အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၃ ရက်နေ့တွင် နိုင်ငံတော် အရေးပေါ် အခြေအနေတခုကို ကြေညာခဲ့သည်။
ကျောင်းများ၊ အားကစားပွဲများ၊ ရုံးများနှင့် ကမာ္ဘ့အချမ်းသာဆုံးနိုင်ငံ ဖြစ်သည့် အမေရိကန်၏ ခရီးသွားလာမှုများကို ပိတ်ပင်ခဲ့သည်။
သူကိုယ်တိုင်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ/မရှိ စစ်ဆေးမှု ခံယူရဖွယ် အလွန်များနေကြောင်း ပြောကြားခြင်းအားဖြင့် ဒေါ်နယ်ထရမ့်က သတင်းစာရှင်းလင်းပွဲတွင် သတင်း ထောက်များကို အံ့အားသင့်စေခဲ့သည်။
ယခုအချိန်အထိ အမေရိကန်တွင် သေဆုံးသူ ၄၇ ဦး ရှိပြီး ၂၀၀၀ ကျော် ကူးစက်ခံရသည်။
အမေရိကန်၏ စီးပွားရေးနှင့် ယဉ်ကျေးမှု မောင်းနှင်အားဖြစ်သည့် နယူးယောက်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးက လူ ၅၀၀ ထက် ကျော်၍ စုရုံးခြင်းကို ကန့်သတ်ခဲ့သည်။ ဘရုဒ်ဝေး Broadway အပါအဝင် အထင်ကရ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများလည်း မှေးမှိန်သွားခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်တွင် လူ ၂၅၀ ထက်ကျော်၍ စုဝေးခြင်းကို လကုန်ပိုင်းအထိ ပိတ်ပင်ထားပြီး အကယ်၍ ပွဲစီစဉ်သူများက တက်ရောက်သူများ ကြားတွင် ခြောက်ပေ (၂ မီတာ) အကွာအဝေး ရှိနေအောင် စီစဉ်နိုင်မှသာလျှင် အခန်းအနားငယ် အနည်းငယ်ခန့်ကို ဆက်လက်ဆောင်ရွက်ခွင့်ပြုခဲ့သည်။
နိုင်ငံတလွှားမှ ပြည်နယ်အုပ်ချုပ်ရေးမှူးများကလည်း အလားတူပင် ဆောင်ရွက်ခဲ့ကြပြီး အများစုက အရေးပေါ် အခြေအနေ ကြေညာခဲ့ကြကာ ကျောင်းများနှင့် တက္ကသိုလ်များကို ပိတ်ခဲ့ကြသည်။ မူလတန်းအရွယ်မှ တက္ကသိုလ်အထိ သန်းနှင့် ချီသောကျောင်းသားများကို အင်တာနက် အွန်လိုင်းမှတဆင့် စာသင်စေခဲ့သည်။
ဗိုင်းရပ်စ်ပျံ့နှံ့မှုနှေးကွေးစေရန် အားထုတ်သည့်အနေဖြင့် သန်းနှင့်ချီသော ရုံးဝန်ထမ်းများကို အိမ်မှ အလုပ်လုပ်ရန် တောင်းဆိုခြင်းခံခဲ့ရသည်။ မတ်လ ၁၃ ရက်နေ့ နောက်ပိုင်းတွင် ဥရောပနိုင်ငံ အများစုမှ ခရီးသွားများအား ပိတ်ပင်ခြင်းက စတင်အာဏာ သက်ရောက်သည့်အတွက် လေဆိပ်များ ဟာလာဟင်းလင်းနီးပါး ဖြစ်စေခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးက အမေရိကန် နိုင်ငံ၏ ရွေးကောက်ပွဲ အရှိန်မြင့်တက်နေခြင်းကိုလည်း ရပ်တန့်သွားစေခဲ့သည်။ ဒီမိုကရက်တစ် ပါတီမှ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများဖြစ်သော ဂျိုးဘိုင်ဒင် Joe Biden နှင့် ဘားနီဆန်းဒါး Bernie Sanders တို့က လူထုချီတက်ပွဲများကို ဖျက်သိမ်းလိုက်ပြီး လွီစီယားနား Louisiana ပြည်နယ်က နောက်လတွင် ပြုလုပ်မည့် ဒီမိုကရက်တစ် ပါတီ၏ ပဏာမ ရွေးကောက်ပွဲကို ပထမဆုံး ရွှေ့ဆိုင်းသည့် ပြည်နယ် ဖြစ်လာသည်။
“နောက်လာမယ့် ၈ ပတ်က အရေးကြီးပါတယ်။ ကျနော်တို့ လေ့လာသင်ယူနိုင်ပြီး ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အလှည့်အပြောင်းကို စတင်နိုင်ပါလိမ့်မယ် ”ဟု ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်နှင်းဆီဥယျာဉ်တွင် ပြောကြားခဲ့သည်။
သူ၏ သတင်းစာရှင်းလင်းပွဲက ကျယ်ကျယ်ပြန့်ပြန့် အဝေဖန်ခံခဲ့ရသည့် မတ်လ ၁၁ ရက်နေ့က တနိုင်ငံလုံးသို့ ပြောကြားခဲ့သော မိန့်ခွန်းနောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မိန့်ခွန်းတွင် ဒေါ်နယ်ထရမ့်က တိုးပွားလာနေသည့် စိုးရိမ် ထိတ်လန့်မှုများကို မဖြေဖျောက် ပေးနိုင်ခဲ့ရုံသာမက မှားယွင်းပြောဆိုမှုများလည်း ပြုလုပ်ခဲ့သည်။
နောက်ပိုင်းတွင် စတော့ဈေးကွက်၌ ဈေးလျှော့၍ အစုအပြုံလိုက်ရောင်းချမှုများ ပေါ်ပေါက်ခဲ့ရသော်လည်း မတ်လ ၁၃ ရက် နေ့တွင်မူ ဒေါ်နယ်ထရမ့် စကားပြောနေစဉ်အတွင်း Dow Jones (အမေရိကန် စတော့ရှယ်ယာ ဈေးကွက် ညွှန်းကိန်း) သိသိသာသာ မြင့်တက်ခဲ့သည်။
NBA က ဘတ်စကက်ဘောရာသီကို အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဟု ကြေငြာခြင်း အားဖြင့် ပရိသတ်များကို အံ့အားသင့်စေပြီးနောက်ပိုင်းတွင် ဘေ့စ်ဘောလ် ပရိသတ်များမှာလည်း ၂၀၂၀ ရာသီကို ရွှေ့ဆိုင်းမည် ဖြစ်ကြောင်း သတင်းရရှိခဲ့ကြသည်။ PGA Tour၊၊ Major League Soccer နှင့် အမျိုးသားဟော်ကီလိဂ်တို့ အားလုံးကလည်း အလားတူ ပြုလုပ်ခဲ့ကြသည်။
သမိုင်းဝင် ဘော်စတွန်မာရသွန်ပြေးပွဲကို ရွှေ့ဆိုင်းလိုက်ပြီး လူကြိုက်များသော “ March Madness” ကောလိပ်များ ဘတ်စကက်ဘောလ် ပြိုင်ပွဲကိုလည်း ဖျက်သိမ်းလိုက်သည်။
ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ပိတ်ပင်ခြင်းများက ခေတ်သစ် အမေရိကန် အားကစားသမိုင်းတွင် မကြုံစဖူးကိစ္စများဖြစ်ပြီး ၂၀၀၁ ခုနှစ်စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုအပြီးတွင်သာ ရှိခဲ့သည်။
နယူးယောက်၏ ပြဇာတ်ရုံကြီးများရှိသော ဘရုဒ်ဝေးမှ နေ၍ ကယ်လီဖိုးနီးယား၏ ဒစ်စနီလန်း Disneyland အထိ ထိပ်တန်းဖျော်ဖြေရေး ခန်းမများနှင့် ပြတိုက်များ အားလုံးနီးပါး ပိတ်လိုက်ရခြင်းက ဖျော်ဖြေရေး လုပ်ငန်း ကဏ္ဍတွင်လည်း ထိုးနှက်ခံရကြောင်း ပြနေသည်။
ဘရုဒ်ဝေးကို ပိတ်လိုက်ရခြင်းက ပြီးခဲ့သည့် တပတ်တည်း အတွင်းမှာပင် အမေရိကန်ဒေါ်လာ ၂၆.၇ သန်းကျော် ရရှိခဲ့သော ခရီးသွားလုပ်ငန်း ဝင်ငွေလမ်းကြောင်းတခုအတွက် အဓိက ထိုးနှက်မှုတခုဖြစ်သည်။
ကမာ္ဘပေါ်မှ Park များထဲတွင် ဒုတိယမြောက် လူဝင်အများဆုံး ဖြစ်သည့် ဒစ်စနီလန်း ကိုလည်း မတ်လ ၁၄ ရက်နေ့ မှ စ၍ ပိတ်တော့မည် ဖြစ်သည်။
ကယ်လီဖိုးနီးယားပြည်နယ်၏ သဲကန္တာရဂီတပွဲတော် Coachella အပါအဝင် အဓိကပွဲတော်များကို ဖျက်သိမ်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ထားပြီး ဖြစ်သည်။ Coachella ကို အောက်တိုဘာလအထိ နောက်ဆုတ်ခဲ့သည်။
ကိုးကား။ ။ AFP
You may also like these stories:
အမေရိကန်ကို Covid-19 စမ်းသပ်ကိရိယာနဲ့ Mask တွေ လှူဒါန်းဖို့ ဂျက်မား ကမ်းလှမ်း
Covid-19 ကြောင့် အမျိုးသားများ မျိုးအောင်ခြင်းကို ထိခိုက်စေနိုင်သည့် သတင်း ဟူဘေးအစိုးရပြန် ဖြုတ်ချရ
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြုံနေရချိန်မှာ ဘယ်လို နေထိုင်ရမလဲ