မတ်လ ၁၅ ရက်နှင့် ၁၆ ရက်တွင် မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ် ပလက်ဝ မြို့နယ်ရှိ ကျေးရွာ အနည်းဆုံး ၄ ရွာတွင်းသို့ မြန်မာ့တပ်မတော်မှ တိုက်လေယာဉ်များ ပစ်ခတ်ခဲ့မှုကြောင့် ရွာသူရွာသား ၂၁ ဦးသေဆုံး၍ ၂ ဒါဇင်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ နှင့် ကယ်ဆယ်ရေး အဖွဲ့များ၏ အဆိုအရ သိရသည်။
ထိခိုက်သေဆုံးမှုများမှာ မိတ်စာဝ (၂)၊ မိတ်စာဝ (၃)၊ ဝက်မနှင့် ပြိုင်တိန် ကျေးရွာများမှ ဖြစ်သည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၅ ရက်မှ စတင်၍ ရက္ခိုင် စစ်တပ်(AA) က မီးဝ ကျေးရွာအနီး တောင်ကုန်းတခုပေါ်မှ တပ်မတော် စခန်းတခုကို သိမ်းပိုက်ရန် အပြင်းအထန် ကြိုးစားသည့်အတွက် ပလက်ဝမြို့နယ်၏ တစိတ်တဒေသသည် စစ်မြေပြင် ဆက်ဖြစ်နေရသည်။
သီတင်းပတ်ကုန်ရက်များအတွင်း ဝက်မ၊ ပြိုင်တိန်နှင့် မိတ်စာဝကျေးရွာသားများ ပစ်ခတ်ခံရမှုကြောင့် မတ်လ ၁၆ ရက်နေ့တွင် အထက်ပါ ကျေးရွာ ၄ ခုအပါအဝင် ကျေးရွာ ၁၀ ခုမှ ဒေသခံ ၂၀၀၀ ခန့်က ပလက်ဝ အရှေ့ဘက်ပိုင်းရှိ ဆမီးမြို့သို့ တိမ်းရှောင်ထွက်ပြေးလာခဲ့သည်ဟု သိရပြီး မတ်လ ၁၇ ရက်တွင် ဆမီးမြို့သို့ရောက်ရှိလာသူ ၁၅၀၀ ခန့် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မိတ်စာဝရွာများပါဝင်သည့် ဝက်မ ကျေးရွာအုပ်စုတွင်းရှိ ကျေးရွာပေါင်း ၇ ရွာမှ ရွာသားများသည် မတ်လ ၁၅ ရက်နေ့ တိုက်လေယာဉ်များမှ ပစ်ခတ်ခဲ့သည့် နောက်ပိုင်း ၎င်းတို့ နေအိမ်များမှ ဆမီးမြို့သို့ စွန့်ခွာထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်ဟု မိတ်စာဝ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စံသာက ဧရာဝတီ သတင်းဌာနသို့ မတ်လ ၁၆ ရက်တွင် ပြောဆိုသည်။
ဒဏ်ရာရသူအချို့ ဆမီးတိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ထိုမှတဆင့် မတူပီ၊ မင်းတပ် ဆေးရုံတို့အထိ အဆင့်ဆင့် လွှဲပြောင်းကုသမှုခံယူရသူများလည်း ရှိသည်။
![](https://burma.irrawaddy.com/wp-content/uploads/2020/03/Screen-Shot-2020-03-18-at-1.45.51-PM.png)
“ဆမီးတိုက်နယ်ဆေးရုံမှာ ဆရာဝန်နဲ့ ဆေးပစ္စည်းမလုံလောက်ဘူးလို့ သတင်းရရှိပါတယ်။ ဆမီးမြို့တွက် ဆေးနဲ့ဆေးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်မယ့် အဖွဲ့အစည်းတွေလည်း လိုအပ်နေပါတယ်” ဟု ချင်းပြည်နယ် အစိုးရ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှု ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကလည်း ၎င်း၏ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
ဒေသခံများ၏ ပြောဆိုမှုကို ကိုးကား၍ ၎င်းက မတ်လ ၁၄ ရက်နေ့က မိတ်စာကျေးရွာတွင် ပစ်ခတ်ခံရသည့်အတွက် ရွာသား ၁၂ ဦး သေဆုံးခဲ့ပြီး၊ နောက်တနေ့ ပစ်ခတ်မှုတွင် ဝက်မ ကျေးရွာမှ လူ ၈ ဦး နှင့် ပြိုင်တိန်ကျေးရွာမှ ၁ ဦး သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။
ဒဏ်ရာရသူ အချို့ကို ဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးခဲ့သော မိတ်စာဝ ရွာသားတဦး၏ အဆိုအရ မတ်လ ၁၄ ရက်နေ့တွင် မိတ်ဆာဝ (၂) နှင့် (၃) မှ ရွာသား ၁၀ ဦး မတူပီ ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှု ခံယူနေသည်။ ၎င်းတို့သည် ခြေထောက်၊ ပေါင်နှင့် ကိုယ်ခန္တာအထက်ပိုင်းတွင် ဒဏ်ရာများရရှိခဲ့သူများ ဖြစ်သည်။
ပြင်းထန်စွာ ဒဏ်ရာရရှိသူ ၄ ဦးကို မင်းတပ် ဆေးရုံ သို့ အရေးပေါ်လွှဲပြောင်းပို့ဆောင်ခဲ့ပြီး ထိုအထဲမှ နှစ်ဦးကို မန္တလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေသည်။
မန္တလေးဆေးရုံသို့ ရောက်ရှိခဲ့သည့်ထဲမှ တဦးမှာ သူမ ဘယ်ဘက်မျက်လုံးအထက်ပိုင်း နားထင်နားတွင် သစ်သားချောင်းတခု ဖြတ်ဖောက်ဝင်ကာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သူ ဖြစ်သည်။
ဝက်မကျေးရွာမှ နောက်ထပ် ဒဏ်ရာရရှိသူ ၁၂ ဦးသည်လည်း မတူပီဆေးရုံသို့ မတ်လ ၁၆ ရက်နေ့ ညနေပိုင်း တွင် ရောက်ရှိမည်ဟု ထိုဒေသခံက ဆိုသည်။
မတ်လ ၁၄ ရက်နေ့ အဖြစ်အပျက်နှင့် ပတ်သက်၍ အမည်မဖော်လိုသူ ထိုဒေသခံက “ကျနော်တို့လည်း မထင်ထားဘူး။ တပ်မတော်ရဲ့ တိုက်လေယာဉ်က ရုတ်တရက်ကြီး ရွာခလယ်ကို ပစ်တာ။ ရွာက အိမ်တွေထဲက လူတွေကိုထိတယ်။ ဒဏ်ရာရတဲ့လူရှိတယ်။ သေဆုံးသူရှိတယ်။ … စလာတာကတော့ လေယာဉ်က တစီးပဲ။ တိုက်လေယာဉ်ပေါ့။” ဟု မတ်လ ၁၆ ရက်နေ့တွင် ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။ ထိခိုက်ဒဏ်ရာ ရရှိမှု အများဆုံးက မိတ်စာဝ ကျေးရွာ အမှတ်(၂) နှင့် (၃) တွင် ဖြစ်ပြီး၊ မိတ်စာဝ ကျေးရွာ အမှတ် (၁)၊ (၂) နှင့် (၃) တွင် စုစုပေါင်း အိမ်ထောင်စု ၃၀၀ ခန့် ရှိကြောင်း အဆိုပါ ရွာသား၏ အဆိုအရ သိရသည်။
“မိသားစု တခုဆိုရင် လူ ၇ ယောက် ပွဲချင်းပြီးသေသွားတယ်။ အသက် ၁၃ နှစ်နဲ့ ၁၅ နှစ်စီ ရှိတဲ့ ဆယ်ကျော်သက် ၂ ယောက်ပဲ ကျန်ခဲ့တယ်။ သူတို့ ၂ ယောက်လုံးလဲ ဒဏ်ရာတွေရတယ်။ ကျနော်တို့ ထွက်လာတဲ့ အချိန်မှာ တချို့ အိမ်တွေ က မီးလောင်နေတယ်။ အိမ် ၃ ဆောင်က မီးလောင်နေတယ်။ နောက်တော့ ကျနော်တို့ ရွာက အိမ်တွေ အားလုံး မရှိတော့ ဘူး လို့ကြားရတယ်။ ကျနော့် မိဘတွေတော့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ကျနော်တို့ အိမ်က မီးလောင်သွားပြီ။ ဘာမှမရှိတော့ဘူး။ အခြေအနေက ဝက်မနဲ့ ပြိုင်တိန် ကျေးရွာတွေမှာပိုဆိုးတယ်လို့ ကျနော်တို့ ကြားရပါတယ်။ ဒါပေမယ့် တခြား ကျေးရွာတွေနဲ့ ကျနော်တို့ အခုထိ အဆက်အသွယ်မရသေးဘူး” ဟု ၎င်းက မတ်လ ၁၆ ရက်တွင် ပြောဆိုသည်။
တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ရန်သူကို ပြန်လည်ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်းနှင့် ကျေးရွာသူ/သားများ ထိခိုက်သေဆုံးမှုက မည်သည့် ဘက်ကြောင့်ဟု ပြောရန် ခက်ကြောင်း ပြောသည်။
![](https://burma.irrawaddy.com/wp-content/uploads/2020/03/2.Meiksawa-victims-900x673-1.jpg)
၎င်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်တွင် မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက် ဖြစ်သည့် “ပလက်ဝမြို့နယ်၊ မိတ်စာ(ရှေ့)ကျေးရွာနှင့် မိတ်စာ(နောက်)ကျေးရွာ အနီးရှိ တပ်မတော်စခန်း တစ်ခုအား AA အကြမ်းဖက်သောင်းကျန်းသူများ က အင်အားသုံး ဝိုင်းပတ်ပိတ်ဆို့၍ ပစ်ခတ် တိုက်ခိုက်နေသည့်အတွက် မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ခဲ့ရသည်။ ထိုသို့ အပြန်အလှန်ပစ်ခတ်မှုများကြောင့် ဒေသခံရွာသူ၊ ရွာသားအချို့ သေဆုံး/ ဒဏ်ရာရရှိခဲ့ ကြသည်” ဆိုသည်ကို ကိုးကားဖြေဆိုသည်။
“ဒဏ်ရာရ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦးတို့သည် ချင်းပြည်နယ်၊ မတူပီမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိသည်” ဟု အဆိုပါ ကြေညာချက်က ဆိုသည်။
တပ်မတော်တိုက်လေယာဉ်များက ကျေးရွာများကို ပစ်ခတ်ခဲ့သည်ဟု ပြောဆိုခြင်းများနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့အနေနဲ့ စစ်ဆင်ရေးဆောင်ရွက်နေတဲ့အခါမှာ လေယာဉ် ရဟတ်ယဉ်တွေ သုံးခဲ့တာရှိတယ်။ (ရွာသားတွေ သေဆုံး ဒဏ်ရာရမှုတွေက) လေယာဉ်ကြောင့်ဖြစ်တယ်ဆိုတာ တပ်အပ်စွပ်စွဲဖို့ ခက်ပါတယ်။ ကျနော်တို့ လေယာဉ်သုံးစွဲတယ်ဆိုတာလည်း ပိုပီး ဂရုတစိုက် သုံးစွဲရတယ်။ ရန်သူရှိတဲ့နေရာကိုပဲ ဆောင်ရွက်တာဖြစ်တယ်” ဟု မတ်လ ၁၆ ရက်နေ့တွင် ဧရာဝတီသို့ ပြောကြားခဲ့သည်။
ဧရာဝတီသတင်းဌာနနှင့် စကားပြောဆိုခဲ့သော ရွာသားများက ၎င်းတို့ကျေးရွာများ အနီး တွင်ရှိသည့် မီးဝတောင်ကုန်းနားတွင် AA နှင့် တပ်မတော်မှ တပ်ဖွဲ့များ တိုက်ခိုက်နေခဲ့ကြသည်ဟု ပြောသည်။
လက်နက်ကိုင်တပ်ဖွဲ့များ ပစ်ခတ်နေသည့်မီးဝသည် ဝက်မ နှင့် မိတ်စာကျေးရွာများနှင့် ၇ ကီလိုမီတာ သို့မဟုတ် ၈ ကီလိုမီတာခန့် ဝေးသည်ဟု ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က ဆိုသည်။
မီး၀ အနီးတဝိုက်တွင် AA နှင့် တပ်မတော် တပ်ဖွဲ့များ ထိတွေ့ပစ်ခတ်နေခဲ့သည်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စ၍ ရက်ပေါင်း ၄၀ ကျော်ခဲ့ပြီဟု မတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည့် AA ၏ ကြေညာချက်တခုအရ သိရသည်။
အမည် မဖော်လိုသူ KACC အဖွဲ့ဝင် တဦး၏ အဆိုအရ တပ်မတော်နှင့် AA ကြားမှ တိုက်ပွဲများကြောင့် ခူမီးကျေးရွာ အနည်း ဆုံး ၁၇ ရွာ ထိခိုက်နစ်နာနေရသည်ဟု သိရသည်။
ပုံမှန် အားဖြင့်ဆိုလျှင် ပလက်ဝမြို့နယ်တွင် နေထိုင်သူများသည် ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် အခြေခံ စားသောက်ကုန် ပစ္စည်းများအတွက် ကုလားတန်မြစ်ကြောင်းလမ်းမှတဆင့် နာရီအနည်းငယ်သာ ခရီးကွာဝေးသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နှင့် မြို့တော် စစ်တွေသို့ သွားရောက်ကြသည်။
သို့သော်လည်း တိုက်ပွဲများပြင်းထန်လာခဲ့သည့် ယမန်လမှ စ၍ ပလက်ဝမှ ကျောက်တော်သို့ သွားလာရေး အခက်အခဲရှိလာသည့်အတွက် ဒေသခံများသည် ကျန်းမာရေးစောင့်ရှောက်မှုရရန်နှင့် လုံခြုံရေး အတွက် လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်သည့်တိုင် ချင်းပြည်နယ် အတွင်းပိုင်းလမ်းများကိုသာ အသုံးပြုနေရသည်။
(Nyein Nyein ၏ 21 Killed, Many More Injured as Myanmar Military Jets Strafe Villages in Chin State ကို ဘာသာပြန်ဆိုပြီး အချက်အလက်အချို့ ထပ်မံဖြည့်စွက်ထားသည်။ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော် မှ အချက်အလက်တချို့ ပေးပို့သည်။)
You may also like these stories:
ကျောက်တော် ကုလားတန် မြစ်ကြောင်းအနီး ရွာများ လက်နက်ကြီးကျ၊ ၉ ဦး ထိခိုက်ဒဏ်ရာရ
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၁)
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၂)
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၃)