ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်သည့်အနေနှင့် မတ်လကုန်တွင် ကျင်းပရန် လျာထားသည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ယာယီ ရွှေ့ဆိုင်းထားကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RC SS) မှ ဒု ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။
၎င်းက “အဲဒါက ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပဲ စောင့်ကြည့်ရတာလေ။ အခြေအနေ ကောင်းရင်တော့ လုပ်ဖြစ်မှာပါ။ လုပ်ဖြစ် မယ်လို့တော့ ရည်ရွယ်ထားတယ်လေ။ ဘယ်နေ့ ဘယ်လလောက် လုပ်မယ် ဆိုတာ အတိအကျ မပြောနိုင်သေးဘူးပေါ့။ ဗိုင်းရပ်စ် အပေါ် မူတည်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်သည် အလေးအနက်ထားရမည့် ကိစ္စ ဖြစ် ကြောင်း ဒု ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ဆက်လက် ပြောဆိုသည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုသည်မှာ အပစ်ရပ် လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် ဒေသခံလူထုကြား တွေ့ဆုံကာ နိုင်ငံရေးဆိုင်ရာ သဘောထားနှင့် အမြင်များ တရားဝင် ဖလှယ်ကြခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုအား ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မကြေညာမီတွင် ရှမ်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို မတ်လကုန်ပိုင်း၌ ရှမ်းပြည်နယ် လင်းခေးမြို့တွင် ကျင်းပရန် RCSS က မျှော်မှန်းထားသည်။
ဗိုင်းရပ်စ် ပြန့်ပွားမှုကို ကူးစက်မြန်ကပ်ရောဂါအဖြစ် WHO က ကြေညာပြီးနောက်တွင် မြန်မာနိုင်ငံ အစိုးရကလည်း လူစု လူ ဝေးပွဲများကို ဧပြီလ ၃၀ ရက်အထိ မလုပ်ရန် မတ်လ ၁၃ ရက် ထုတ်ပြန်ကြေညာထားသည်။
ရှမ်းလူမျိုး အလိုက် အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ယာယီရွှေ့ဆိုင်းထားမှုနှင့် ပတ်သက်၍ ရှမ်းအမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က သင့်လျော်ကြောင်း မှတ်ချက်ပေးသည်။
“ကျနော်တို့နိုင်ငံရဲ့ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ရင် ဘယ်လောက်အထိ အာမခံချက် ရှိသလဲဆိုတာ အားလုံးက သိနေတာပဲလေ။ အခုလိုမျိုး ရွှေ့ဆိုင်းလိုက်တာက အသင့်တော်ဆုံးလို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ခြင်းဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဆိုးကျိုး သက်ရောက် မည် မဟုတ်ကြောင်း ဦးစိုင်းလိတ်က ပြောသည်။
“ရှမ်းအမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲက လုပ်ဖြစ်သည် ဖြစ်စေ၊ မလုပ်ဖြစ်သည် ဖြစ်စေ တနိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)မှာ ဆုံးဖြတ်ထားတဲ့ အတိုင်းဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) က ဆက်သွားမှာပဲလေ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပမှာကို ရှောင်ကွင်းလိုက်ခြင်းကလည်း ကြီးမားတဲ့ ဆိုးကျိုး ဘာမှ မရှိလောက်ဘူး ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးကမူ ရှမ်းလူမျိုးအလိုက် နိုင်ငံရေး ဆွေးနွေးပွဲများသည် ဧပြီလကုန် နောက်ပိုင်းတွင်သာ ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲရော ငြိမ်းချမ်းရေး ညီလာခံရော ရွှေ့သွားမယ် ထင်တာပေါ့။ ယူဆရတာပေါ့။ တဖက်ကလည်း အဲဒါ ပြီးသွားတာနဲ့ ၂၀၂၀ ရွေးကောက်ပွဲက ရှိနေတယ်။ ၂၀၂၀ ရွေးကောက်ပွဲရှိရင် ကျင်းပဖို့ အကန့် အသတ် ဖြစ်သွားလိမ့်မယ် ထင်ပါတယ်။ နောက် ရောက်သွားနိုင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
သို့သော်လည်း လက်ရှိ NLD ပါတီ ဦးဆောင်သည့် အစိုးရ သက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ အထိရှိသည်ဖြစ်ရာ ၂၀၂၀ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ပါက ကျန်ရှိနေသည့် အစိုးရသက်တမ်း လေးလအတွင်း အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်းသည် ဖြစ်နိုင်စရာရှိကြောင်း ဦးမောင်မောင်စိုးက မှတ် ချက်ပေးသည်။
ဆက်စပ်ဖတ်ရှုရန်
တနှစ်ကျော်ဆိုင်းငံ့ထားသည့် JMC အစည်းအဝေးကို မတ်လတွင် ပြန်ကျင်းပမည်
တနိုင်ငံလုံးမှာ လူစုလူဝေးမှုများ ကန့်သတ်ရန် အစိုးရ ပြင်ဆင်
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မတ်လတွင် ကျင်းပရန် ပြင်ဆင်