ကိုရိုနာဗိုင်းရပ်စ် (COVID – 19) ကြောင့် စီးပွားရေးကဏ္ဍ၌ ကြုံတွေ့နေရသော အခက်အခဲများ သက်သာစေရန် ပို့ကုန် များအပေါ် ကြိုတင်ကောက်ခံနေသော ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ယခု ဘဏ္ဍာနှစ်ကုန်အထိ ကင်းလွတ်ခွင့် ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မတ်လ ၁၆ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID -19 ကြောင့် ဖြစ်ပွားနေသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်းတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “COVID -19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံး ကြုံတွေ့ ရနိုင်သည့် လုပ်ငန်းများ (CMP လို့ အများက သိကြတဲ့ ကုန်ကြမ်းပေး ကုန်ချောယူ လက်ခစားစနစ်၊ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းများ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ) အတွက် အထူး သက်သာသော အတိုး နှုန်းဖြင့် ချေးငွေများနဲ့ အခွန်ကင်းလွတ်ခွင့် ရရှိရေး စီမံပေးသွားပါမယ်” ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ပို့ကုန်လုပ်ငန်းများထံမှ ကောက်ခံနေသော ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့် ကိစ္စနှင့် ပတ်သက်ပြီး လုပ်ဆောင်လျက် ရှိသော်လည်း အသေးစိတ် အချက်အလက်များကို အမိန့်ကြေညာစာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ဧရာဝတီသို့ ပြောသည်။
ဒေါ်ဆွေဆွေခိုင်က “ကျမတို့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ကို ယူပြီးတော့ အမိန့်ကြေညာစာ ထုတ်ပြန်သွား မှာပါ။ ကျမတို့က ဌာနက ထုတ်ပြန်ရမှာ မဟုတ်တော့ ဘယ်အချိန်လောက်မှ ထွက်နိုင်မယ် ဆိုတာကတော့ အတိအကျ ပြောလို့ မရသေးပါဘူး” ဟု ရှင်းပြသည်။
သို့ဖြစ်ရာ အမိန့်ကြေညာစာ ထုတ်ပြန်ချိန်ကို သိရှိရမှသာ ဝင်ငွေခွန်ကင်းလွတ်ခွင့် စတင်မည့် အချိန်ကို သိရမည်ဖြစ်သည်။
မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးအေးထွန်းက “ ဒီလိုမျိုး လုပ်ပေးတာကတော့ ကောင်းပါ တယ်။ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် လုံလောက်မှုတော့ ရှိမယ်လို့ မထင်သေးဘူး။ ကျနော်တို့ အလုပ်ရှင်တွေကို မစိုးရိမ်ပါဘူး ကျနော်တို့ စိုးရိမ်တာက အလုပ်ကိုပဲ စိုးရိမ်တာ အလုပ်မရှိတော့ဘူးဆိုရင် အဲဒီအလုပ်မှာ မှီခိုနေတဲ့ လူတွေ အကုန်လုံးထိခိုက်မှာလေ ” ဟု ပြောသည်။
ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်မှု အများဆုံးဖြစ်ခဲ့သော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း၊ ကုန်သွယ်ရေး နှင့် CMP အထည်ချုပ်လုပ်ငန်းများ၏ ဝင်ငွေစီးဆင်းမှုသည် လုံးဝရပ်ဆိုင်း သွားမည် ဖြစ်ခြင်း ကြောင့် ဘဏ်ချေးငွေများကို ပြန်ဆပ်ရန် အခက်အခဲများ ရှိမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
မြန်မာနိုင်ငံအနေဖြင့် “ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေး လုပ်ငန်း ကော်မတီ”ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး အပါအဝင် စီးပွားရေးနှင့် ချိတ်ဆက်နေသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ထိပ်တန်း အရာရှိများဖြင့် မတ်လ ၁၃ ရက်တွင် စတင် ဖွဲ့စည်းထားပြီး ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန်
ဗဟိုဘဏ် လျှော့တဲ့ အတိုးနှုန်း အရမ်းနည်းဟု ဝေဖန်နေကြ
COVID- 19 ကြောင့် စက်ရုံ ပိတ်သိမ်းမှု ပိုများလာနိုင်ဟု အလုပ်သမားဝန်ကြီးပြော
ဗိုင်းရပ်စ်ရိုက်ခတ်မှု ကြီးလာပါက အခွန်ကင်းလွတ်၊ သက်သာခွင့်၊ အတိုးနည်း ချေးငွေ ပေးရန် စီစဉ်
ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် မြန်မာ့ပို့ကုန် ကဏ္ဍ
“ကဏန်းလုပ်ငန်း ရပ်သွားလို့ လူ ၂ သောင်းလောက် အလုပ်လက်မဲ့ဖြစ်သွားတယ်”