သတင်း

COVID-19 ကြောင့် ပြည်ပနိုင်ငံသို့ အလုပ်သမားပို့ဆောင်မှု ယာယီရပ်ဆိုင်း

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ပြည်ပနိုင်ငံသို့ အလုပ်သမားပို့ဆောင်သည့် လုပ်ငန်းစဉ်များကို ယာယီရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်မည့် အလုပ်သမားများကို အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုခြင်းနှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား ထုတ်ယူခြင်းတို့ကို မတ်လ ၁၈ ရက်နေ့မှ စတင် ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များနှင့် အလုပ်သမား သံအရာရှိရုံးများအပြင် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တာဝန်ခံ မြန်မာအလုပ်သမား သံအရာရှိ ဦးရဲရန်အောင်က “COVID ကြောင့်ယာယီ ပိတ်ထားတာပါ။ လောလောဆယ်မှာတော့ ရုံးတွေ အကုန်ပိတ်မှာပါ။ ပြန်ဖွင့်ရင်တော့ ပြန်လုပ်ရမှာပေါ့။ လူစုလူဝေးနဲ့ ပတ်သက်တဲ့ နေရာအားလုံးကို ပိတ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

အလုပ်သမား ပို့ဆောင်မှုတွင် ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှားနှင့် ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးရမှု အများဆုံး ဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်က သိရသည်။

ပြည်ပသွားရောက်လုပ်ကိုင်သူများသည် ထိုင်းနိုင်ငံသို့ တရက်လျှင် အနည်းဆုံး ၇၀၀ နှင့် အများဆုံး ၁၀၀၀ ကျော်တွင် ရှိကာ မလေးရှားနိုင်ငံသို့ တလလျှင် ၅၀၀ မှ ၁၀၀၀ ကြားတွင်ရှိပြီး ဂျပန်နိုင်ငံသို့ တလလျှင် ၁၀၀ ခန့်ရှိကြောင်း သိရသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အချို့တွင် လက်တလော အခြေအနေအရ အလုပ်သမားများ ပို့ဆောင်ရန် ကျန်ရှိနေသေးသည့်အတွက် အေဂျင်စီများ၏ သဘောထားအပြင် အလုပ်သမားများ၏ သဘောထားများကိုပါ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဒေါ်ပေါ်လင်းက ဆိုသည်။

ဒေါ်ပေါ်လင်းက “တချို့အေဂျင်စီတွေကတော့ သူတို့မှာ နစ်နာမှု ရှိတယ်ဆိုပြီး ပြောတယ်။ကျမတို့ကတော့ အဲဒါကို ပြန်ပြီး မေးကြည့်လိုက်ပါဦးမယ်။ အသင်းသားတွေကတော့ ပြောနေတာပေါ့ သူတို့မှာ ရှိသေးတယ် တရက်နှစ်ရက်လောက် အချိန်ပေးရင် ပိုကောင်းတယ်ဆိုပြီးတော့ ပြောတာပေါ့” ဟု ပြောသည်။

၎င်းက ဆက်၍ “ဒါကစိုးရိမ်စရာ ကောင်းတဲ့ ကျန်းမာရေးဆိုတော့လည်း ပြည်သူလူထုကို ကာကွယ်တဲ့ အနေနဲ့ ဌာနက လုပ်တာ။ လုပ်သားတွေကို ကာကွယ်တာပဲလေ သူများနိုင်ငံကို သွားပြီးတော့ ဒုက္ခရောက်မယ့် တူတူ ကိုယ့်နိုင်ငံက မဖြစ်သေးတဲ့ အခြေအနေမှာ ကိုယ့်နိုင်ငံထဲမှာပဲ ရှိတာတော့ ပိုကောင်းတာပေါ့” ဟု ပြောသည်။

မြန်မာလုပ်သား အများစု သွားရောက်လုပ်ကိုင်နေကြသည့် ထိုင်းနိုင်ငံတွင် မတ် ၁၇ ရက်နေ့ ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက် ခံရသူ ၁၄၇ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

ထိုင်းအစိုးရကလည်း ထိုရောဂါနှင့် ပတ်သက်ပြီး ယခုလ ၁ ရက်နေ့မှစ၍ ၂၀၁၅ ခုနှစ် ကူးစက်ရောဂါ အက်ဥပဒေအရ ထိုင်းနိုင်ငံ၏ ၁၄ ခုမြောက် အန္တရာယ်ရှိသော ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ် ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်နိုင်ငံမှ စတင် ဖြစ်ပွားခဲ့သည့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) သည် ယနေ့အထိ ကမ္ဘာ့နိုင်ငံ ၁၅၂ နိုင်ငံ အထိ ပြန့်ပွားလျက် ရှိပြီး သေဆုံးသူ ခုနှစ်ထောင်ကျော် ရှိနေပြီ ဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် မတ်လ ၁၁ ရက်နေ့က သတ်မှတ်လိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 သံသယလူနာ ၂ ဦး နှင့် စောင့်ကြည့်လူနာ ၁၃၁ ဦး ရှိသည့် အနက် ပိုးမတွေ့လူနာ ၁၂၃ ဦး ဓာတ်ခွဲစောင့်ဆိုင်းဆဲ ၁၀ ဦးရှိကြောင်း မတ်လ ၁၆ ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။ မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိသူ မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

တက္ကသိုလ်စာမေးပွဲများ၌ ဖြေသူများကြား ၃ပေ ခြားမည့် ညွှန်ကြားချက် ဝေဖန်ခံနေရ

MNA လေကြောင်း ရန်ကုန်- စင်ကာပူ ညနေပိုင်းခရီးစဉ်များ ရပ်နား

“ကဏန်းလုပ်ငန်း ရပ်သွားလို့ လူ ၂ သောင်းလောက် အလုပ်လက်မဲ့ဖြစ်သွားတယ်”

Did you find apk for android? You can find new Free Android Games and apps.
Loading