ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်းမှ တပ်မတော် စစ်ကြောင်းက ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့သော အမျိုးသမီး ၂ ဦးကို မတ်လ ၁၃ ရက်နေ့ မွန်းလဲပိုင်းက စစ်တွေ ဆေးရုံသို့ ပို့ဆောင်ပြီး ကုသခဲ့ရာတွင် ဒဏ်ရာပြင်းထန်သည့်အတွက် ယနေ့ မနက် ၅ နာရီဝန်းကျင်က သေဆုံးသွားခဲ့သည်။
သေဆုံးသွားသူ အမျိုးသမီးမှာ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှ အသက် ၃၉ နှစ်အရွယ် ဒေါ်နွယ်နွယ်ဦးနှင့် မြောက်ဦးမြို့နယ် ဘူးရွက်မညိုးကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ဒေါ်သန်းအေးကြည်တို့ ဖြစ်သည်။
သေဆုံးသွားသူ ဒေါ်သန်းအေးကြည်၏ ညီမဖြစ်သူ ဒေါ်မလုံးချေက “တပ်မတော်က ပစ်ခတ်လို့ ရတဲ့ ဒဏ်ရာနဲ့ ကျမ အစ်မ ဒီနေ့ မနက် ၅ နာရီလောက်မှာ ဆုံးသွားတယ်။ ကျမ အစ်မ သေရတဲ့အပေါ် လုံးဝ မကျေနပ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသွားသူ ဒေါ်သန်းအေးကြည်မှာ မြောက်ဦးမြို့နယ် တိမ်ညိုတိုက်နယ် ဆေးရုံတွင် မွေးလူနာအမျိုးသမီး တယောက်အား လူနာစောင့်နေစဉ် လည်ပင်းတွင် ကျည်ဆန်ထိမှန်ခဲ့ခြင်း ဖြစ်သလို သေဆုံးသွားသူ ဒေါ်နွယ်နွယ်ဦးမှာလည်း ပစ်ခတ်မှု အတွင်း အိမ်အောင်တွင်ရှိသည့် ဗုံးခိုကျင်းထဲတွင် မိသားစုနှင်အတူ ဝင်ရောက် ပုန်းခိုနေစဉ် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်မှုကြောင့် ဦးခေါင်းတွင် ပြင်းထန် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကယကံရှင် မိသားစုဝင်များက ပြောသည်။
ထိုပစ်ခတ်မှုအတွင်း နေအိမ်ပေါ်သို့ လက်နက်ကြီး ကျည်ကျ၍ အိမ်ခေါင်မိုး ပြိုပျက်သွားကာ ဒေါ်နွယ်နွယ်ဦး အပါအဝင် ၎င်းတို့ မိသားစု ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မိသားစုဝင်များက ဆိုသည်။
ယမန်နေ့ မတ်လ ၁၃ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က မြောက်ဦးဘက်မှနေ ရန်ကုန်- စစ်တွေ ကားလမ်းအတိုင်း လာရောက်သည့် တပ်မတော်ယာဉ်တန်းမှာ တိမ်ညိုကျေးရွာနှင့် တမိုင်ခန့်ကွာဝေးသော ဘူးရွက်မညိုး ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံ ရပြီးသည့်နောက်ပိုင်း ထိုသို့ လမ်းတလျှောက်ပစ်ခတ်လာခြင်း ဖြစ်ကြောင်း ပစ်ခတ်ခံ ဒေသခံ ကျေးရွာသားများက ပြောသည်။
ထိုသို့ ပစ်ခတ်သွားသည့်အတွက် မြောက်ဦးမြို့နယ်အတွင်းက တိမ်ညို စစ်ဘေး ရှောင်စခန်း၊ တိမ်ညိုတိုက်နယ်ဆေးရုံ၊ တောင်ဦးကျေးရွာနှင့် ကျောက်တော်မြို့နယ် အတွင်းက သရက်တပင်ကျေးရွာတို့ လက်နက်ကြီး ၊ လက်နက်ငယ်များ ကျရောက်သောကြောင့် ဒေသခံ ပြည်သူ ၁၆ ဦးထိ ဒဏ်ရာ ရရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်တော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ယမန်နေ့ မွန်းလဲပိုင်းက ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ မြေပြင်သတင်း မရရှိသေးသည့်အတွက် အဆိုပါ ဖြစ်စဉ်အပေါ် အတိအကျ မပြောနိုင်သေး သော်လည်း လုံခြုံ ရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းကို ပစ်ခတ်၍ ပြန်လည်ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဲဒီကိစ္စ ကျနော်တော့ မသိသေးဘူး။ ပြောနိုင်တာတခုက တပ်မတော် စစ်ကြောင်းတွေ အဲဒီဘက်မှာ လုံခြုံရေးဆောင်ရွက်နေတာ ရှိတယ်။ ကျနော်တို့ ပြောသလိုပဲ တပ်မ တော် စစ်ကြောင်းတွေ အပစ်ခံရရင်တော့ ပြန်လည် ပစ်ခတ်တာမျိုး ရှိနိုင်ပါတယ်။ ခုနပြောသလို မိုင်းဆွဲတိုက်ခိုက်တယ်ဆိုရင် မိုင်းဆွဲတိုက်ခိုက်တဲ့ နေရာကို ပြန်လည်ပစ်ခတ်မှာပေါ့။ ဒါတွေတော့ ရှိပါလိမ့်မယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှ သေဆုံးသူ ဒေါ်နွယ်နွယ်ဦး၏ ရုပ်အလောင်းကို စစ်တွေ သုဿန်၌ ယနေ့ သဂြိုဟ်မည်ဖြစ်ကာ မြောက်ဦး မြို့နယ် ဘူးရွက်မညိုးကျေးရွာမှ ဒေါ်သန်းအေးကြည်၏ ရုပ်အလောင်းကိုမူ ၎င်းနေထိုင်ရာ ကျေးရွာသို့ ယူဆောင်ကာ သဂြိုဟ်မည် ဖြစ် ကြောင်း မိသားစုဝင်များက ဆိုသည်။
You may also like these stories:
မြောက်ဦး တိမ်ညို စစ်ရှောင်စခန်း ပစ်ခတ်ခံရ၍ ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရ
တိုက်ပွဲကြောင့် လုံခြုံရေး အာမခံချက် မရှိ၍ ပလက်ဝဆန်သယ်မည့် အစီအစဉ် ဆိုင်းငံ့
တာဝန်ခံမှု ကင်းမဲ့နေသော ရခိုင်တိုက်ပွဲအတွင်း ကလေးငယ်များ သေဆုံးဒဏ်ရာရနေကြသည်