ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ သွားရောက်ရန် ပြင်ဆင်ထားသည့် ခရီးစဉ်များကို ပြန်လည် ပယ်ဖျက်လျက်ရှိရာ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၈ သိန်းနီးပါးရှိလာပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း (UMTA) ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဧရာဝတီကို ပြောသည်။
“ခရီးသည် အရေအတွက်နဲ့ ကြည့်ရင် ထောင်ဂဏန်း ကျော်တယ်။ ဒီလို ကမ္ဘာတဝန်း ကပ်ရောဂါ ဖြစ်နေတဲ့အချိန်မှာ ခရီးထွက်ဖို့ စိုးရိမ်ကြတဲ့အတွက် ခရီးစဉ်တွေ ပယ်ဖျက်ကြတာ များတယ်။ ဒါကြောင့် ဒီလိုခရီးစဉ် ဖျက်လိုက်တာ ကြောင့် လေကြောင်းလိုင်းတွေကို စရန် ပေးထားပြီးသားဖြစ်တဲ့ ခရီးသွား ကုမ္ပဏီတွေနဲ့ ဒီရက်ပိုင်းအတွင်း ညှိနှိုင်းပေး ဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
သင်္ကြန် အပါအဝင် နွေရာသီ ကျောင်းပိတ်ရက် ကာလဖြစ်သော မတ်နှင့် ဧပြီလသည် ပြည်တွင်း ခရီးသွား အများစုက အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ စသည့် အာရှဒေသများ အပါအဝင် အနောက်နိုင်ငံများသို့ သွားရောက် လည် ပတ်မှု အများဆုံး အချိန်ဖြစ်၍ ယခုကာလအတွင်း ထိုသို့ခရီးစဉ် ပယ်ဖျက်သည့်အတွက် ခရီးသွား လုပ်ငန်းအပေါ် ကြီး မားသော ဆုံးရှုံးမှုတခု ဖြစ်သည်ဟု ဆိုသည်။
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဘန်ကောက် သွားရောက်မည့် အစီအစဉ်အား ပယ်ဖျက်ခဲ့သော မမေအေးသန္တာကြွယ်က “ဒီလထဲမှာပဲ အလုပ်ကိစ္စနဲ့ ဘန်ကောက်ကို သွားဖို့ ရှိတာ။ ရက်ရှည်ခရီးစဉ် ဖြစ်တာရယ်၊ ထိုင်းလေဆိပ်က ဝန်ထမ်း ကိုတောင် ဒီဗိုင်းရပ်စ်ပိုး ကူးခံလိုက်ရတယ် ဆိုတာ သိလိုက်ရတော့ စိုးရိမ်ပြီး ခရီးစဉ်ကို ဖျက်လိုက်တာပါ” ဟု ဧရာ ဝတီကို ပြောပြသည်။
ထိုသို့ ခရီးစဉ်များ ပယ်ဖျက်ခြင်းအတွက် လေကြောင်းလိုင်းများသို့ ကြိုတင် စရန်ပေးထားပြီး ဖြစ်သော ခရီးသွား ကုမ္ပ ဏီများအား ငွေပြန်လည် ထုတ်ပေးရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းက ဦးဆောင်၍ ယခု သီတင်း ပတ်အတွင်း လေကြောင်းလိုင်းများနှင့် ခရီးသွား ကုမ္ပဏီကြား ညှိနှိုင်းပေးရန် အစီအစဉ် ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့ရှိ New Motion ခရီးသွား ကုမ္ပဏီမှ ဘဏ္ဍာရေးဆိုင်ရာ ဒါရိုက်တာ ဦးဇော်ထိုက်က “Impact ကတော့ အကြီးအကျယ် ထိတာပေါ့ဗျာ။ ကျနော်တို့ အနေနဲ့ကလည်း ဒီအခြေအနေမှာ ခရီးစဉ်တွေ ထွက်ဖို့ အဆင်မပြေတော့ ရာနှုန်းပြည့် Cancel လုပ်လိုက်ရတယ်။ အဲဒါကြောင့် လေကြောင်းလိုင်းတွေကို စရန်ပေးထားတဲ့ ပိုက်ဆံတွေတော့ ပြန် လိုချင်တာပေါ့ဗျာ။ ဒါကလည်း လေကြောင်းလိုင်း တခုချင်းစီရဲ့ပေါ်လစီပေါ်မှာ မူတည်တော့ ဘယ်လို လာမလဲတော့ အတိအကျ ပြောဖို့ စောပါသေးတယ်။ ဒါပေမယ့် အဖြေတခု ရအောင်တော့ ကျနော်တို့ ညှိနှိုင်းရမှာပေါ့” ဟု ဧရာဝတီ ကို ပြောသည်။
မြန်မာ အမျိုးသား လေကြောင်းလိုင်းမှ အကြီးတန်း တာဝန်ရှိသူတဦးက “ကျနော်တို့ လေကြောင်းလိုင်းကနေ Group Booking လုပ်ထားဆိုရင်တော့ ပေးထားတဲ့ စရန်ကို အပြည့် ပြန်ပေးပါတယ်။ ခရီးသည် တဦးချင်း ဆိုရင်တော့ Fare Rule (လေယာဉ် လက်မှတ် နောက်ကျောတွင် ယာဉ်စီးခ အတွက် သတ်မှတ်ထားသော စည်းမျဉ်း) အတိုင်း ပြန်ပေး မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်း တခုနဲ့တခုရဲ့ ပြန်အမ်းငွေ သတ်မှတ်ချက် (Refund Policy) ကတော့ တူမှာ မဟုတ်ဘူးပေါ့လေ” ဟု ဧရာဝတီကို ပြောပြသည်။
“ဒီလို အခြေအနေမှာ ခရီးသွား ကဏ္ဍတခုလုံး အရမ်း အထိနာကြတယ်။ ဒါပေမယ့် တကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ် နေတာဆိုတော့ ကျနော်တို့လည်း စောင့်ကြည့်ရုံအပြင် ဘာတတ်နိုင်မှာလဲ” ဟု ၎င်းက ဆက်လက် ပြောသည်။
New Motion ခရီးသွား ကုမ္ပဏီမှ ဘဏ္ဍာရေး ဆိုင်ရာ ဒါရိုက်တာ ဦးဇော်ထိုက်က “ဒီတိုင်း ရေရှည် ဆက်ဖြစ်နေရင် Outbound (မြန်မာနိုင်ငံသားများက ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှု) ခရီးသွား ကျဆင်းမှုနှုန်းက ပိုများလာမယ်။ ဒါကလည်း နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ အနေအထား ဆိုတော့ ခန့်မှန်းရခက်သလို အခြေအနေတွေ တည်ငြိမ်သွား ရင်တောင် ခရီးသွားချင်စိတ် ပြန်ဖြစ်လာအောင် အတော်လုပ်ယူရလိမ့်မယ်” ဟု ဆိုသည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၃၀ ကျော်တွင် ကူးစက်ဖြစ်ပွားလျက် ရှိသလို သေဆုံး သူ ပေါင်း ၅၃၀၀ ကျော်ရှိလာသည့်အတွက် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ကိုရို နာဗိုင်းရပ်စ် ကူးစက် ဖြစ်ပွားမှုအား “ကမ္ဘာကပ်ရောဂါ” အဖြစ် စတင် သတ်မှတ်ခဲ့ပြီးနောက် နိုင်ငံအများစုက ၎င်းတို့ နိုင်ငံအတွင်း ပြည်ပမှ ဝင်ရောက်လာမည့် ခရီးသွားများအား သက်ဆိုင်ရာ နိုင်ငံများအလိုက် ပြည်ဝင်ခွင့် ကန့်သတ် ခြင်း၊ နိုင်ငံအတွင်း ရောက်ရှိသည်နှင့် ၁၄ ရက် ကျန်းမာရေး စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်ခြင်း စသည့် စည်း ကမ်းများ ချမှတ် ဆောင်ရွက်လျက် ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
အိန္ဒိယနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ၁ လပိတ်
မြန်မာသို့ ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု ထက်ဝက်ခန့် ကျဆင်းနိုင် ဟု ခန့်မှန်းထား