သတင်း

ထိုင်း - ကယား နယ်စပ်ဂိတ်များ သွားလာခွင့်ပိတ်

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19) ကာကွယ်သည့်အနေဖြင့် ထိုင်းနှင့် ကယားပြည်နယ် ဆက်စပ်နေသည့် နယ်စပ် ဂိတ်များကို စောင့်ကြည့်ကာလအဖြစ် ယနေ့မှ ဧပြီလကုန်အထိ ပိတ်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ကယား(ကရင်နီ) ပြည်နယ် မယ်စဲ့မြို့နယ်ရှိ BP-13၊ BP-14 ဂိတ်၊ ရှားတောမြို့နယ်ရှိ BP-9 နှင့် ရွာသစ်မြို့နယ်ရှိ ဟွေ့ပုံလောင်း ဂိတ်တို့ကို ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွား တာဝန်ခံ ဦးလင်းဇော်ထွဋ်က“မယ်စဲ့ဂိတ်က ဒါဖြစ်တော့ တရားဝင် သွားလာခွင့် မပြုတော့ဘူး။ အကုန်လုံး ပိတ်ထားတာ။ အကန့်အသတ် မရှိတော့ မဟုတ်ဘူး။ နိုင်ငံတော် သမ္မတရုံးက ညွန်ကြားတဲ့ အတိုင်း ဧပြီ ၃၀ ရက်နေ့ အထိပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) က ၎င်းတို့ ဆက်ဆံရေးရုံး အနီးရှိ BP-9 နှင့် ဒုက္ခသည်များ ထွက် ပေါက် နေရာကို နယ်စပ်သွားလာခွင့် ပိတ်လိုက်ကြောင်း မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုဂိတ်များသည် တရားဝင်ဂိတ်ပေါက်များ မဟုတ်သော်လည်း ထိုင်းနှင့် မြန်မာ ၂ နိုင်ငံ နားလည်မှုဖြင့် ဝင်ထွက် သွားလာနေသည့် ဂိတ်ပေါက်များ ဖြစ်ကြောင်း သိရသည်။

KNPP အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က“ကျနော်တို့ ဆက်ဆံရေး ရုံးကနေ သွားရင်အဓိက နယ်စပ် ဂိတ် ပေါက်တွေ ရှိတယ်။ စခန်းတွေက ထိုင်းနဲ့နီးတော့ ထိုင်းနယ်စပ်မှာ တောင်ယာသွားလုပ်ကြတဲ့သူတွေ ရှိတယ်။ သူတို့တွေအတွက် စိုးရိမ်ရလို့ အခုလို မလိုအပ်ဘဲ သွားလာတာကို ပိတ်လိုက်တာပါ”ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ဒုက္ခသည်စခန်း ၉ ခုရှိပြီး ထိုဒုက္ခစခန်း ၉ ခုထဲတွင် ကယားပြည် နယ်နှင့် ထိစပ် လျက်ရှိသော ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်း ၂ ခု ပါဝင်ကြောင်း သိရသည်။

ဒုက္ခသည်စခန်း ၉ ခုမှာ ထမ့်ဟင်၊ ဘန့်ဒုံယမ်း၊ နို့ဖိုး၊ အုန်းဖြန်၊ မယ်လ၊ မယ်လမို၊ မယ်လာအူးနှင့် ကရင်နီဒုက္ခသည် စခန်း အမှတ် ၁၊ အမှတ် ၂ တို့ ဖြစ်သည်။

ထိုင်းနယ်စပ်ရှိ ကရင်နီ ဒုက္ခသည်စခန်း ၂ ခုတွင် ဒုက္ခသည်ပေါင်း ၁၃၀၀၀ ခန့် ရှိကြောင်း၊ နိုင်ငံတကာ အလှူငွေဖြင့် ထောက်ပံ့ ပေးထားသော်လည်း မလုံလောက်သဖြင့် ဒုက္ခသည် စခန်း အပြင်ဘက် အလုပ် ထွက်လုပ်ကြသူများလည်း ရှိကြောင်း သိရသည်။

ကရင်နီ အမျိုးသမီး အစည်းအရုံး (KNOW) ဥက္ကဋ္ဌ ဒေါ်မီးမီးကလည်း“ရောဂါပိုး ကူးစက်မှု ပျံ့နှံ့နေတယ်ဆိုတော့ တတ်နိုင်သမျှ အဲ့ဒီလို ပိတ်လိုက်တယ်ဆိုရင် စခန်းထဲမှာရှိတဲ့ သူတွေအတွက် ပိုပြီးတော့ လုံခြုံမှုရှိမယ်လို့ ထင်တယ်။ ဘာလို့ဆို ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ရှိနေတော့လေ။ အပြင်ထွက် အလုပ်လုပ်တဲ့သူတွေရှိတော့ ရောဂါပိုးက ပါလာနိုင် တယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ်ကျေးရွာတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူရှိပါက ဆက်သွယ်ကြရန် ဆော်အော်ခြင်း ပြုလုပ်သကဲ့သို့ ဗိုင်းရပ်စ် ကာကွယ်ရေး ပညာပေးလုပ်ငန်းများလည်း လုပ်ဆောင်ပေးနေသည်ဟု သိရသည်။

အကယ်၍ ခရီးသွားများအနေဖြင့် လိုအပ်ချက်အရ နယ်စပ်ဂိတ်ကို ဖြတ်ကျော်သွားလာမည်ဆိုပါက ကရင်နီ ကျန်းမာရေး အဖွဲ့က ထိုင်း နယ်စပ်ဂိတ်များနှင့် ပူးပေါင်းကာ ကျန်းမာရေး စစ်ဆေးခြင်းများ လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ဆိုသည်။

ဒုက္ခသည်များအတွက် ရိက္ခာပြတ်လပ်မှု မရှိစေရန် နိုင်ငံတကာ အလှူရှင်များ၏ ထောက်ပံ့ထားသည့် အစီအစဉ်များ ရှိသလို အရေးပေါ်ကာလအတွက်လည်း စီစဉ်ဆောင်ရွက်ထားခြင်းများ ရှိသည်ဟု ဦးရွှေမျိုးသန့်က ပြောသည်။

KNPP ၏ ထုတ်ပြန်ချက်တွင် အမိန့်စာထုတ်ပြန်သည့်နေ့မှ စတင်ပြီး သေရေးရှင်ရေးကိစ္စနှင့် လုပ်ငန်းတာဝန်ဖြင့် ခရီးသွားရန် လိုအပ်သူများမှ လွဲ၍ နယ်စပ်ဒေသ ဝင်ပေါက်များမှ ခရီးသွားလာခြင်းကို ကန့်သတ်လိုက်သည်။

ပြည်တွင်းနှင့် အခြားဒေသများသို့ ရောက်ရှိနေသည့် ကရင်နီဒုက္ခသည်စခန်းနှင့် ထိုင်း-ကရင်နီ နယ်စပ်များတွင် နေထိုင်သူများ အနေဖြင့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လာရန်၊ နယ်စပ်ဒေသများမှ ကရင်နီပြည်နယ် အတွင်းသို့ ပြေးဆွဲနေသည့် လိုင်းကားများအနေဖြင့် ဧပြီလ ၁ ရက်မှ ၃၀ ရက်နေ့ထိ ရပ်ဆိုင်းရန် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

KNOW ဥက္ကဋ္ဌ ဒေါ်မီးမီးက“ဒီလိုပိတ်လိုက်လို့ တစုံတရာနစ်နာမှု ရှိကောင်းရှိလိမ့်မယ်။ လိုင်းကားတွေ မပြေးရတဲ့ အတွက် သူတို့ အတွက် ထိခိုက်ကောင်း၊ ထိခိုက်လိမ့်မယ်။ ဒါပေမယ့် အားလုံးရဲ့ကျန်းမာရေး ကပ်ရောဂါ ပျံ့တာထက် စာရင် ဒါလေးတော့ သည်းခံပြီး နေပေးဖို့လိုတယ်။ ဘာလို့ဆို မြန်မာနိုင်ငံမှာက ဒီရောဂါပိုး ပျံ့မယ်၊ မပျံ့ဘူး ဆိုတာကို စောင့်ကြည့်ရမှာပဲလေ။ အဲဒါကြောင့် ဧပြီလကို စောင့်ကြည့်ကာလအဖြစ် ထားတာပါ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 သံသယလူနာ ၂ ဦး နှင့် စောင့်ကြည့်လူနာ ၁၃၁ ဦး ရှိသည့်အနက် ပိုးမတွေ့လူနာ ၁၂၃ ဦး၊ ဓာတ်ခွဲစောင့်ဆိုင်းဆဲ ၁၀ ဦးရှိကြောင်း မတ်လ ၁၆ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။

တရုတ်နိုင်ငံမှ စတင် ဖြစ်ပွားခဲ့သည့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) သည် ယနေ့အထိ ကမ္ဘာ့နိုင်ငံ ၁၅၉ နိုင်ငံအထိ ပြန့်ပွားလျက်ရှိရာ ကူးစက်ခံရသူ ၁ သိန်း ၈ သောင်းကျော်ရှိပြီး သေဆုံး သူ ၇၅၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

ကိုရိုနာ ဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)က ကူးစက် ကပ်ရောဂါ (Pandemic) အဖြစ် မတ်လ ၁၁ ရက်နေ့ က သတ်မှတ်လိုက်သည်။

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် မန္တလေးရှိ ကျောက်စိမ်းအချောထည်ကုမ္ပဏီ ပိတ်သိမ်း

COVID- 19 ကြောင့် စက်ရုံ ပိတ်သိမ်းမှု ပိုများလာနိုင်ဟု အလုပ်သမားဝန်ကြီးပြော

Did you find apk for android? You can find new Free Android Games and apps.
Loading