ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စုတွင် လင်မယားချင်း စကားများရာမှ ခင်ပွန်း ဖြစ်သူက ကိုင်းခုတ်ဓားဖြင့် ခုတ်သည့်အတွက် ဇနီးဖြစ်သူသေဆုံးမှု မတ်လ ၁၃ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“အမျိုးသမီးက ကလေး ၃ ယောက်ကို ဆူပူနေလို့ဆိုပြီး ယောက်ျားဖြစ်တဲ့လူက အလုပ်က ပြန်အလာမှာ ကိုင်းခုတ်ဓားနဲ့ ခုတ်လိုက်တာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ တရားခံကို ကျနော်တို့ ရဲတပ်ဖွဲ့က ချက်ခြင်းပဲ သွားရောက်ဖမ်းဆီး ခဲ့ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
ထနီးကျေးရွာအုပ်စု၊ ပတုပ်ကျေးရွာရှိ ဧက ၁၀၀ ငါးမွေးကန်တွင် ကန်စောင့်လုပ်သားအဖြစ် အလုပ်လုပ်နေသူ အသက် ၃၅ နှစ်ရှိ ကျော်အောင် ဆိုသူက မတ်လ ၁၃ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အသက် ၂၈ နှစ်ရှိ ဇနီးဖြစ် သူ မစန္ဒာမိုးနှင့် စကားများပြီးနောက် အရိုးအသွား ၂၄ လက်မခန့်ရှိ ကိုင်းခုတ်ဓားဖြင့် ခုတ်ခဲ့ရာ မစန္ဒာမိုးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
မစန္ဒာမိုးမှာ ခင်ပွန်းဖြစ်သူ ကျော်အောင်၏ ဓားဖြင့်ခုတ်မှုကြောင့် လည်ပင်းတွင် ၄ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ညာဘက်ညှပ်ရိုး ၄ လက်မခန့် ပြတ်ရှဒဏ်ရာများဖြင့် ငါးကန်စောင့်တဲအိမ်ပေါ်တွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ပြီး အလောင်းအား မအူပင်မြို့၊ လူမှုကရုဏာကူညီရေးအသင်းကားဖြင့် မအူပင်ခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“အဓိကက ကျနော်တို့ဆီမှာ လူသတ်မှုဖြစ်တာက အရက်ကြောင့်ဖြစ်တာ များတယ်။ သောက်စားပြီးတော့ သတ်ကြတာများတယ်။ ပြီးတော့ ကျနော်တို့က နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်အောက်မှာ စိတ်ဓာတ်တွေ ဖျက်ဆီးရိုက်ချိုးခံခဲ့ရတော့ လူတွေရဲ့စိတ်ဓာတ်တွေက တော်တော်ကြီး ပျက်စီးခဲ့တယ်။ တစ်ခုခုဆို ရိုက်ပုတ် ထိုးကြိတ် လက်ပါတာတွေ ဖြစ်နေတယ်။ ဒါတွေပြင်ဖို့က ဆယ်စုနှစ် တစ်ခု၊ နှစ်ခု ကြာဦးမယ် ထင်ပါတယ်။ ပြသနာတွေ ဖြစ်လာတဲ့အခါ ဆင်ခြင်တုံတရားနဲ့ ဖြေရှင်းဆောင်ရွက်ကြဖို့ပဲ အကြံပြုလိုပါတယ်”ဟု မအူပင်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးက ပြောသည်။
ဇနီးဖြစ်သူ မစန္ဒာမိုးအား ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်မှုဖြင့် ထနီးကျေးရွာအုပ်စု၊ ပတုပ်ကျေးရွာရှိ ဧက ၁၀၀ ငါးမွေးကန်စောင့်လုပ်သား ကျော်အောင် ကို မအူပင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။
ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) မှာ မည်သူမဆို ကြိုတင်ကြံစည်ချက်ဖြင့်လည်းကောင်း၊ ထောင်ဒဏ်
၇ နှစ်အထိ ကျခံထိုက်သောပြစ်မှုကို ကျူးလွန်နေစဉ် လူသတ်မှုကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းပြဌာန်းထားပြီး ထိုသို့မဟုတ်ဘဲ တခြားအချက်မျိုး၌ လူသတ်မှုကျူးလွန် လျှင် ထိုသူကို တသက်တကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
You may also like these stories:
ကွတ်ခိုင်က မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိမှု အဓိကတရားခံများ ဖမ်းမိရေး အရေးကြီးဟုဆို
အောင်သပြေ ပဋိပက္ခ ဖမ်းဆီးခံ သတင်းထောက် ပုဒ်မ ၄ ခုဖြင့် စွဲချက်တင်
မယ့်လိမ့်လုံအမှု လိင်တူပြုကျင့်သူ တရားခံကို ထောင် ၅ နှစ်ချ