သင်္ကြန်ကာလ မိခင်နိုင်ငံသို့ ပြန်ကြသည့် ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် အခါ ၁၄ ရက်ကြာ သီးခြားခွဲထား၍ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါလက္ခဏာ စောင့်ကြည့် စစ်ဆေးသွားမည် ဖြစ်သည်။
ထိုင်းအစိုးရ၏ ညွှန်ကြားချက်အပေါ် မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် လိုက်နာပြီး ၃၀၊ ၄၊ ၂၀၂၀ ရက်နေ့အထိ တနိုင်ငံနှင့် တနိုင်ငံ ကူးလူးသွားလာမှု၊ ခရီးသွားလာမှုများနှင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်ခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း မတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးဝေလင်းမောင် က “အခု စက်ရုံတော်တော်များများ ကလည်းပဲ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကို ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုတွေနဲ့ သွားနေတယ်။ အဲတော့ အပြင်ဘက် တခြားနိုင်ငံကို သွားပြီး ပြန်ဝင်လာတဲ့သူကို ၁၄ ရက် ပြန်ပြီးစောင့်ကြည့်မှုတွေက ရှိနေတော့ ကြိုတင် အသိပေးတဲ့သဘောပါ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းအစိုးရအနေဖြင့် ပြန်လာသူများကို ၁၄ ရက်သီးခြားထား စောင့်ကြည့်မည့် အစီအစဉ်ကြောင့် လုပ်ငန်း ဆိုင်းငံ့ရမှု အခြေ အနေမျိုးကို ဖြစ်မည်ကို အလုပ်ရှင်များဘက်မှ စိုးရိမ်မှုရှိနေသကဲ့သို့ စက်ရုံတွင်း ကျန်ရှိနေသည့် အလုပ် သမားများ အနေဖြင့်လည်း အပြင်က ပြန်ဝင်လာမည့် လုပ်သားအပေါ် စိုးရိမ်မှုများရှိနိုင်ကြောင်း မြန်မာ အလုပ်သမား သံအရာရှိက ဆိုသည်။
ထိုင်းအစိုးရအနေဖြင့် Covid – 19 ခေါ် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပြန့်နှံ့မှု ထိန်းချုပ်ကာကွယ်နိုင်ရေး ဆောင်ရွက် ချက်များအဖြစ် ပြည်ဝင်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များအား တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် နိုင်ငံအတွင်း ဝင်ပေါက်၊ ထွက်ပေါက်များဖြစ်သည့် လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်များမှ တဆင့် ဝင်ရောက် လာသော ခရီးသည်များအား ကျန်းမာရေး၊ စစ်ဆေးမှုများ၊ အထူး ကြပ်မတ်ဆောင်ရွက်လျှက်ရှိပြီး စက်ရုံ၊ အလုပ်ရုံများ တွင်လည်း ကျန်းမာရေး အဖွဲ့များဖြင့် စိစစ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထိုင်းအစိုးရအနေဖြင့် ရောဂါ မပြန့်ပွားစေရန် ထိန်းချုပ်နေသည့် ကာလအတွင်း အလုပ်သမားများ ခရီးသွားလာမှု မပြုလုပ်စေလိုသဖြင့် သင်္ကြန်ကာလ နေရပ်ပြန် အလုပ်သမားများအား ထိုင်း Re-entry Visa ကြေးကို ယခင်နှစ်များ ကဲ့သို့ ကင်းလွတ်ခွင့် မပြုဘဲ ဘတ် ၁၀၀၀ (ကျပ် ၄ သောင်းခွဲ့ခန့်) ကောက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။
မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် ကတော့ တကမ္ဘာလုံး ပြန့်နှံ့ပြီး စိုးရိမ်ဖွယ်ရာ အခြေအနေထိ ကူးစက်နေသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါ အခြေအနေနှင့် ပတ်သက်ပြီး ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်း ပြောသည်။
ဦးအောင်ကျော် က “ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ လုံလုံခြုံခြုံ ထိထိရောက်ရောက် ကာကွယ်ချင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ထုတ်ပြန်တာကို တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်အစိုးရကပဲ ထုတ်ထုတ် ထုတ်ပြန်တာတွေ အားလုံးက မတရား ထုတ်ပြန်တာတွေ မဟုတ်ဘဲနဲ့ အခြေအနေ အချိန်အခါအရ လိုအပ်လို့ ထုတ်ပြန်တဲ့ ကာကွယ် စောင့်လျှောက်မှု လို့ပဲ မြင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် အတွက် MoU ဖြင့် အလုပ်သမား စေလွှတ်မှုမှာ နေ့စဉ်ကဲ့သို့ ရှိနေပြီး လက်ရှိ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်းတွင် ၂ နိုင်ငံ အစိုးရ သဘောတူညီချက်ဖြင့် ရောဂါ စစ်ဆေးပြီးမှ လွှတ်သင့်ကြောင်းလည်း ဦးအောင်ကျော် က အကြံပြု ထောက်ပြသွားသည်။
ထိုင်းနိုင်ငံတွင် မတ် ၁၆ ရက်နေ့ မနက်ပိုင်းထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက် ခံရသူ ၁၁၄ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိကြောင်း တရားဝင်ထုတ်ပြန်ထားသည်။ ထိုင်းအစိုးရကလည်း ထိုရောဂါနှင့် ပတ်သက်ပြီး ယခုလ ၁ ရက်နေ့မှစ၍ ၂၀၁၅ ခုနှစ် ကူးစက်ရောဂါ အက်ဥပဒေအရ ထိုင်းနိုင်ငံ၏ ၁၄ ခုမြောက် အန္တရာယ်ရှိသော ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ် ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုင်းအစိုးရ အနေဖြင့် ၁၄ ရက် စောင့်ကြည့်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး နိုင်ငံအတွင်းသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှတဆင့် ဝင်ရောက်မည့် နိုင်ငံခြားသားများအနေဖြင့် ပြည်ဝင်ခွင့်ကိစ္စရပ်များ ဆောင်ရွက်ခြင်းမပြုလုပ်မီ မိမိတို့၏ လက်ကိုင် တယ်လီဖုန်းများတွင် AOT Airports အမည်ရှိ မိုဘိုင်း APP ကို Download ရယူ၍ ထည့်သွင်းထားရန် လမ်းညွှန်ထားသည်။
ထို့နောက် မိမိ၏ အမည်၊ နိုင်ငံကူးလက်မှတ်အမှတ်၊ တယ်လီဖုန်းအမှတ်၊ အီးမေလ်လိပ်စာ၊ တည်းခိုမည့် လိပ်စာ များအား ဖြည့်စွက်ရမည်ဖြစ်ပြီး ယင်းသို့ ဖြည့်စွက်မှုအား လေဆိပ်ရှိ တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးအရာရှိထံ တင်ပြရမည်ဖြစ်သည်။ ယင်းအချက်အလက်များအား လေဆိပ်သို့ ရောက်ရှိသည့်နေ့ရက်မှ ၁၄ ရက်တိတိ သိုလှောင် သိမ်းဆည်းထားမည်ဟု ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်က စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် Covid- 19 ကူးစက်ရောဂါသည် ယခုအခါတွင် ကမ္ဘာတဝှမ်း စိုးရိမ်စရာ အခြေအနေတရပ်ထိ ကူးစက်ပျံ့နှံ့နေသလို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ကလည်း ကပ်ရောဂါ အဖြစ် ယခုလ ၁၁ ရက်နေ့က သတ်မှတ်ကြေညာထားသည်။
WHO ၏ မှတ်တမ်းများ အရ Covid- 19 သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၆ နိုင်ငံထိ ကူးစက်ပျံ့နှံ့နေပြီး ယနေ့ မနက်ပိုင်းထိ ကူးစက်ခံရသူ ၁၅၃၆၄၈ ရှိပြီး သေဆုံးသူ ၅၇၄၆ ဦးရှိပြီဖြစ်သည်။ ထိုအထဲတွင် အဆိုးဆုံး နိုင်ငံများမှာ တရုတ်၊ အီတလီ၊ အီရန်၊ တောင်ကိုရီးယား၊ စပိန်၊ ပြင်သစ်နှင့် ဂျာမနီ၊ အမေရိကန်၊ ဆွစ်ဇာလန်နှင့် အင်္ဂလန်တို့ ဖြစ်သည်။
You may also like these stories:
ဥရောပ အပါအဝင် ၇ နိုင်ငံ မြန်မာ ပြည်ဝင်ခွင့် ကန့်သတ်
နေ့ကလေးထိန်းကျောင်းများ ယာယီပိတ်ရန် လူမှုဝန်ထမ်းက နိုင်ငံတော်သို့ တင်ပြ
ချက်နိုင်ငံကို လာမယ့်လူတွေရော ထွက်မယ့် လူတွေရော အကုန် ပိတ်ပင်လိုက်ပြီ