ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကူးစက်မှု မြင့်တက်နေသော တရုတ်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်၊ စပိန်၊ ပြင်သစ်နှင့် ဂျာမနီ နိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက်လာမည့် နိုင်ငံခြားသား ဧည့်သည်များနှင့် မြန်မာနိုင်ငံသားများကိုပါ ပြည်ဝင်ခွင့် ကန့် သတ်လိုက်သည်။
တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ ရောဂါကူးစက်ပြန့်ပွားမှု ပြင်းထန်သည့် ဒေသများသို့ လွန်ခဲ့သော ၁၄ ရက်အတွင်း သွားရောက်ခဲ့သော နိုင်ငံခြားသားများကို ခရီးသွားလာမှု ယာယီ ရပ်ဆိုင်းခြင်း၊ မြန်မာနိုင်ငံသားများကို သတ်မှတ်ထား သော နေရာနှင့် နေအိမ်များတွင် အသွားအလာ ကန့်သတ်သွားမည် ဖြစ်ပြီး လွန်ခဲ့သော ၁၄ ရက်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သူများကို ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင်ရွက်သွားမည်ဟု မတ်လ ၁၅ ရက်က ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နှင့် ဂျာမနီနိုင်ငံများသို့ လွန်ခဲ့သော ၁၄ ရက်အတွင်း ထိုနိုင်ငံများသို့ သွားရောက်ခဲ့ သူများ ကို သတ်မှတ်ထားသော နေရာတွင် အသွားအလာ တားမြစ်ပိတ်ပင်ခြင်းနှင့် ကန့်သတ်ခြင်း လုပ်ဆောင်သွားမည် ဖြစ်ပြီး သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဝန်ထမ်းများကိုမူ နေအိမ်တွင် ၁၄ ရက် စောင့်ကြည့်သွားမည် ဖြစ် ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ပြန်ကြားရေး အရာရှိတဦးက “အိန္ဒိယနိုင်ငံဘက်က မြန်မာနဲ့ နယ်စပ်ချင်း ထိ တဲ့ တမူးတို့ ဘာတို့ကို ပိတ်လိုက်သလိုမျိုးပဲပေါ့။၂ နိုင်ငံကြားက သံတမန်ရေး အရသာ အိမ်နီးချင်း နိုင်ငံတချို့မပါသေးပေ မယ့် ကိုယ့်ပြည်သူတွေ အတွက်ကတော့ စောင့်ကြည့်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အခြေအနေများကြောင့် ခရီးသွား လုပ်ငန်း ကဏ္ဍများရှိ စီးပွားရေး လုပ်ငန်းများနှင့် အများပြည်သူများ၏ ထိခိုက် နစ်နာမှုများကို ပြန်လည် ကုစားနိုင်မှု နည်းလမ်းများကို နိုင်ငံတော်အဆင့် ဗဟိုကော်မတီနှင့် ဝန်ကြီးဌာနတို့က ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ထိုသို့ ခွဲခြားစောင့်ကြည့်မည့် အစီအစဉ်ကို မလိုက်နာလိုသည့် ခရီးသည်များကို နေရပ်သို့ ပြန်စေခိုင်းသည့် (Quarantine and Return to Home) ကို ဆောင်ရွက်မည် ဖြစ်ကာ ယခုအစီအစဉ်သည် မတ်လ ၁၅ ရက်က စတင်ခြင်း ဖြစ်ပြီး နောက် ထပ် အမိန့်တစုံတရာ ထုတ်ပြန်သေးသည့် အချိန်အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်တွင် ဂျာမနီ၊ ပြင်သစ်နှင့် ဥရောပ နိုင်ငံတချို့မှ ရန်ကုန်နှင့် မန္တလေး လေဆိပ်သို့ ရောက်ရှိလာ သော ခရီးသည်များသည် ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနက ညွှန်ကြားထားသော ခွဲခြားစောင့်ကြည့် (Quarantine) အစီအစဉ်ကို လိုက်နာနိုင်ခြင်း မရှိသဖြင့် ၎င်းတို့၏ ဆန္ဒအရ နေရပ်သို့ ပြန်ရန်သာ ရွေးချယ်ခဲ့ကြကြောင်း ပြည်တွင်း ခရီးသွားလုပ်ငန်း တချို့ထံက သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာသို့ လာမည့် အပျော်စီးသင်္ဘော ခရီးစဉ် ၅ ခု ဖျက်သိမ်းဟုဆို
ကိုရိုနာကြောင့် ကမ္ဘာဒီးယားမှာ နိုင်ငံ ၅ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်
နေ့ကလေးထိန်းကျောင်းများ ယာယီပိတ်ရန် လူမှုဝန်ထမ်းက နိုင်ငံတော်သို့ တင်ပြ