COVID-19 ကြောင့် လူစုလူဝေးများ ရှောင်ရှားရန် နိုင်ငံတော်မှ ထုတ်ပြန်ထားပြီး ဖြစ်ရာ လူမှုဝန်ထမ်း လက်အောက်ရှိ နေ့ကလေးထိန်း ဌာနများ အပြင် ပုဂ္ဂလိက နေ့ကလေးထိန်း ဌာနများကို ယာယီ ရပ်နားထားရန် အမိန့်မူကြမ်း ရေးဆွဲပြီး နိုင်ငံတော်အဆင့် တင်ပြထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဧရာဝတီသို့ အတည်ပြုသည်။
ယင်းဝန်ကြီးဌာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက“အခုက အမိန့်မူကြမ်းကို ကျမတို့ တင်ထားတာ။ ထွက်လာမှ ပြောလို့ရမယ်။ ကျမတို့ကလည်း ဝန်ထမ်းဆိုတော့ အမိန့်ကြေညာစာကို အပေါ်ကိုပဲ တင်ပေးလို့ရတယ်။ ဘယ်နေ့ကနေ ဘယ်နေ့အထိ ဆိုတာက အမိန့် ထွက်မှ သိရမယ်။ တင်ထားဆဲ ဖြစ်တော့ ပြောမရသေးဘူး။ အဲဒီ အတည်ပြုချက်က အမိန့်ထွက်လာမှ အားလုံးကို အသိ ပေးမှာပါ” ဟု ပြောသည်။
လူမှုဝန်ထမ်းဝန်ကြီးဌာန လက်အောက်ရှိ ငှက်အော်စမ်းကဲ့သို့ လူငယ် ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းများ၊ လူငယ် အမျိုးသမီး သင်တန်းကျောင်းများနှင့် ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းများကိုမူ ဆက်လက် ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း သိရသည်။
၎င်းတို့နေရာရှိ လူငယ်များသည် မိမိတို့ ထိန်းသိမ်းစောင့်ရှောက်မှု အောက်တွင် အပြင်မထွက်ဘဲ နေထိုင်ကြရခြင်း ဖြစ် သလို အချို့ အမှုရင်ဆိုင်နေကြရသည့် လူငယ်များသာလျှင် ရုံးထုတ်ချိန် အပြင်ထွက်ရခြင်းသာ ရှိကြောင်း၊ ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် စတင်သည့်အချိန်ထဲက ဌာနအနေဖြင့် သင်တန်းကျောင်းများ အတွင်းရှိ လူငယ်များ အားလုံး အသိ ပညာပေးမှုနှင့်အတူ လက်ဆေးရန် ရေနှင့် ဆပ်ပြာများ၊ နှာခေါင်း၊ ပါးစပ်၊ မျက်စိ စသည့် မျက်နှာပေါ်ရှိ အရာများကို ခဏ၊ ခဏ ထိမိ ကိုင်တွယ်ခြင်း မပြုရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ်ရှိ NOBLE KIDS Pre School & Learning Centre မှ တာဝန်ရှိသူ တဦးက “ကျမတို့အနေနဲ့က လခ ယူထားပြီး ဖြစ်တဲ့အတွက် အမိန့်တစုံတရာ မထွက်မချင်းတော့ ကျောင်းကို ဖွင့်နေရဦးမှာပဲ။ ကျောင်းကို ပို့တာ မပို့တာက မိဘတွေရဲ့ ဆန္ဒပေါ့။ ကျမတို့အနေနဲ့ အမိန့်ထွက်လာပြီ၊ အားလုံးပိတ်ပါဆို အများ နည်းတူတော့ ပိတ်ရမှာပဲ” ဟု ပြောသည်။
၎င်းက “အခုလည်း ကျမတို့ နေ့ကလေးထိန်းကျောင်းတွေ အချင်းချင်း စုဖွဲ့ထားတဲ့ Facebook Group ထဲမှာ အဲဒီကိစ္စတွေ ပြောနေကြပြီ။ မနက်ဖြန် (မတ် ၁၇) က စပိတ်မယ်လို့ ကြားတယ်။ စာမထွက်လာသေးတော့ ကျမတို့ ဘာမှ လုပ်လို့တော့ မရသေးဘူး။ တချို့မိဘတွေက အခုဆိုရင် ကိုယ့်ကလေးတွေကို ကျောင်းကို မပို့ကြတော့ဘူး။ ဘယ်အထိ ပိတ်ရမယ် (ဧပြီ ၃ဝ) ပြောနေကြတာပဲ။ အတိအကျကတော့ စာထွက်လာမှ သိရမယ်” ဟု ရှင်းပြသည်။
ကိုရိုနာဗိုင်းရပ်စ်(COVID-19)သည် ကမ္ဘာပေါ်တွင် ၁၉၅ နိုင်ငံ ရှိသည့်အနက်မှ ၁၄၃ နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပြီး ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။
တရုတ်နိုင်ငံတွင် ဖြစ်ပွားမှုနှုန်း အနည်းငယ် လျော့ကျလာနေပြီ ဖြစ်သော်လည်း ကူးစက်ခံရသူ ၈၁ဝ၄၈ ဦးရှိပြီး သေဆုံးသူ ၃၂ဝ၄ ဦး ရှိပြီ ဖြစ်သည်။
တရုတ်နိုင်ငံပြင်ပ တကမ္ဘာလုံးတွင် သေဆုံးသူ ၂၅၃၁ ဦးအထိ ရှိလာပြီး ကူးစက်ခံရသူ ၇၂၄၆၉ ဦးအထိ ရှိနေပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) စတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံပြီးလျှင် ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးက ဥရောပရှိ အီတလီနိုင်ငံ၊ ဒုတိယ အမြင့်ဆုံးက အီရတ်နိုင်ငံနှင့် တတိယ အမြင့်ဆုံးက တောင်ကိုရီးယား နိုင်ငံတို့ ဖြစ်သည်။
မြန်မာတနိုင်ငံလုံးတွင် လူမှု့ဝန်ထမ်း လက်အောက်ရှိ နေ့ကလေးထိန်းကျောင်းပေါင်း ၁၃၈ ကျောင်းရှိပြီး ပုဂ္ဂလိက မူကြိုကျောင်းပေါင်း ၉၄၄ ကျောင်းရှိကြောင်း၊ ထို့အပြင် ရပ်ကွက်၊ ကျေးရွာအဆင့် တပိုင်တနိုင် ပြုလုပ်ထားကြသည့် တည်ထောင်ခွင့်ရ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းပေါင်း ၁၉၅၅ ကျောင်းရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
You may also like these stories:
ချက်နိုင်ငံကို လာမယ့်လူတွေရော ထွက်မယ့် လူတွေရော အကုန် ပိတ်ပင်လိုက်ပြီ
စက်ရုံတွေ ပိတ်လို့ အလုပ်လက်မဲ့ဖြစ်လာကြတဲ့အခါ
ဘဏ်တိုးနှုန်းလျှော့ချမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ