COVID-19 အတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ပြည်သူလူထု ရင်ဆိုင်နေရသည့် လူမှုစီးပွား အခက်အခဲများကို ချက်ချင်း ဖြေရှင်းပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်၊ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၏ အရေးကြီးအဆို တင်ပြချက်ကို လွှတ်တော်မှ လက်မခံကြောင်း သတင်း ရရှိသည်။
အရေးကြီး အဆိုတင်ပြချက်တွင် မြန်မာနိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအနေဖြင့် ရောက်လာခဲ့ပါက ချက်ချင်းတုန့်ပြန် ဆောင်ရွက်ရန်၊ အမှန်တကယ် ကူးစက်ခံရပါက မည်သို့ တုန့်ပြန်ဆောင်ရွက်မည်ကို အဆင်သင့် လုပ်ထားရန်၊ လိုအပ် ကြောင်း၊ လူနာများ ထားရှိရန်၊ ကုသရန် လိုအပ်သည့် ဆေးဝါးများ အစရှိသည်များကို ကြိုတင် ဆောင်ရွက်ရန် စသည့် အချက်များ ပါရှိသည်ဟု သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက “နိုင်ငံတကာ အဖွဲ့အစည်းတွေရော၊ ပြည်တွင်းမှာ ရှိတဲ့ လူမှုရေး အ သင်းအဖွဲ့တွေရော၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ရော အားလုံး ပေါင်းစည်းပြီးတော့ ရေးထားတဲ့ အဆိုမှာ မဟာဗျူဟာ တရပ်ကို ရေးဆွဲထားတာပါ” ဟု ယမန်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းကမူ ကော်မတီ များ ဖွဲ့စည်း၍ လိုအပ်သည်များကို ဆောင်ရွက်လျက် ရှိသည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှလည်း အချိန်နှင့် တပြေးညီ ထုတ်ပြန် ကြေညာပေးနေကြောင်း၊ လုပ်သင့် လုပ်ထိုက်သည်များကို ဆောင်ရွက်ပေးနေသည့်အတွက် အရေးကြီး အဆိုတရပ် အနေဖြင့် တင်သွင်းရန် မလိုအပ်ကြောင်း ပြောသည်။
NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းက “နိုင်ငံတော် အတိုင်ပင်ခံ က်ိုယ်တိုင်လည်း မ်ိန့်ခွန်း တွေ ပြောထားတယ်။ စီးပွားရေးက ဘာ၊ ကျန်းမာရေးက ဘာ စသည်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနကလည်း ဘာမှ မလုပ် ဘဲ အိပ်နေတာ မဟုတ်ဘူး ဒီလိုတွေ လုပ်နေတဲ့ အတွက် အရေးကြီး အဆိုတင်စရာ မလိုအပ်ပါဘူး” ဟုပြောသည်။
အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့် မြန်မာနိုင်ငံအတွင်း လူစုလူဝေး မပြုလုပ်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို စောင့်ကြည့်ရန်နှင့် ညွှန်ကြားချက် အတိုင်း လိုက်နာရန် အစရှိသည်များကို မြန်မာ့အသံ ရုပ်မြင်သံကြားနှင့် ရေဒီယို၊ ပုဂ္ဂလိက သတင်းဌာန များကလည်း အရေးကြီး သတင်းတရပ် အနေဖြင့် ဖော်ပြလျက်ရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID -19 နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး မိန့်ခွန်းတွင် လူထုများ စိုးရိမ်ရန် မလွန်ကဲစေရန်နှင့် သတင်းအမှားကို မယုံကြည်ကြရန် အစရှိသည်တို့ကို မတ်လ ၁၆ ရက်နေ့ ညပိုင်းတွင် ပြောသည့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အဓိက ထုတ်ပြန်ချက်ထဲတွင် အဆိုပါ ရောဂါပိုးကို ကြိုတင် ကာကွယ်နိုင်ရန် အ တွက် လိုက်နာရမည့် အချက်များမှာ ချောင်းဆိုး၊ နှာချေသည့်အခါ ပါးစပ်၊ နှာခေါင်းကို အုပ်ရန်၊ လက်ကို မကြာခဏ ဆေး ရန်၊ လူစုလူဝေးနေရာများကို သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန်နှင့် ရောဂါ လက္ခဏာ ပြနေသူများကို တွေ့ရှိပါက ကျန်းမာရေး ဝန်ကြီးဌာနကို အသိပေးအကြောင်းကြားရန် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၃၁ ရက်မှ မတ်လ ၁၈ ရက်နေ့ အထိ COVID-19 သံသယလူနာ ၁၅၇ ဦးရှိကြောင်း မတ်လ ၁၈ ရက် ညပိုင်းက ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။
တရုတ်နိုင်ငံမှ စတင် ဖြစ်ပွားခဲ့သည့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) သည် ယနေ့အထိ ကမာ္ဘ့နိုင်ငံ ၁၅၉ နိုင်ငံ အထိ ပြန့်ပွားလျက် ရှိပြီး ကူးစက်ခံရသူ ၁ သိန်း ၈ သောင်းကျော်ရှိပြီး သေဆုံးသူ ၇၅၀၀ ကျော် ရှိနေပြီ ဖြစ်သည်။
ဆက်စပ်လင့်
COVID-19 ကြောင့် ဈေးဝယ်စင်တာများ ပိတ်သိမ်းရန်မရှိသေး
ကိုရိုနာ ဂယက်က အမေရိကန်ရောက် မြန်မာတွေအပေါ် ဘယ်လောက်ထိ ရိုက်ခတ်နေလဲ
ကိုရိုနာဗိုင်းရပ်စ် သတင်းမှားဖြန့်ချိပါက ထိရောက်စွာ အရေးယူမည်