သတင်း

မန္တလေးတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် လူနာ ၁ ဦး သေဆုံး

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် တက်ရောက်နေသော ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် သံသယ လူနာ အမျိုးသမီး ၁ ဦးမှာ ယနေ့နံနက်ပိုင်းက သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး အဆုတ်ရောင်ရောဂါ စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။

“လူနာဆုံးသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် သူ့ကို ဆေးစစ်ထားတာက အဖြေထွက်မလာသေးတော့ COVID-19 ကြောင့်လား ဘာလားဆိုတာ မှတ်ချက်ပေးဖို့ တော်တော်စောနေပါသေးတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မှတ်ချက် မပေးချင်သေးပါဘူး” ဟု ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ဧရာဝတီကို အတည်ပြုပြောသည်။

အဆိုပါအမျိုးသမီးသည် တံတားဦးမြို့နယ်ကဖြစ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြင့် မန္တလေး ဆေးရုံကြီးသို့ ဆေးကုသရန် ရောက်ရှိခဲ့သည်ဟု လတ်တလောသိရပြီး သေဆုံးသူ၏ အသက်အရွယ်၊ ဆေးရုံသို့ ရောက်ရှိလာသည့် ရက်ကို သိရှိနိုင်ရန် ကန်တော်နဒီဆေးရုံအုပ်ဒေါက်တာခင်ကျော်၏ ဖုန်းနံပါတ်အား ဧရာဝတီသတင်းဌာနက အကြိမ်ကြိမ်
ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိခဲ့ပါ။

“လုပ်ထုံးလုပ်နည်းအရ ဆေးရုံကြီးကို အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (ဥပမာ- ချောင်းဆိုးရင်ကြပ်) ဖြစ်ဖို့ လာပြရင်ကို သူ့ရောဂါသတ်မှတ်နှုန်းထားအရ ဆေးရုံကြီးမှာ မထားတော့ဘဲ ကန်တော်နဒီ ဆေးရုံကိုပဲ တန်းပို့တယ်။ ဒါကြောင့် လူနာရဲ့ဆေးအဖြေ မသိရသေးဘဲ ဒီလူနာက ကိုရိုနာစောင့်ကြည့်လား၊ သံသယလား၊ ကူးစက်ခံရ တာလားဆိုတဲ့ အသုံးအနှုန်းမျိုး မသုံးစေချင်ပါဘူး” ဟု မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာ သန်းသန်းမြင့်က ဧရာဝတီကို ပြောသည်။

ယခုလဆန်းပိုင်းက ကန်တော်နဒီဆေးရုံတွင် တက်ရောက်ခဲ့သော အသက် ၆၀ ကျော်အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၎င်း၏ ဆေးစစ်ချက်ရလဒ်အရ ကိုရိုနာဗိုင်းရပ်စ် ဖြင့် သေဆုံးခြင်း မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်လင့်

မန္တလေး COVID-19 သံသယလူနာ တဦး သေဆုံး

ကျိုက်ထီးရိုး ဘုရားဖူး မပိတ်ခြင်းက ကိုရိုနာဗိုင်းရပ်စ်ကို ဖိတ်ခေါ်နေသလား

ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်း

Loading