ကိုရိုနာဗိုင်းရပ်စ် ကို ကြိုတင်ကာကွယ်ရန် ရုပ်ရှင်ရုံ၊ နိုက်ကလပ်များ နှင့် အခြား လုပ်ငန်းတွေတချို့ကို ဧပြီလ ကုန်ပိုင်းအထိ ပိတ်သိမ်းရန် အစိုးရညွှန်ကြားထားသော်လည်း ဈေးဝယ်စင်တာများ မပါသေးကြောင်း သိရ သည်။
လူမှုကွန်ရက်တွင် ဈေးဝယ်စင်တာများ ပိတ်သိမ်းမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ ဧရာဝတီက City Mart၊ မြန်မာပလာဇာ နှင့် Junction City စသည့် ဈေးဝယ်စင်တာများမှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ လတ်တလော တွင် အစိုးရ အနေဖြင့် ဈေးဝယ်စင်တာများကို ပိတ်သိမ်းရန် တစုံတရာ ညွှန်ကြားထားခြင်း မရှိသေးကြောင်း အတည်ပြုပြောသည်။
“ကျနော်တို့ဆီက အစိုးရက တရားဝင်ညွှန်ကြားတာမျိုး မရှိသေးသလို ကျနော်တို့ သဘောနဲ့ ကျနော် ပိတ်သွား ဖို့ လည်း အစီအစဉ်မရှိပါဘူး။ ဈေးဝယ်သူတွေ ပုံမှန်အတိုင်း ဈေးဝယ်လို့ ရအောင်နဲ့ ကုန်ပစ္စည်း (Stock) တွေ အကုန်ဖြည့်ထားပါတယ်” ဟု City Mart Holdings ၏ ပြန်ကြားရေးတာဝန်ခံ ဦးမျိုးမြင့်သူက ပြောသည်။
ထို့ကြောင့် City Mart Holdings ကုမ္ပဏီ လက်အောက်ရှိ City Mart၊ Ocean၊ Marketplace အစ ရှိသည့် ဈေးဝယ်စင်တာများကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာပလာဇာ၏ ပြန်ကြားရေးတာဝန်ရှိသူ ဒေါ်ဇင်မာသက်မွန် က “ လောလောဆယ်မှာ ဘာအကြောင်းကြား စာမှ မရောက်သေးဘူး။ မြန်မာပလာဇာမှာ ရှိတဲ့ မူကြိုကလေးကျောင်းတွေကိုပဲ ပိတ်ဖို့ အစိုးရက စာပို့ထား တာတွေတော့ရှိတယ်။ အဲ့ဒါမျိုးကလွဲရင် တခြားဘာမှ မရှိသေးပါဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
အထက်ပါ ဈေးဝယ်စင်တာများ အပြင် ရန်ကုန်မြို့ရှိ အထင်ကရ ဈေးဝယ်စင်တာတခုဖြစ်သည့် Junction City ဈေးဝယ်စင်တာသည်လည်း လတ်တလောတွင် ပိတ်သိမ်းသွားရန် မရှိသေးကြောင်း ယင်းဈေးဝယ်စင်တာ ၏ ပြန်ကြားရေးတာဝန်ခံ ဒေါ်အေးမွန်သူက ဧရာဝတီသို့ပြောသည်။
၎င်းက ဆက်လက်၍ “ ကျမတို့ ညွှန်ကြားချက်ရှိလာတာရင် လုပ်တာတွေ ရှိပါတယ်။ အခုက ရုပ်ရှင်ရုံတွေ ပိတ်ထားတာတွေ မျိုးပေါ့။ ကျမတို့ အစိုးရက ပိတ်ဖို့ ညွှန်ကြားလာမယ်ဆိုရင်လည်း တရားဝင် ကြေညာ သွားမှာပါ ” ဟု ဆိုသည်။
လက်ရှိအချိန်တွင် အစိုးရက တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံများ နှင့် ရန်ကုန်မြို့ရှိ နိုက်ကလပ်၊ ကာရာအိုကေ(KTV) နှင့် အနှိပ်ခန်းများကို မတ်လ ၁၇ ရက်နေ့မှ စတင်ကာ ဧပြီလ ၃၀ ရက်အထိ ပိတ်ထားရန်သာ တရားဝင်ညွှန်ကြား ထားသည်။
You may also like these stories:
အစိုးရတွေက COVID-19 ဒဏ်ချက်ကို ဘယ်လို အကူအညီတွေနဲ့ တုံ့ပြန်နေသလဲ
ကျိုက်ထီးရိုးသို့ ဘုရားဖူးဧည့်သည် လာရောက်မှု ပိတ်ရန် ပြည်နယ်အစိုးရ စီစဉ်နေ
နိုင်ငံတော် အတိုင်ပင်ခံ၏ COVID-19 မိန့်ခွန်း အပေါ် အမြင်များ