မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးမိ၍ တရားစွဲခံရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုကို လာမည့် မတ်လ ၃၀ ရက်နေ့ ရုံးချိန်းတွင် အပြီးသတ် အမိန့်ချတော့မည် ဖြစ်သည်။
ယင်းအမှုအား ကိုင်တွယ် စစ်ဆေးနေသည့် ဒက္ခိဏ ခရိုင်တရားရုံးမှ တရားသူကြီး ဦးတင့်လွင်က “လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ထူးခြားအကြောင်းမရှိရင် အပြီးသတ် အမိန့်ချပါမယ်” ဟု ယနေ့ တရားခွင်တွင် ပြောသည်။
ယနေ့ ရုံးချိန်းသည် ၁၀၉ ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး ပုဒ်မ ၁၄ ခုဖြင့် တရားစွဲဆိုခံ ထားရသည့် ဖြိုးကိုကိုတင့်ဆန်း အပါ အဝင် ၁၁ ဦးကို ဥပဒေအရ ညှိစွန်းခြင်း မရှိသည့် အတွက် တရားသေ လွှတ်ပေးရန် ဖြိုးကိုကိုတင့်ဆန်း၏ တရား လွှတ်တော် ရှေ့နေ ဦးမြင့်အောင်က ယနေ့ရုံးချိန်းတွင် တောင်းဆိုသည်။
ရှေ့နေ ဦးမြင့်အောင်က “ကိုယ့်အမှုသည်အတွက် အတတ်နိုင်ဆုံး၊ စွမ်းဆောင်နိုင်ဆုံး ဥပဒေ အချက်အလက်တွေကို ရှာဖွေပြီးတော့ တရားရုံးကို တင်ပြထားတယ်။ လွှတ်ဖို့ကိုပါ အန်ကယ်တို့ မျှော်လင့်တာပေါ့။ ဥပဒေကြောင်း အရ သူ့ရဲ့ ခန္ဓာကိုယ် လက်ဝယ်က သယ်ယူသွားတဲ့ အချိန်မှာ မိတယ်ဆိုတဲ့ သက်သေ ထွက်ဆိုထားတာ တယောက်မှ မရှိဘူး” ဟုပြောသည်။
ဆက်လက်ပြီး ၎င်းက “ဥပဒေကြောင်းအရ မညှိစွန်းဘူးပေါ့။ တရားစွဲဆိုတဲ့ဘက်က စွဲတယ်။ အန်ကယ်တို့က ခုခံချေပ တယ်။ အဲဒီအပေါ်မှာ တရားသေ လွှတ်ပေးသင့်တယ်ပေါ့။ အဲဒီ အပေါ်မှာ ဒီသဘောနဲ့ တင်တာပါ” ဟု ရှင်းပြသည်။
ဖြိုးကိုကိုတင့်ဆန်း နှင့် အတူ လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် ကိုဇော်ဝင်းထိုက်၏ ဇနီးဖြစ်သူ မနွယ်နီနိုင်ကလည်း လေဆိပ်တွင် တွေ့ရှိရသည့် ဇော်ဝင်းထိုက်၏ အိတ်တွင် မည်သည့်ပစ္စည်းမှ မပါဟုဆိုကာ မိသားစုဝင်များထံ အိတ်များကို ပြန်ပေးခဲ့ကြောင်း ပြောသည်။
ထို့ပြင် ဖမ်းဆီးခံထားရသည့် ကိုရဲမင်းဆွေ၏ ဇနီးဖြစ်သူ မအေးသန္တာကလည်း “သူတို့ကိုလေဆိပ်မှာ ဖမ်းမိတယ်။ သူတို့ရဲ့ အိတ်ထဲမှာ ဘာမှမတွေ့ခဲ့ဘူး။ လေယာဉ်ပေါ်တက်တဲ့ အချိန်မှာလည်း အိတ်ကို လေယာဉ်ပေါ်ကို ယူသွားခဲ့တယ်။ တချို့ သတင်းဌာနမှာ ပါတဲ့ ၎င်းတို့ ၃ ဦးထံမှ ပါတဲ့ ဆိုတာကလည်း မဟုတ်ပါဘူး။ သူတို့အိတ်ထဲမှာ ဘာမှ မပါလို့ CID က ရဲမှူးကိုယ်တိုင်က အမတို့ကို အိတ် တွေ ပြန်ပေးခဲ့တာပါ” ဟု ပြောသည်။
ယင်းအမှုမှာ အချိန်ကာလအားဖြင့် ၂ နှစ်ကျော် ကြာမြင့်သည့် အမှု ဖြစ်ပြီး အမှု ၁၄ မှုအတွက် တရားလိုဘက်မှ တင်သည့် သက်သေ ၂၆၈ ဦးတွင် ၁၉၅ ဦးစစ်ဆေးခဲ့ပြီး၊ တရားခံဘက်မှ တင်သည့် တရားခံများ အပါအဝင် တရားခံပြသက်သေ ၁၈၀ ဦးတွင် ၉၄ ဦးစစ်ဆေးခဲ့ပြီး ဖြစ်ကာ ကျန်သည့်သူများကို ပယ်ခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ် ACE ရုံးနှင့် နေ အိမ်၌ လက်နက်၊ စကားပြော စက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများကို တွေ့ရှိခဲ့ သဖြင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်မှု၊ လက်နက်မှု၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် တုပ သုံးစွဲမှု၊ ပို့ကုန် သွင်း ကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ ၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အစရှိသည့် ပုဒ်မများဖြင့် စွဲဆို ထားခြင်း ဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်း၏ အမှုတွဲများကို တပေါင်းတည်း စစ်ဆေးရန် တရားလွှတ်တော်ချုပ်ရုံးက ဆုံးဖြတ်လိုက်သည့် အတွက် ရန်ကုန် အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူများကို နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ပြီး အမှုတွဲများကို နေပြည်တော်မှ အမှုတွဲ၊ ရန်ကုန်မှ အမှုတွဲ တလှည့်စီ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ ပြန်ခေါ် သက်သေများကို စစ်ဆေးရာတွင် အချိန်ကြန့်ကြာမှုများ ရှိနေသဖြင့် တပတ်လျှင် ပုံမှန် တနင်္လာ တရက် စစ်ဆေးရာမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ လမှ စတင်၍ တပတ်လျှင် ပုံမှန် တနင်္လာနှင့် အင်္ဂါနေ့များအဖြစ် ၂ ရက် တိုး၍ စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်းကို စွဲဆိုထားသည့် အမှု ၁၄ ခုတွင် အမြင့်ဆုံး ပုဒ်မမှာ မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က) ပါရှိပြီး၊ ယင်းပုဒ်မ၏ ပြစ်မှုမှာ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ နှစ် အကန့် အသတ်မရှိ ချမှတ်နိုင်သည်။
ဆက်စပ်လင့်-
ငွေကြေးခဝါချမှု ဆိုင်ရာ ပြစ်မှု ၉၀ ရာခိုင်နှုန်းကျော် မူးယစ်မှုများ ဖြစ်ဟု ဆို
မူးယစ်ဆေးနှင့် လက်နက်မှု ဖြိုးကိုကိုတင့်ဆန်း ငြင်းဟု ဆို
ဖြိုးကိုကိုတင့်ဆန်း အမှု ယခုနှစ်အတွင်း အပြီးသတ်နိုင်ဟု ရှေ့နေပြော