ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့၏ ထိန်းချုပ်နယ်မြေတွင် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကာကွယ်ရေး အတွက် ဆောင်ရန်၊ ရှောင်ရန်များကိုသာ သတိပေးကြေညာထားပြီး ကာကွယ်ရေးနှင့် ကုသရေး မဆောင်ရွက်နိုင်သေးကြောင်း သိရသည်။
RCSS အဖွဲ့မှ ဗိုလ်မှူး စိုင်းခမ်းစံက“ကာကွယ်တာတို့၊ ကုသ တာတို့ လက်လှမ်းမမီနိုင်သေးဘူးဗျ။ ကျနော်တို့ နှိုးဆော်တာပဲ လုပ်နိုင်တယ်။ ကျနော်တို့ကလည်း တော်လှန်ရေး အဖွဲ့အစည်းဆိုတော့ ဆေးရုံ၊ ဆေးခန်းက အရမ်း မလုံလောက်ဘူး လေ”ဟု ပြောဆိုသည်။
RCSS အဖွဲ့သည် တာချီလိတ်မှ ကယားပြည်နယ် နယ်စပ်အထိ အပါအဝင် ရှမ်းပြည်နယ်၏ နယ်မြေ ၄၀ ရာခိုင်နှုန်းခန့် ကို ထိန်းချုပ်ထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ ရှမ်းလူထုသာမက ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး သတိ ဝီရိယဖြင့် နေထိုင်ကြရန် RCSS အဖွဲ့က မတ်လ ၁၅ ရက်တွင် ကြေညာချက်ထုတ်ကာ သတိပေးလှုံ့ဆော်ထားကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ဧရာဝတီသို့ ပြောကြားသည်။
RCSS ၏ ကြေညာချက်တွင် လက်ကို အရက်ပျံ ၇၀ ရာခိုင်နှုန်းပါဝင်သည့် လက်ဆေးရည်ဖြင့် မကြာခဏ လက်ဆေး ရန် အပါအဝင် အချင်းချင်းနှုတ်ဆက်ပါကလည်း လက်ဆွဲမနှုတ်ဆက်ဘဲ လက်အုပ်ချီကာ မိုင်ဆွန်ခ ဟု နှုတ်ဆက်ရန် တိုက်တွန်း ထားသည်။
လူထူထပ်သည့် နေရာများသို့ မဖြစ်မနေသွားရပါကလည်း Mask တပ်ပြီးမှသွားရန်နှင့် ပွဲလမ်းသဘင်များ၊ ရိုးရာ ယဉ်ကျေးမှု ပွဲတော်များနှင့် လူစုလူဝေးများသည့် အစည်းအဝေးများ မပြုလုပ်ကြရန်လည်း RCSS ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။
RCSS ၏ ထိန်းချုပ်နယ်မြေတွင် နယ်စပ်မှ ဝင်လာသူများကို သီးသန့် စောင့်ကြည့်ခြင်း၊ အပူချိန်တိုင်းခြင်း၊ လက်ဆေး ရည် နှင့် Mask များ အခမဲ့ဝေပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းများကို မလုပ်နိုင်သေးကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ပြော သည်။
မည်သည့် အကြောင်းအရင်းကြောင့် ထိုသို့ ရောဂါကာကွယ်ရေး အစီအမံများ မလုပ်နိုင်ရသည် ဆိုသည့်အချက်ကိုမူ ၎င်းက ပြောကြားခြင်း မရှိပေ။
“အဓိက ကတော့ ဌာနချုပ် အဝင်အထွက် နေရာတွေကိုတော့ ဂိတ်ချထားပြီး လက်ဆေးရည်တွေ၊ ပိုးသတ်ဆေးတွေ ချပေး ထားတယ်ဗျ။ စက်နဲ့ အပူချိန်တိုင်းတာတွေတော့ ရှိပါတယ်”ဟု ဗိုလ်မှူး စိုင်းခမ်းစံက ပြောဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်ထားမှု မရှိသေးကြောင်းလည်း သိရသည်။
တပ်မတော်နှင့်မူ RCSS ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် မတ်လ ၁၅ ရက်က နေပြည်တော်တိုင်း စစ်ဌာနချုပ် ပေါင်းလောင်း ရိပ်သာ၌ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ဆွေးနွေးပြောဆိုမှုများ ရှိကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။
တွေ့ဆုံပွဲတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ လူထုအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်ဟု သိရပြီး အသေးစိတ်ကို ၎င်းအနေနှင့် မသိသေးကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ပြောပြသည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မြန်မာ-တရုတ် နယ်စပ်တွင် ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အစိုးရက တတ်နိုင်သမျှ ကူညီမည်ဟု မတ်လ ၁၃ ရက် သမ္မတရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်ကမူ ဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ပတ်သက်ပါက မြန်မာတပြည်လုံးတွင် နေရာဒေသခွဲခြားမှုမရှိဘဲ တပြေးညီ ဆောင်ရွက်ပေးသင့်ကြောင်း ပြောဆို သည်။
“ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကူးစက်တာက ဘယ်သူမှ ခန့်မှန်းလို့မရဘူးလေ။ အဲဒီတော့ ဘယ်နေရာမှ ထူးပြီးတော့မှ စိုးရိမ်ရတယ်၊ ဒီနေရာက မစိုးရိမ်ရဘူး ဆိုတာကတော့ မရှိလောက်ဘူးဗျ။ အစိုးရအနေနဲ့ လုပ်ပေးနိုင်တဲ့ အတိုင်းအတာ ရှိရင်တော့ အားလုံးကို တပြေးညီလုပ်ပေးသင့်တယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
RCSS အဖွဲ့က ဗိုင်းရပ်စ် ကာကွယ်ရေး မလုပ်ဆောင်နိုင်သေးသော်လည်း တရုတ် – မြန်မာ နယ်စပ်တွင် တည်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ‘ဝ’ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလား (NDAA) အဖွဲ့တို့ကမူ ဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများကို ဇန်နဝါရီ လကုန်ပိုင်းကတည်းက ဆောင်ရွက်နေကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ် နိုင်ငံရေး လေ့လာသူလည်းဖြစ်သည့် ဦးရဲထွန်းကမူ ဝ အဖွဲ့ နှင့် RCSS အဖွဲ့၏ နယ်မြေထိန်းချုပ် စိုးမိုးပုံခြင်း ကွာခြားသည့် အတွက် RCSS သည် UWSA ကဲ့သို့ ဗိုင်းရပ်စ်ကာကွယ်ရေး မဆောင်ရွက်နိုင်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“သူတို့တွေကတော့ ပြောရရင် ပြောက်ကျားဒေသလို ဖြစ်နေတာကိုး။ နယ်မြေကလည်း ‘ဝ’ လောက်သိပ်မကျယ်ဘူး။ ပြောမယ်ဆိုရင် ဒီလောက်လုပ်ထားရင်တောင် မဆိုးပါဘူး။ ‘ဝ’ နဲ့ ကျတော့ မတူဘူး။ ‘ဝ’ က လွတ်မြောက်တဲ့ ဒေသ ဆိုပြီး အခြေခံဒေသကြီးက ခိုင်ခိုင်မာမာရှိတယ်။ အစိုးရကလည်း အဲဒီဒေသကို မသွားနိုင်ဘူး။ ပြည်သူလူထုကလည်း သူတို့ရဲ့ အုပ်ချုပ်မှုအာဏာ သက်ရောက်တယ်”ဟု ၎င်းက ဆိုသည်။
သို့သော် အစိုးရအနေနှင့်မူ တတ်နိုင်ပါက ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နှာခေါင်းစည်းများ၊ လက်ဆေးရည်များ ပံ့ပိုးခြင်း ဆောင်ရွက်သင့်ကြောင်းလည်း ဦးရဲထွန်းက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် မတ်လ ၁၈ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁၅၅ ဦးရှိပြီး သံသယလူနာ ၂ ဦးရှိကာ ဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကြေညာချက်များအရ သိရသည်။
ဆက်စပ်လင့်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ – အိန္ဒိယ နယ်စပ်ဂိတ်များ ရက်အကန့်အသတ်မရှိ ပိတ်
ပြည်တွင်း၌ စက်ရုံများ ပိတ်၍ အလုပ်သမား ၁ သောင်းဝန်းကျင် အလုပ်လက်မဲ့ဖြစ်
လူစုလူဝေးပွဲများ ရွှေ့ဆိုင်းရန် အစိုးရဌာနများကို ကျန်းမာရေးဝန်ကြီးဌာန စာပို့