ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၈ နယ်မြေ၊ စန်းကန်ကုန်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းကို မီးရှို့မှုဖြင့် အသက် ၂၁ နစ်အရွယ် အမျိုးသားကို ရဲတပ်ဖွဲ့က ယမန်နေ့ညကတည်းက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်း ရရှိသည်။
စန်းကန်ကုန်းရပ်ကွက်၊ အောင်မင်္ဂလာ ၄ လမ်းရှိ “သာသနာ့အားမာန် ရှမ်းဘုန်းတော်ကြီးကျောင်း”တွင် မတ်လ ၁၇ ရက်နေ့ ည ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ ကျောင်းကို မီးလောင်မှုဖြစ်အောင် မီးရှို့ခဲ့သူ အသက် ၂၁ နှစ်အရွယ် ကျော်ဝင်း ဗိုလ် (ခ) ဒကာကြီး ဆိုသူကို ရာဇသတ်ကြီးပုဒ်မ ၄၃၆ (မီးရှို့မှု) ဖြင့် အမှုဖွင့်လှစ်ကာ ပုသိမ်မြို့၊ နယ်မြေရဲစခန်းတွင် ဖမ်းဆီး ထားကြောင်း သိရသည်။
“သူဘာကြောင့် ဘုန်းကြီးကျောင်းကို မီးရှို့သလဲ ဆိုတာတော့ ကျနော်တို့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ အမှုနဲ့ပတ်သက်တဲ့ သက်သေတွေကို ဆက်လက်စစ်ဆေးပြီးတော့ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု ဧရာဝတီတိုင်း ဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
သာသနာ့အားမာန် ရှမ်းဘုန်းတော်ကြီးကျောင်းမှာ မတ် ၁၇ ရက်နေ့ ည ၁၀ နာရီ ၅၅ မိနစ်က မီးစတင် လောင်ကျွမ်းခဲ့ပြီး ခရိုင်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် မီးသတ် တပ်ဖွဲ့ဝင် ၄၆ ဦးနှင့် ဒေသခံများ ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
“ဘုန်းကြီးကျောင်း မီးထလောင်တော့ ပြည်သူတွေနဲ့ မီးသတ်တပ်ဖွဲ့ ပူးပေါင်းပြီး ဝိုင်းငြှိမ်းကြတယ်။ ပြီးတော့ မီးလောင် ပြင်မှာပဲ ရှို့တဲ့လူကို ရပ်ကွက်က ဖမ်းမိတဲ့အတွက် ရဲလက်ထဲ အပ်ပေးခဲ့တယ်။ မီးလောင်မှုကြောင့် လူသေကြေ၊ ထိခိုက် ဒဏ်ရာရတာမျိုးတော့ မရှိပါဘူး” ဟု မီးလောင်ပြင်သို့ သွားရောက်ခဲ့သူ ပုသိမ်မြို့ခံ ဦးစန်းမြင့်က ပြောသည်။
ထိုဖြစ်စဉ်ကြောင့် ဘုန်းကြီးကျောင်းဝန်း အတွင်းရှိ ပေ ၂၀ x ၅၀ ဝါးတိုင်၊ ထရံကာ၊ ဓနိမိုး၊ အင်္ဂတေခင်း ဓမ္မာရုံ ၁ ခုလုံး မီးလောင်ကျွမ်းခဲ့ကာ ကာလတန်ဖိုး ၉၉၃၀၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ရာဇသတ်ကြီးပုဒ်မ ၄၃၆ မှာ မည်သူမဆို ကိုးကွယ်ဝတ်ပြုရာနေရာ၊ ပစ္စည်းဂိုထောင်၊ နေအိမ်အဆောက်အဦး စသည်တို့ကို ဖျက်ဆီးရန်ကြံရွယ်၍ မီးဖြင့် သို့မဟုတ် ပေါက်ကွဲစေတတ်သည့်အရာဖြင့် အကျိုးဖျက်ဆီးပါက ထိုသူကို တသက်တကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်အမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထား သည်။
မတ်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းကလည်း ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက် ရွှေပြည်သာဈေးအနီးရှိ မြေနုလမ်းတွင် မီးလောင် မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူနေဆိုင်ခန်း ၆ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
You may also like these stories:
ရန်ကုန် – ပုသိမ်လမ်းခင်းရန် ဗိုလ်မြတ်ထွန်းတံတားကို ရက် ၂၀ ခန့် ပိတ်ထားမည်
ပုသိမ်က အချုပ်သား ၃ ဦးထွက်ပြေးမှု ရဲ ၅ ဦး အချုပ်ထဲရောက်