဆောင်သင့်နေပြီ ဖြစ်သည့်အတွက် ကြိုဆိုရမည်ဖြစ်ပြီး သော်လည်း အကျိုးသက်ရောက်မှုများ ကုစားရန် လျင်လျင်မြန်မြန်ဖြင့် ပုဂ္ဂလိကဏ္ဍအပြင် အခြားသော စီးပွား ရေး သုသေသန အဖွဲ့အစည်းများနှင့်ပါ အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း စီးပွားရေး သုသေ သီ ဦးမင်းဇာနည်လင်းက ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ဒီလိုမျိုး စုဖွဲ့မှုမျိုးက တကယ် လိုအပ်တယ်။ ဒါမှသာ တခုခုဖြစ်လာခဲ့ရင် ချက်ချင်းတုံ့ပြန် လာနိုင်ပြီး ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်အောင် ကာကွယ်ပေးနိုင်မယ်ပေါ့။ အခုက ခြေလှမ်းစလှမ်းပြီးတော့ နောက်ခြေလှမ်းတွေကို သွက်သွက်လက်လက်နဲ့ ဘယ်လို သွားမလဲ ဆိုတာက ပိုအရေးကြီးတယ်” ဟု ဆို သည်။
လက်ရှိ အချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့ နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးများ နှေး ကွေးသွားခြင်း၊ ခရီးသွားကဏ္ဍတွင် တလလျှင် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ခန့် ဆုံးရှုံးခြင်း၊ ပြည်တွင်း နိုင် ငံခြား ငွေလဲလှယ်နှုန်းများ မတည်ငြိမ်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးသွားခြင်းနှင့် တရုတ်နိုင်ငံမှ အထည်ချုပ် ကုန်ကြမ်းဝင်ရောက်မှု ရပ်တန့်ခြင်းကြောင့် အထည်ချုပ်စက်ရုံ ၂၀ ခန့် ရပ်ဆိုင်းပြီး အလုပ်သမား ၁ သောင်းခန့် အလုပ်လက်မဲ့မှုများ ဖြစ်ပေါ်လျက် ရှိသည်။
You may also like these stories:
မန္တလေး၌ ကုန်ဈေးနှုန်း တက်အောင် လုပ်သူများ ပြင်းထန်စွာ အရေးယူမည်
စာစစ်ဌာနများတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထည်ချုပ် စက်ရုံများ အပ်ထည်အမှာ ကျဆင်းလာ