တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့၏ တိုက်ပွဲများကြောင့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် ရွာ ၆ ရွာမှ အရပ်သား ၆၇၀ ကျော် နေအိမ်များမှ တိမ်းရှောင် နေကြရသည်ဟု သတင်းရသည်။
အဆိုပါ အရပ်သား ၆၇၀ ကျော်၏ နေရပ်ရင်း ရွာများမှာ မိတ်စာ ၁၊ မိတ်စာ ၂၊ မိတ်စာ ၃၊ ဝက်မ၊ ပြိုင်တိန် နှင့် ငမြင်းသောင် ရွာတို့ ဖြစ်သည်ဟု တိမ်းရှောင် လာကြသူများက ဧရာဝတီကို ပြောပြသည်။
တိုက်ပွဲများအတွင်း မတ်လ ၁၄ရက်က တပ်မတော် ရဟတ်ယာဉ်မှ ပစ်ချလိုက်သည့် ဗုံးဆန်များ ကျ၍ ပေါက်ကွဲသဖြင့် မိတ်စာရွာမှ အရပ်သား ၁၁ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရရှိထားကြောင်း၊ ထို ဒဏ်ရာရရှိသူ ၁၂ ဦးထဲတွင် ၈ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသဖြင့် မိတ်စာရွာနှင့် မိုင် ၁၀၀ ကျော်ဝေးသည့် မတူပီမြို့နယ် ဆေးရုံသို့ ပို့ဆောင်၍ ကုသမှု ခံယူ နေရကြောင်း ခူမီး ချင်းမျိုးနွယ်စုများ ရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကောင်စီ (KACC) က ထုတ်ပြန်ထား သည်။
မိတ်စာကျေးရွာမှ ရပ်မိရပ်ဖ ဦးလိုင်းပက“အခုကျနော်တို့ ဆမီးချောင်းအတိုင်း ပြေးနေတာ လမ်းတဝက်ပဲ ရောက်သေး တယ်။ လက်ရှိအချိန်ထိ ကျနော်တို့ တွက်ထားတာ ၆၇၀ ကျော် ရှိပါတယ်။ မနေ့က မွန်းလွဲ ၃ နာရီတည်းက စပြေးကြ တာပါ။ လှေက မလုံလောက်လို့ ကလေးတွေ ဝါကြီးသူတွေ အမျိုး သမီးတွေကို အရင်ပို့နေလို့ ကြန့်ကြာနေတာပါ”ဟု ပြောသည်။
ထွက်ပြေးလာကြသူများမှာ ဆမီးချောင်းအတိုင်း စက်လှေများဖြင့် ပြေးနေကြခြင်း ဖြစ်သည်ဟု သိရသည်။ ဆမီးမြို့ သည် မိတ်စာကျေးရွာများနှင့် ၁၂ မိုင်ခန့် အကွာတွင် ရှိသည်။
မတ်လ ၁၅ ရက်တွင်လည်း ဗုံးဆန်များ ထပ်မံကျပေါက်ကွဲသဖြင့် အရပ်သားများ ထိခိုက်သေဆုံးမှု ရှိသည်ဟု သိရ သော်လည်း စာရင်း အတိအကျ မသိရှိရသေးပေ။
ဦးလိုင်းပက“ဒါက ကျနော်တို့ ပြေးနေကြတုန်းမှာ မနေ့က ထပ်ထိကြတာ။ လောလောဆယ် သိတာက သေဆုံးတာက ၄ ယောက်၊ ဒဏ်ရာ ရတာက ၁၃ ယောက်၊ ဒဏ်ရာရတဲ့ သူတွေကတော့ ဆမီးကို အရင်ဆုံးပို့လို့ ရောက်သွားပြီ။ ကျနော် တို့လည်း အခု လမ်းခုလတ်မှာဆိုတော့ ဟိုကိုရောက်မှ အားလုံးသိရမှာ”ဟု ပြောသည်။
ပြေးလာသူ ၆၇၀ ကျော်ရှိသည် ဟူသည့် စာရင်းမှာ အကြမ်းဖျင်း တွက်ချက်ထားခြင်း ဖြစ်ပြီး ဆမီးမြို့ စစ်ဘေးရှောင် ဒုက္ခသည်စခန်း ရောက်မှသာ အတိအကျ ထပ်မံ ရေတွက် ရမည်ဟုလည်း ဦးလိုင်းပက ပြောဆိုသည်။
မိတ်စာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စံသာကလည်း“ကျနော်တို့အခု ပြေးနေတာ လမ်းခုလတ်မှာပါ။ အခုချိန်မှာ ဘာမှ မဖြေနိုင်သေးပါဘူး။ လုံခြုံရေးပိုင်းကတော့ လမ်းမှာ အခုထိတော့ အဆင်ပြေပါတယ်။ ညဘက်ကို ဆမီးကို ရောက်မှာပါ”ဟု ပြောသည်။
ထွက်ပြေးလာကြသူများတွင် စားနပ်ရိက္ခာများ ပါလာခြင်းမရှိဘဲ တနိုင်တပိုင် အဝတ်အထည်များသာ သယ်ဆောင် လာနိုင်ခဲ့သည်ဟုလည်း ဦးမောင်စံသာက ပြောပြသည်။
ဆမီးမြို့တွင် စစ်ဘေးရှောင်ဒုက္ခသည် ကယ်ဆယ်ရေး ဆောင်ရွက်နေကြသူများထဲမှ မီးသတ်ဌာန လက်ထောက် ဦးစီး မှူး ဦးချွာစံက“ဒုက္ခသည်တွေကတော့ စာရင်းအတိအကျ ကျနော်တို့ မသိရသေးဘူး။ တဖြည်းဖြည်း ရောက်လာနေ တုန်းပဲ။ မနေ့က လူနာတွေနဲ့ မိသားစု တစုပဲ စရောက်တာ။ ဒီနေ့မှာ တဖြည်းဖြည်း ရောက်လာနေကြပြီ။ သူတို့ အတွက် ဆမီး အလက ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေရာ စီစဉ်ထားပါတယ်”ဟု ပြောသည်။
ဒဏ်ရာများနှင့် ရောက်လာသည့် ၁၃ ဦးကိုလည်း မတူပီမြို့နယ် ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဟု ဦးချွာစံက ပြောပြသည်။
ဆက်လက်ပြီး ဦးချွာစံက“ကျနော်တို့က ဌာနဆိုင်ရာတွေတော့ အကုန်ပေါင်းလုပ်နေပါတယ်။ သူတို့ အတွက် ရိက္ခာ ကတော့ ချင်းပြည်နယ် အစိုးရအဖွဲ့က ဖေဖော်ဝါရီတုန်းက ပလက်ဝကို ပို့ဖို့ ဆန်အိတ် ၆၀၀ စီစဉ်တာရှိတယ်။ အဲ့ဒါက သယ်မရလို့ ဆမီးမှာ သောင်တင်နေတာ။ အဲ့ဒါနဲ့ ပြေးလာသူတွေ စားဖို့ စီစဉ်မှာပါ”ဟုလည်း ပြောသည်။
ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများနှင့် ပတ်သက်၍ မေးမြန်းရန် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
မိတ်စာကျေးရွာ အတွင်း အရပ်သားများ သေဆုံးခြင်းနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ မတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစောင် ထုတ်ထားပြီး ထိုထုတ်ပြန်ချက်တွင် “AA အကြမ်းဖက် သောင်းကျန်း သူများက အင်အားသုံး ဝိုင်းပတ် ပိတ်ဆို့၍ ပစ်ခတ် တိုက်ခိုက်နေသည့် အတွက် မလွှဲမရှောင်သာ ပြန်လည် ပစ်ခတ်ခဲ့ရ သည်”ဟူ၍ ထုတ်ပြန်ထားသည်။
ယင်း ထုတ်ပြန်ချက်တွင် ခူမီး ချင်းမျိုးနွယ်စုများ ရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) က တပ်မတော်၏ လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက် သေဆုံးရသည်ဟူသော ပြောဆိုမှုကို ကန့်ကွက်ရှုတ်ချကြောင်း လည်း ဖော်ပြထားသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက အရပ်သားများ ထိခိုက်သေဆုံးသည့် မိတ်စာ ကျေးရွာများ အနီးတွင် မတ်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိဟု ငြင်းဆိုသည်။
တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်စဉ်ကလည်း မိတ်စာကျေးရွာအတွင်း AA စစ်သားများ ရှိမနေကြောင်း ဦးခိုင်သုခက ပြောသည်။
ဦးခိုင်သုခက“ရွာသားတွေကို ရွာက ထွက်ပြေးအောင် လေယာဉ်နဲ့ ပစ်ခတ်ပြီးတော့ ဖြိုဖျက်နေတာ ဖြစ်တယ်။ ဒီလို လုပ်တာက မြန်မာစစ်တပ်မှာ အခြားရည်ရွယ်ချက်တွေ အများကြီး ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။ အထူးသဖြင့်ကတော့ ရွာသားတွေ ရှိနေရင် ရက္ခိုင်တပ်တော်က ရိက္ခာရနေတယ်လို့ ယူဆနေပုံရပါတယ်”ဟုလည်း ပြောဆိုသည်။
မိတ်စာကျေးရွာသည် တပ်မတော်၏ မီးချောင်းဝတံတား ဗျူဟာကုန်းနှင့် ၃ မိုင်ကျော်သာ ကွာဝေးသည့် နေရာတွင် တည်ရှိသည်ဟု ဆိုသည်။
မီးချောင်းဝ တံတား ဗျူဟာကုန်းသည် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်းသို့ ဖြတ်သန်း စီးဆင်းနေသည့် ကုလားတန်မြစ်ကြောင်းကို စိုးမိုးနိုင်သည့် နေရာတခုဖြစ်သဖြင့် AA က သိမ်းယူနိုင်ရန် လာရောက် တိုက်ခိုက် နေသည်မှာ ရက်ပေါင်း ၄၀ ကျော်ပြီ ဖြစ်ကြောင်း သိရသည်။
မတ်လ ၁၀ ရက်နှင့် ၁၁ ရက်ကလည်း ဗျူဟာကုန်းသို့စစ်ကူရန် ကျောက်တော်မြို့နယ်ဘက်မှ လာသည့် တပ်မတော် တပ်မ ၇၇၊ ခမရ ၇ မှ တပ်ရင်းမှူး၊ အရာရှိများနှင့် တပ်ဖွဲ့ဝင် ၃၈ ဦးကို AA က ဖမ်းဆီးထားသည်။
မီးချောင်းဝ တံတား ဗျူဟာကုန်းကို ဦးတည်ပြီး ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဖေဖော်ဝါရီ ၆ ရက်မှစ၍ ယနေ့ အထိ ရေလမ်း၊ ကုန်းလမ်းများလည်း ပိတ်ဆို့နေပြီး ပလက်ဝမြို့နယ် အတွင်းရှိ ဒေသခံ ၁ သိန်းကျော်သည်လည်း စားနပ်ရိက္ခာ ပြတ်တောက်မည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
You may also like these stories:
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၁)
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၂)
အင်အားကြီးနိုင်ငံများ ကချင်ပါတီနှင့် ဆက်ဆံရေးလမ်းခင်းလာ