ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ ၎င်းတို့တွင် အပြစ်မရှိကြောင်း တရားစွဲခံရသူ ၃ ဦးက ယနေ့ ရုံးချိန်းတွင် ထွက်ဆိုသွားသည်။
လူသတ်မှု၊ အားပေးကူညီမှုများဖြင့် မူလတရားရုံးက စွဲချက်တင်ထားသည့် သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုး အောင်(ခ) အောင်လေးနှင့် ကျော်ဇောဟန်(ခ)ကျော်ဇောတို့အား ဒီဇင်ဘာ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်မှ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅ အဖြစ် ပြောင်းလဲခဲ့ပြီးနောက် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဆက် လက် စစ်ဆေးနေရာ ထိုကဲ့သို့ ထွက်ဆိုခြင်းလည်း ဖြစ်သည်။
ယနေ့ ရုံးချိန်းတွင် နောက်ဆုံး ကျန်ရှိသည့် တရားစွဲခံရသူတို့၏ သူငယ်ချင်းဖြစ်သော ပြန်ခေါ်သက်သေ ကိုကောင်း မြတ်လင်း(ခ)နွားကြီး(တရားလိုပြ သက်သေ)ကို စစ်ဆေးပြီးနောက် တရားစွဲခံရသူများက စွဲချက်အပေါ် ထုချေချက် (အကျဉ်း)အား နှုတ်ဖြင့် တရားသူကြီးထံ တင်ပြသည်။
ထို့သို့ တင်ပြရာတွင် “သေဆုံးသူ အောင်ရဲထွေးအား လက်သီးဖြင့် မထိုးကြောင်း၊ ခြေဖြင့် မကန်ကြောင်း၊ ပုလင်းဖြင့် မရိုက်ကြောင်း၊ ထို့အတွက် အပြစ်မရှိပါကြောင်း” ဟု သန်းထွဋ်အောင်နှင့် ပြည့်ဖြိုးအောင်တို့က ငြင်းဆိုသကဲ့သို့ ကျော် ဇောဟန်ကလည်း “အခင်းဖြစ် ကိစ္စတွင် ပါဝင်ပတ်သက်ခြင်း၊ အားပေးကူညီခဲ့ခြင်း မရှိကြောင်း” ဟူ၍ ထွက်ဆိုသည်။
တရားသူကြီးက ထိုကဲ့သို့ ထွက်ဆိုမှုကို သက်သေနှင့်တကွ တင်ပြရန် တရားစွဲခံရသူတို့၏ ရှေ့နေများအား ပြောကြား ပြီး လာမည့်၂၀ ရက်၌ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး ရှိကြောင်း၊ ထိုအစည်းအဝေး အပြီး၌ ယခု အမှုနှင့်ပတ်သက်၍ မည်သည့် နေ့ရက်တွင် တရားစွဲခံရသူများနှင့် သက်သေများ စစ်ဆေးမည့် နေ့ရက်၊ အပြီးသတ် လျှောက်လဲချက် ပေးရ မည့်၊ အမိန့်ချမှတ်မည့် ရက်များကို သိရှိရမည် ဖြစ်ကြောင်း တရားခွင်အတွင်း ပြောကြားသည်။
အဆိုပါ အမှုတွင် တရားလိုပြ သက်သေ ၂၂ ယောက် အနက် အယောက်၂၀ ကို စစ်ဆေးခဲ့ပြီး ပြန်ခေါ်သက်သေ ၉ ယောက်ကို ပြန်လည် စစ်မေးခဲ့ခြင်းများ ပြုလုပ်ပြီး ဖြစ်ကြောင်း သိရသည်။
ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်ညက The One Entertainment Park တွင် ပြု လုပ်သည့် နှစ်သစ်ကူးပွဲ၌ လူတစု၏ ဝိုင်းဝန်းထိုးကြိတ်ခံရပြီးနောက် ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး၂၀၁၈ ဇန်န ဝါရီ၂ ရက်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုအား အရှေ့ပိုင်းခရိုင် တရားရုံးက ၆ လခန့် စစ်ဆေးပြီးနောက် ၂၀၁၈ ဇူလိုင် ၂၅ ရက်တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ အမှု ရုပ်သိမ်းကာ လွှတ်ပေးခဲ့သည်။
ထိုသို့ လွှတ်ပေးမှုအပေါ် ပြည်သူများကြား ဝေဖန်မှုများ မြင့်တက်ခဲ့ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က ဝင်ရောက် ကိုင်တွယ်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ဥပဒေအရာရှိ တချို့နှင့် ရဲတပ်ဖွဲ့ဝင် တချို့အဂတိမှုဖြင့် အရေးယူခံခဲ့ရပြီး ယနေ့တိုင် အမှု ရင်ဆိုင်နေရဆဲ ဖြစ်သည်။
အဂတိ တိုက်ဖျက်ရေး ကော်မရှင်က အရေးယူပြီးနောက် ၎င်းတို့ ၃ ဦးအား အောက်တိုဘာ ၉ ရက်မှ စတင်ကာ နောက်တကြိမ် ထပ်မံ စစ်ဆေးခဲ့ပြီး၂၀၁၉ ဇန်နဝါရီလတွင် သန်းထွဋ်အောင်(ခ)သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့အား လူသတ်မှု ပုဒ်မ ၃၀၂(၂) ဖြင့်လည်းကောင်း၊ ကျော်ဇောဟန်(ခ)ကျော်ဇောအား လူသတ်ရန် အားပေးမှု ပုဒ်မ ၃၀၂(၂)/၁၁၄ ဖြင့် လည်းကောင်း စွဲချက်တင်ခဲ့သည်။
အဆိုပါ စွဲချက်တင်မှုကို ကျေနပ်မှု မရှိ၍ တိုင်းတရား လွှတ်တော်သို့ စွဲချက်အား ပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ရာ တိုင်းတရား လွှတ်တော်မှ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅ သို့ ပြောင်းလဲခဲ့ပြီးနောက် ၎င်းတို့ ၃ ဦးသည် ကျပ် သိန်း ၁၀၀ တန် ပိုင်ဆိုင်မှုဖြင့် အာမခံရပြီး အရှေ့ပိုင်းခရိုင်တရားရုံး၌ ဆက်လက်၍ အမှုရင်ဆိုင်နေခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်-
အောင်ရဲထွေး အမှု ဖမ်းထားသူ ၃ ဦးကို အာမခံဖြင့် ပြန်လည်လွှတ်ပေး
အောင်ရဲထွေးအမှု လူသတ်မှုမှ အပြင်းအထန် နာကျင်စေမှုသို့ ပြောင်းလဲ စွဲချက်တင်