ကိုရိုနာဗိုင်းရပ်စ် (COVID-19) နှင့် ပတ်သက်၍ သတင်းအမှားများ ဖြန့်ချိသူအားလုံးကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်သည်။
မတ်လ ၁၆ ရက်ညက ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်၌ အဆိုပါ အချက်များကို ထည့်သွင်းကြေညာ ခဲ့ပြီး တရားဝင်သတင်းဌာန ဖြစ်စေ၊ လူမှုကွန်ရက်မှ ဖြစ်စေ သတင်းထုတ်ပြန်ကြမည်ဆိုလျှင် ထိုကဲ့သို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဒုညွန်မှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
ဒေါက်တာ ခင်ခင်ကြီးက “Facebook ကနေ ဖြန့်ချိတယ်ဆို ကျမတို့က Facebook Team ကို အကြောင်းကြားမယ်။ အဲဒီ အကောင့်ကို ဖြုတ်ချမယ်။ Page တွေက ဖြန့်တယ်ဆို သက်ဆိုင်ရာ ဦးစီးဌာနနဲ့ ကျမတို့ တွေ့ဆုံပြီး ဆောင်ရွက်မယ်။ သတင်းမီဒီယာတွေက ပြောမယ်ဆို ကျမတို့က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားမယ်” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “မနေ့က (မတ် ၁၆) က နိုင်ငံတော် အတိုင်ပင်ခံလည်း ပြောခဲ့တယ်။ ကျမတို့ နိုင်ငံတော်အဆင့် အရေးယူမယ် ဆိုတာ။ အရေးယူတာမှာ ကျမတို့ ကျန်းမာရေး ဝန်ကြီးဌာနတခုတည်း အရေးယူတာ မဟုတ်ဘူး။ သက် ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အရေးယူမှာ။ ဘယ်လိုမျိုးပုံစံနဲ့ အရေးယူမယ် ဆိုတာတော့ ကျမ မသိသေးဘူး” ဟု ပြော ဆိုသည်။
ထိုကဲ့သို့ လူမှုကွန်ရက်ကို အသုံးပြုပြီး သတင်းအမှားများ ဖြန့်ချိမည်ဆိုလျှင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃၊ ၆၆(ဃ) စသည့် ဥပဒေများဖြင့် အရေးယူ၍ ရနိုင်သလို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅(ခ) ဖြင့်လည်း အရေးယူ၍ ရနိုင်ကြောင်း ဥပဒေ အသိုင်းအဝိုင်းကလည်း သတိပေး ပြောဆိုသည်။
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ တွင် လိုင်စင်ရရှိသူတဦးက အခြားတဦးကို အပြန်အလှန် ချိတ်ဆက် အသုံးပြုခွင့်ပေး မည်ဆိုလျှင် ယင်း သဘောတူညီချက်ကို သက်ဆိုင်ရာ ဦးစီးဌာန၏ သဘောတူညီချက်ကို ရယူရမည်ဟု ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်ကျူးလွန်လျှင် လိုင်စင်ကို ရုပ်သိမ်းခွင့် ရှိသည်။
ထို့အတူ ပုဒ်မ ၆၆(ဃ)တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး လူတဦးဦးကို ခြောက်လှန့်ခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်မည်ဆိုလျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။
ထို့ပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅(ခ)အရ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ လူ တဦးက ကျူးလွန်ပြီး လူအများကို ကျူးလွန်ချင်လာခြင်း၊ ကြောက်လန့်စေခြင်း၊ ထိတ်လန့်စေခြင်းကို အကြံဖြင့် ပြုလုပ်မည် ဆိုလျှင် ထိုသူကို ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထား သည်။
တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က “ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ကတော့ အမှုဖွင့်ဖို့ပဲ ရှိတယ်။ အကောင်အထည် ဖော်ရမှာကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပါပဲ။ နောက် အခြားတဖက်မှာ ရဲတပ်ဖွဲ့ရဲ့ မှုခင်းတပ်ဖွဲ့ (CID) ထဲမှာဆို အင်တာနက် ကျွမ်းကျင်သူတွေက ဖော်ထုတ်လည်း ရပါတယ်။ လာတိုင်မှ မဟုတ်ပါဘူး။ သူတို့ကိုက အမှုဖွင့် တရားစွဲလို့ ရတယ်” ဟု ဆိုသည်။
၎င်းက “အဲဒီလိုတွေ တရားစွဲမယ် ဆိုရင်တော့ ဒီလိုဟာတွေ ပပျောက်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး ဝန်ကြီး ဌာနအနေနဲ့ကလည်း ပြည်သူတွေ သို့လောသို့လော မဖြစ်စေဖို့ သတင်းတွေကို မှန်မှန်ကန်ကန်နဲ့ ပြည့်ပြည့်စုံစုံ ဖော်ပြပေးဖို့ လိုပါတယ်။ မဖော်ပြပေးရင် ကြားပေါက်တွေကနေ ကောလဟလတွေက ပျံ့နှံ့သွားနိုင်ပါတယ်။ ဒါပေမယ့် တခါတရံမှာ ကောလဟလတွေကလည်း မှန်ကန်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို မဖြစ်စေဖို့အတွက် တိတိကျကျ သတင်းထုတ်ပြန် ပေးဖို့ လိုတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး အကုန်သိ သတင်းဌာနနှင့် မန္တလေးအခြေစိုက် MANN ရုပ်သံ သတင်းဌာနတို့မှ အတည်မပြုနိုင်သေးသည့် သတင်းနှင့် သတင်းရင်းမြစ်မပါ၊ တိကျမှု မရှိသည့် သတင်းများကို ထုတ်လွှင့်ခဲ့သည့်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက သတိပေး ထုတ်ပြန်ခဲ့သည်။
သတင်းမီဒီယာ ကျင့်ဝတ်များကို ဖောက်ဖျက်မည်ဆိုပါက သတင်းမီဒီယာ ဥပဒေအတိုင်း ခေါ်ယူသတိပေးခြင်းနှင့် အများ ပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ပြင် သတင်းဌာနများတွင် လုပ်ကိုင်နေကြသူများ၏ ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာများတွင်လည်း အများပြည်သူနှင့် သက်ဆိုင်သော သတင်းအမှားများ၊ အနက်အဓိပ္ပာယ် ကောက်ယူလွဲမှားစေသော သတင်းများ မဖြန့်ချိရန် သတင်းဌာနများ ကိုယ်တိုင် ကြပ်မတ်စေဖို့ကို တိုက်တွန်းခဲ့သည်။
ကိုရိုနာ ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ပြီး ကူးစက်ခံရသူ ၈၁ဝ၇၇ ဦး ရှိနေပြီး သေဆုံးသူ ၃၂၁၈ ဦး ရှိပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ပြင်ပ ကမ္ဘာ့နိုင်ငံ ၁၅ဝ အထိ ကူးစက်ပြန့်ပွားနေပြီး ကူးစက်ခံရသူ ၈၆၄၃၄ ဦး ရှိကာ သေဆုံးသူ ၃၃၈၈ ဦး ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က မတ် ၁၆ က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ယနေ့ အချိန်အထိ ကိုရိုနာ ဗိုင်းရပ်စ် COVID-19 တွေ့ရှိမှု မရှိသေးသော်လည်း စောင့်ကြည့်လူနာ ၁၃၁ ဦးနှင့် သံသယလူနာ ၂ ဦးတို့ အနက်မှ ကိုရိုနာဗိုင်းရပ်စ်ပိုးမတွေ့ရှိသူ ၁၂၃ ဦးနှင့် ဓာတ်ခွဲခန်း အဖြေစောင့်နေသူ ၁ဝ ဦး ရှိကြောင်း ယမန်နေ့ညက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ဖြစ်ပွားနိုင်ငံများမှ ပြန်လာသူများကို သတင်းပို့ရန် ပျက်ကွက်ပါက အရေးယူခံရနိုင်