ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသည့် ဧရာဝတီနှင့် ရိုက်တာ သတင်းဌာနတို့ကို တရားစွဲဆိုမှုမှ ရုပ်သိမ်းပေးလိုက်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“မြန်မာ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး နည်းမှန် လမ်းမှန်နဲ့ ဆောင်ရွက်နိုင်စေဖို့ ဧရာဝတီ သတင်းဌာန အယ်ဒီ တာနဲ့ ရိုက်တာ သတင်းဌာနကို တရားစွဲထားတာကို ရုပ်သိမ်းပေးလိုက်တယ်”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “သတင်းမီဒီယာတွေကို တိုက်တွန်းချင်တာက စတုတ္ထမဏ္ဍိုင် ပီသစွာ ဘက်မလိုက်ဘဲ ရပ်တည်ကြဖို့၊ တပ်မတော်ဟာ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ အဖွဲ့အစည်း ၁ ရပ် ဖြစ်တဲ့အတွက်ကြောင့်မိုလို့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးမယ့်ဟာတွေကို ရှောင်ကြည်နိုင်စေဖို့ အဲဒါလေး တိုက်တွန်းစေလိုပါတယ်” ဟု လည်း ပြောသည်။
ဧရာဝတီ သတင်းဌာနတွင် ၂၀၁၉ ခုနှစ် ဧပြီလက ဖော်ပြရေးသားခဲ့သည့် သတင်းထောက်မိုးမြင့်၏ “သတင်းထောက် တဦး၏ မြောက်ဦးမှတ်တမ်း” ဆိုသည့် သတင်းဆောင်းပါးကို အကြောင်းပြု၍ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ် မှူးကြီး ဇော်မင်းထွန်းက ပုဒ်မ ၆၆(ဃ)ဖြင့် ဧရာဝတီ မြန်မာပိုင်း အကြီးတန်း အယ်ဒီတာ ကိုရဲနည်အား တရားစွဲဆိုခြင်း ဖြစ်သည်။
“ကျနော်နဲ့ ရိုက်တာအမှုတွေကို တပ်မတော်က ရုပ်သိမ်းပေးတယ်လို့ သိရပါတယ်။ အမှုရုပ်သိမ်းပေးလို့ ဝမ်းသာရတဲ့ အပြင် ဒီအကြောင်းပြချက်ကို အလေးအနက် ကြိုဆိုပါတယ်။ ဒီနေ့ကာလ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ကြီးထဲမှာ ကျနော်တို့ သတင်းမီဒီယာတွေ တိုင်းပြည် စီးပွားရေးနဲ့ ပြည်သူ့ကျန်းမာရေးအတွက် လျင်လျင်မြန်မြန် သွက်သွက် လက်လက်နဲ့ ဝိုင်းဝန်း အလုပ်လုပ်ကိုင်ရမယ့် အချိန်မျိုးမှာ တပ်မတော်က ဒီသဘောထားပြတာ သတင်းကောင်းပါပဲ” ဟု အကြီးတန်း အယ်ဒီတာ ကိုရဲနည်က ပြောသည်။
ရိုက်တာ သတင်းဌာနကိုမူ ၂၀၂၀ ခုနှစ်၊ ယခုလဆန်းပိုင်းက မြန်မာ့ တပ်မတော်မှ မွတ်ဆလင်ကျေးရွာ ၁ ခုကို လက် နက်ကြီးဖြင့် ပစ်ခတ်သဖြင့် သေဆုံးကြောင်း သတင်း ဖော်ပြခဲ့မှုနှင့် ယင်းသို့ ပြောဆိုခဲ့သူ ရခိုင်အမျိုးသား ပါတီမှ အ မျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ ဆိုသူတို့ကို ပုဒ်မ ၆၆(ဃ)နှင့် ဘူးသီးတောင်ရှိ ရဲစခန်းတခုတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။
သတင်းဌာန ၂ ခုကို အမှုရုပ်သိမ်းပေးခဲ့သော်လည်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကိုမူ အမှု ရုပ်သိမ်းပေးခြင်း မရှိကြောင်း တပ်မတော်ထံမှ သိရသည်။
တပ်မတော်၏ အမှုရုပ်သိမ်းပေးမှုမှာ မှန်ကန်ကြောင်း၊ သတင်းမီဒီယာ ကောင်စီသို့ ယနေ့ တရားဝင် အကြောင်းကြား လာကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။
တပ်မတော်၏ သတင်းမီဒီယာကောင်စီသို့ အကြောင်းကြားစာတွင် တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့အတွက် အသက်သွေး၊ ချွေးများစွာဖြင့် တာဝန်ထမ်းဆောင်လျက် ရှိရာ တချို့သော သတင်းမီဒီယာသမားများ၏ လွဲမှားသော အမြင်ဖြင့် သတင်းဖော်ပြမှုများသည် တပ်မတော်၏ ပုံရိပ်၊ ဂုဏ် သိက္ခာနှင့် လုပ်ဆောင်ချက်များကို ထိခိုက်စေသောကြောင့် တပ်မတော် အနေဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့် အညီ အရေးယူဆောင်ရွက်မှုများ လုပ်ခဲ့ရသည်ဟု ဖော်ပြထားသည်။
ရန်ကုန်မြို့ မှ သတင်းစာဆရာ ဦးမြင့်ကျော်ကမူ“ဒီလို ရုပ်သိမ်းတာက ကောင်းတဲ့ ကိစ္စဖြစ်လို့ ကြိုဆိုပါတယ်။ တပ် မတော်ကနေ တိုက်ရိုက် တရားစွဲတာမျိုးတွေကို ထပ်ပြီးတော့ မဖြစ်စေချင်တော့ဘူး”ဟု ပြောသည်။
တပ်မတော်အနေဖြင့် သတင်းမီဒီယာများနှင့် ပဋိပက္ခ ရှိသည့်အခါ တရားစွဲဆိုသည့် နည်းလမ်းမျိုးကို ချက်ချင်း မဆောင်ရွက်သင့်ဘဲ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ဦးစွာ တိုင်ကြားသင့်ကြောင်း၊ ကောင်စီက ယခုလို အမှုများစွာကို ဖြေရှင်း ဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောသည်။
ဧရာဝတီ သတင်းဌာနကို တပ်မတော်၏ တရားစွဲဆိုထားမှုမှာ တနှစ်နီးပါးကြာပြီးနောက်ပိုင်း မတ်လ ၁၆ ရက်နေ့ တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ အမှုတင်သွင်းခဲ့ပြီး ယခု အမှုတွင် တာဝန်ခံရသူ ဧရာဝတီ မြန်မာပိုင်း အကြီးတန်း အယ်ဒီတာ ဖြစ်သူ ဦးရဲနည်ကို ငွေကျပ်သိန်း ၁၀၀ ဖြင့် တရားရုံးက အာမခံပေးခဲ့သည်။
သတင်းဌာနတခု အနေဖြင့် ပဋိပက္ခထဲတွင် ဒုက္ခရောက်နေသည့် ပြည်သူများ၏ အရေး ကိစ္စများကို ယခု ပဋိပက္ခကို ကိုင်တွယ် ဖြေရှင်းနေရသည့် မူဝါဒ ဦးဆောင်နေသူများ၊ State Holder များ အပါအဝင် ကျန်သည့် သတင်းဖတ်သူများ သိရှိ နားလည်စေရန် ဖော်ထုတ်ရေးသားခြင်းသာ ဖြစ်ကြောင်း အဆိုပါ ရုံးချိန်းရက်က ဦးရဲနည်က တရားရုံးတွင် မီဒီယာများကို ရှင်းပြခဲ့သည်။
တပ်မတော်သည် ယခုလို အဖွဲ့ အစည်းများကိုသာမက လူပုဂ္ဂိုလ်များ၊ လူရွှင်တော်များကိုလည်း တရားစွဲဆိုမှုများ ပြု လုပ်ခဲ့ဖူးပြီး လူပုဂ္ဂိုလ်များ ဖြစ်သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာ စောဝေတို့ကိုလည်း အမှုဖွင့် အရေးယူမှုများ ပြုလုပ် ထားသည်။
တပ်မတော်က ပုဒ်မ ၆၆ (ဃ) ကို အသုံးပြု၍ အမှုဖွင့်ထားမှု ယခင် အစိုးရလက်ထက်တွင် ၄ မှု၊ ယခု အစိုးရသစ် လက်ထက်တွင် ၁၄ မှု ရှိကြောင်း အသံအဖွဲ့ မှ ဒါရိုက်တာ ၁ ဦးဖြစ်သူ မောင်ဆောင်းခက ပြောသည်။
You may also like these stories:
အမှန်တရား ဖော်ထုတ်သူ ဦးမိုးရန်နိုင် နှစ်ဆန်းမှာ လွတ်မလား
အင်းဒင်ရွာ ဖြစ်စဉ်ကြောင့် လုံခြုံရေးအရာရှိတချို့ကို အချုပ်ချထားကြောင်း သမ္မတရုံးပြော