ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန် မြစ်ကြောင်း အနီးရှိ ကျေးရွာများသို့ မတ်လ ၁၆ ရက် နံနက် ၃ နာရီ ဝန်းကျင်က လက်နက်ကြီး လက်နက်ငယ် ကျည်ဆန်များ ကျရောက်သဖြင့် ဒေသခံ ရွာသား ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိ ကြောင်း သတင်း ရရှိသည်။
ထိုသို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ အုတ်ကြွတ် ကျေးရွာမှ အမျိုးသား ၃ ဦး၊ ရောင်စုံ ကျေးရွာမှ အမျိုးသား ၂ ဦး၊ အလှမဒီကျေးရွာမှ အမျိုးသား ၁ ဦး၊ အင်ဗာရီ မွတ်စလင် ကျေးရွာမှ အမျိုးသား ၂ ဦးနှင့် ဆယ်ကျော်သက် အရွယ် ကလေး ၁ ဦးတို့ဖြစ်ကြောင်း ကျောက်တော်မြို့ခံ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်က ပြောပြသည်။
ဦးမောင်မောင်က“ကျနော်တို့ စာရင်း ရသလောက်ကတော့ ဒဏ်ရာရတာ အားလုံး ၉ ဦး ရှိတယ်။ ဖြစ်တာကတော့ လူတွေ အိပ်နေကြတဲ့အချိန် ရွာထဲကို လက်နက်ကြီးတွေ လာကျတယ်လို့ ပြောတယ်။ ရွာသားတွေ ပြောပြတာကတော့ နေဗီ(ရေတပ်)ကနေ မြစ်ကမ်းခြေ တလျှောက် ပစ်ခတ်သွားတာလို့ ပြောတယ်။ ဘယ်လို ဖြစ်လို့ ပစ်တယ်ဆိုတာ သေချာ တော့ မသိဘူး။ ရွာသားတွေလည်း အိမ်မှာ အိပ်နေရင်းနဲ့တောင် သေနေကြရတာ ဆိုတော့ ဘယ်သူမှလည်း မကြည့်ရဲကြ ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ထိုပစ်ခတ်မှုအတွင်းက အုတ်ကြွတ်ကျေးရွာမှ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် အသက် ၆၈ နှစ်အရွယ် ဦးမောင်ဖြူလှ ကိုတော့ အပေါက်ဝ တိုက်နယ် ဆေးရုံမှနေ တဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရ သည်။
ဦးမောင်ဖြူလှ၏ ညီမဖြစ်သူ ဒေါ်မယဉ်စိန်က“အဒေါ့် အစ်ကိုက လက်နက်ကြီး ပစ်သံတွေကို ကြားလို့ အိမ်အောက်မှာ ဝင်ပုန်းဖို့ ပြေးသွားတဲ့အချိန် ထိမှန်သွားတာ။ ဒဏ်ရာက ဝမ်းဗိုက်၊ ဒူး၊ ခြေထောက်တွေမှာ ရတယ်။ ပစ်တာကတော့ မြစ်ထဲကနေ ပစ်တာ။ ဘယ်လို ဖြစ်တယ်ဆိုတာတော့ မသိဘူး။ သေနတ် ပစ်သံတွေကိုပဲ ကြားရတာ”ဟု ပြောသည်။
ယမန်နေ့ ညအချိန်က တပ်မတော် စစ်ရေယာဉ်များမှာ ချင်းပြည်နယ် ပလက်ဝ မြို့ဘက်သို့ ကုလားတန် မြစ်ကြောင်း အတိုင်း ဆန်တက်လာခဲ့ကာ ကမ်းခြေတလျှောက် ပစ်ခတ်လာကြောင်း၊ ထိုသို့ ပစ်ခတ်ခြင်းမှာ နှစ်ဘက် တိုက်ပွဲဖြစ်၍ ပစ်ခတ်ခြင်းလား၊ မည်သည့် အတွက်ကြောင့် ပစ်ခတ်သည် ဆိုသည်ကိုမူ မသိရှိကြောင်း အနီးဝန်းကျင်ရှိ ကျေးရွာသား များက ပြောဆိုသည်။
ရောင်စုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးမောင်သိန်းက“ကျနော်တို့ ကျေးရွာအုပ်စုအတွင်းမှာ ၃ ယောက် ဒဏ်ရာရတယ်။ ၂ ယောက်ကတော့ ဒဏ်ရာ နည်းနည်း ပြင်းတယ်။ တိုက်ပွဲဖြစ်တာလား။ ဘယ်လို ဖြစ်တာလဲ ဆိုတာ ကျနော် တို့ လည်း မသိဘူး။ အိပ်ပျော်နေရင်းကနေ နိုးလာတာနဲ့ ပစ်သံကြားတာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီက တပ်မတော် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အပါအဝင် အနောက် ပိုင်း တိုင်း စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းတို့ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
ရက္ခိုင် စစ်တပ် (AA) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကမူ အဆိုပါ ကျေးရွာအနီးတွင် ၎င်းတို့ တပ်ဖွဲ့ဝင် များ နှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ ရောင်စုံကျေးရွာအတွင်းမှ ဒဏ်ရာရရှိခဲ့သူ အသက် ၆၀ အရွယ် ဦးအောင်သာထွန်းနှင့် အသက် ၃၉ နှစ်အရွယ် ဦးမောင်ကြာထွန်းတို့ကို အနီးဝန်းကျင်ရှိ သဲတက်ဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုခံယူနေ ရကြောင်းလည်း သိရသည်။
You may also like these stories:
တိုက်ပွဲပြင်းထန်၍ ပလက်ဝ ဒေသခံ ၇၀၀ နီးပါး စစ်ဘေးရှောင်
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၁)
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၂)