မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် တက်ရောက် ဆေးကုသခံယူရင်း အဆုတ်ရောင်ရောဂါဖြင့် ယနေ့သေဆုံး သွားသော လူနာအမျိုးသမီး၏ ဆေးစစ်ချက်အဖြေမှာ မတ်လ ၁၈ ရက်နေ့ နံနက်အစောပိုင်းတွင် ရရှိမည်ဟု မန္တလေး အထွေထွေရောဂါကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးက ပြောသည်။
“ဆေးစစ်ချက် အဖြေသိရတာနဲ့ အားလုံးကို ပြောမှာပါ။ Negative ဖြစ်ဖြစ်၊ Positive ဖြစ်ဖြစ် ကျမတို့ဘက်က ဘာမှ သတင်းထိန်ချန်စရာ အကြောင်းမရှိပါဘူး။” ဟု ဒေါက်တာစုစုဒွေးက ယနေ့ညနေပိုင်းက မန္တလေးပြည်သူ့ဆေးရုံကြီး တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။
အဆိုပါ သေဆုံးသူ အမျိုးသမီးမှာ အသက် ၂၂ နှစ် အရွယ် ဖြစ်ပြီး အဆုတ်ရောင်ရောဂါဖြင့် သေဆုံးသွားခြင်း ဖြစ် ကြောင်း၊ တံတားဦးမြို့နယ်မှ လာရောက်သူဖြစ်ပြီး ယမန်နေ့က မန္တလေးအထွေထွေရောဂါကုဆေးရုံသို့ အသက်ရှု လမ်းကြောင်း ဆိုင်ရာ ရောဂါဖြင့် ဆေးကုသမှု ခံယူရန် ရောက်ရှိခဲ့ကြောင်း၊ ပြင်းထန်အဆုတ်ရောင် ရောဂါ လက္ခဏာ အချို့နှင့် ကိုက်ညီနေသဖြင့် မန္တလေး ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ လိုအပ်သောဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူသည် ရောဂါဖြစ်သည့် ပတ်ဝန်းကျင်၊ နိုင်ငံများသို့ သွားရောက်ခဲ့သော ခရီးရာဇဝင်မရှိကြောင်း၊ ၎င်းအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းရှိ၊ မရှိ သိရှိရန်အတွက် ဓာတ်ခွဲနမူနာအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ယနေ့နံနက်ပိုင်းက ပို့ဆောင်ခဲ့ပြီး ဓာတ်ခွဲအဖြေ အမြန်ဆုံး ရရှိရန်အတွက် တင်ပြထားပြီးဖြစ်ကြောင်း ဒေါက်တာစုစုဒွေးက ရှင်းပြသည်။
ယခုသေဆုံးသူအမျိုးသမီးသည် ကန်တော်နဒီဆေးရုံ သို့ တက်ရောက်ဆေးကုသခံယူရင်း သေဆုံးခဲ့သော ဒုတိယ မြောက်လူနာလည်း ဖြစ်သည်။
မတ်လ ၄ ရက်နေ့ကလည်း မန္တလေးကန်တော်နဒီဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသော အသက် ၆၈ အရွယ် အမျိုးသမီး ၁ ဦးလည်း သေဆုံးခဲ့ရာ ၎င်း၏ ဆေးစစ်ချက်အဖြေမှာ ရောဂါပိုး မတွေ့ရှိဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“ဒီရောဂါနဲ့ ပတ်သက်တာ မှန်သမျှကို ကျန်းမာရေးဝန်ကြီးဌာနက ညစဉ် သတင်းထုတ်ပြန်ပေးနေပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်တကြီးနဲ့ သတင်းမှားတွေကို မယုံကြည်ဘဲ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့သတင်းတွေကို သာ အမြဲစောင့်ကြည့်ပေးပါလို့ မက်ဆေ့ချ်ပေးချင်ပါတယ်။”ဟု မန္တလေးတိုင်း အဆုတ်ရောင်ရောဂါ စောင့်ကြည့် စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီမှ သတင်းပြန်ကြားရေး တာဝန်ုရှိသူ ဒေါက်တာသန်းသန်းမြင့်က ဧရာဝတီကို ပြောသည်။
ဆက်စပ်လင့်
မန္တလေးတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် လူနာ ၁ ဦး သေဆုံး